ဒုတိယ ဗိုးဝါးစစ်ပွဲ

အာဖရိကတိုက် တောင်းပိုင်းရှိ ဗိုးဝါးပြည်နယ်များဖြစ်သော ဩရိန်းဖရီး စတိတ်နှင့် ထရန်စဗားပြည်နယ်များနှင့်ဗြိတိသျှ အစိုးရတို့၁၈၉၉ ခုနှစ်မှ ၁၉၂ဝ ခုနှစ်အတွင်း ဖြစ်ပွားသောစစ်ပွဲကိုဗိုးဝါးစစ်ပွဲဟုခေါ်သည်။ ထိုစစ်ပွဲကို တောင်အာဖရိကစစ်ပွဲ ဟုလည်းခေါ်ကြသည်။

ဗိုးဝါးဟူသော စကားမှာ ဒတ်ချ်ဘာသာဖြင့် လယ်သမားဟု ခေါ်ခြင်းဖြစ်သည်။၁၆၅၂ ခုနှစ်ခန့်က ဟော်လန်နိုင်ငံမှ ဒတ်ချ်လူမျိုးတစုသည်အာဖရိကတိုက်တောင်ပိုင်း ဒေသများသို့သွားရောက်၍ လယ်ယာစိုက်ပျိုးခြင်းဖြင့် အခြေစိုက်နေထိုင်ကြသည်။ ထိုသူတို့မှ ဆင်းသက်သူများကိုဗိုးဝါးဟုခေါ်ကြ သည်။ ၁၇၉၆ ခုနှစ်တွင် အာဖရိကတိုက်ရှိ ဗိုးဝါးတို့၏ဒေသ သစ်များကို ဗြိတိသျှတို့ဝင်ရောက်သိမ်းပိုက်သည်။ ဗြိတိသျှ အုပ်ချုပ်သည်ကို မလိုလားသူတို့သည် ၁၈၃၆ ခုနှစ်တွင် သူတို့၏ ဒေသများကို စွန့်၍ ထိုထက်မြောက်ဘက်ကျသော ဒေသ များတို့ပြောင်းရွှေ့ကာ အိုးသစ်အိမ်သစ် ထူထောင်ကြသည်။ ထိုသေကိုလည်း တောင်အာဖရိကသမ္မတနိုင်ငံနှင့် ဩရိန်း ဖရီးစတိတ်ဟူ၍ ကိုလိုနီနိုင်ငံသစ် တည်ထောင်သည်။ တောင်အာဖရိကသမ္မတနိုင်ငံဟု ခေါ်သောဒေသသည်နောင်အခါ ထရန်စဗားပြည်နယ်ဟု တွင်လာသည်။

၁၈၈၄ ခုနှစ်တွင် တောင်အာဖရိကသမ္မတနိုင်ငံ၌ ရွှေတွင်းများ တွေ့သည့်သတင်းကြောင့် နိုင်ငံခြားသားများ အများအပြားပင် ထိုဒေသထဲသို့ဝင်ရောက်လာကြသည်။ ထိုနိုင်ငံခြားသားများမှာ အများအားဖြင့် ဗြိတိသျှ လူမျိုးများဖြစ်ကြသည်။ ဗိုးဝါးတို့ကလည်း သူတို့၏ အုပ်ချုပ်ရေးတွင် ဗြိတိသျှတို့ဝင်ရောက်ခြယ်လှယ်မည်ကို စိုးရွံ့ကြသည်။ ထို့ကြောင့် တောင်အာဖရိကသမ္မတနိုင်ငံ၏ သမ္မတ ပေါကရူးဂါး က နိုင်ငံခြားသားများအားချုပ်ချယ်ကန့်သတ်သည့် ဥပဒေများကို ပြုလုပ်လေသည်။ ထိုအခါနိုင်ငံခြားသားများကလည်း မခံမရပ်နိုင်ဖြစ်ကာ၊ အခွင့်အရေး ပိုပေးရန်ဆူပူတောင်းဆိုကြသည်။ နိုင်ငံခြားသားတို့ဘက်မှ ဗြိတိသျှတို့ကအားပေးလေသည်။

ယင်းတို့ဖြင့် ထိုအရေးမှာ ဗိုးဝါးတို့နှင့် နိုင်ငံခြားသားတို့အင်အားပြိုင်ကြသည့်အခြေမှ၊ ဗိုးဝါးနှင့် ဗြိတိသျှတို့အင်အားပြိုင်သည့် အခြေသို့ဆိုက်ရောက်သွားလေသည်။ ၁၈၉၆ ခုနှစ် တွင် လက်နက်စွဲကိုင် တိုက်ခိုက်ကြသည့် အခြေသို့ရောက် လာသည်။ အင်္ဂလိပ်လူမျိုး ဂျိမ်းဆန်ဆိုသူက လက်နက်ကိုင် တိုင်ခိုက်ရေးကို ဦးဆောင်ခဲ့ရာ၊ ယင်းထကြွမှုကိုဂျိမ်းဆန်တိုက်ပွဲဟု ခေါ်ကြ၏။ ထိုအရေးတွင်ဂျိမ်းဆန်တို့ဘက်ကရှုံးနိမ့်သွားလေသည်။ သို့ရာတွင် ဗြိတိသျှနှင့် ဗိုးဝါးတို့အရေးသည်ပြီးငြိမ်းသွားခြင်း မရှိချေ။

နောက်ဆုံး၌ ၁၈၉၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက် နေ့တွင် ဗြိတိသျှ ဗိုးဝါးတို့စစ်စတင်တိုက်ခိုက်ကြသည်။ ဩရိန်း ဖရီးစတိတ်ပြည်နယ်သည် ဗိုးဝါးတို့နှင့် ပူးပေါင်းကာ ဗြိတိသျှအား တိုက်ခိုက်လေသည်။ ထိုစစ်ပွဲတွင် ကြီးကျယ်သော တိုက်ပွဲကြီးများမရှိလှချေ။ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ထောင်ဖမ်း၍တိုက်ခြင်း၊ မြို့ကြီးများကို ဝိုင်းရံပိတ်ဆို့ခြင်းများသာ များလေသည်။ စစ်ပွဲ၏ အစတွင်ဗိုးဝါးတို့က အရေးသာလေသည်။ ဗိုးဝါးတို့သည် အပစ်အခတ်ကျွမ်းကျင်ပြီးလျှင် ထိုဒေသတို့၏ အကြောင်းရင်းကိုကောင်းစွာသိသူများဖြစ်ကြ၏။ ဗိုးဝါး တို့ဘက်မှ ဒီဗစ်၊ လူဝီဗိုတာ၊ ဒလာရေး စသည့် ဗိုလ်ချုပ်ကြီးများက အုပ်ချုပ်တိုက်ခိုက်၏။ ဗြိတိသျှတို့သည် ၁၈၉၀ ပြည့်နှစ် ဇန်နဝါရီလတိုင်အောင် ဗိုးလဝါးတို့ဖိနှိပ်တိုက်ခိုက်ခြင်းကိုသာ ခံနေရလေသည်။

၁၉ဝဝ ပြည့်နှစ် ဇန်နဝါရီလတွင် လော့ရောဗတ်နှင့် လော့ကစ်ချနာတို့ဦးစီးသည့်အင်အားကြီးမားသော ဗြိတိသျှ တပ်သစ်များရောက်လာလေသည်။


ထိုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဗိုးဝါးစစ်ဗိုလ်ချုပ်ကြီး ကရွန်ယီနှင့်တပ်သား ၄ ထောင်ခန့်သည် ပါးဒီဗတ်၌ လက်နက်ချကြရလေ သည်။ထိုနှစ်မတ်လ ၁၃ ရက်နေ့တွင် ဩရိန်းဖရီးစတိတ်ပြည်နယ်၏ မြို့တော်ဗလွမ်း ဖွန်တိန်းမြို့ကို လော့ရော ဗတ်က ချီတက်သိမ်းပိုက်ကာ ယင်းပြည်နယ်ကို ဗြိတိသျှပိုင်အဖြစ် ကြေညာနိုင်ခဲ့သည်။

လော့ရောဗတ်ခေါင်းဆောင်သော ဗြိတိသျှစစ်တပ်များသည် မြောက်ဘက်သို့ချီတက်ကာ ဂျိုဟက်စဗတ်မြို့ကို သိမ်းပိုက်သည်။ ထိုနောက် ဇွန်လ၅ ရက်နေ့တွင် တောင်အာဖရိက သမ္မတနိုင်ငံ၏မြို့တော် ပရီတိုးရီးယားမြို့ကို သိမ်းပိုက်ပြန်လေ သည်။ ထိုနှစ်စက်တင်ဘာလတွင် ဗိုးဝါးဗိုလ်ချုပ်က ဗိုတာနှင့် လက်အောက်ခံတပ်များကို လော့ရောဗတ်က လက်နက်ချစေ၍၊ တောင်အာဖရိကသမ္မတနိုင်ငံကိုထရန်စဗားပြည်နယ်ဟု အမည်ပြောင်းကာ ဗြိတိသျှပိုင်အဖြစ် ကြေညာသည်။

ကျန်ဗိုးဝါးတပ်များသည် တောခိုသွားကာ ပြောက်ကျား စံနစ်ဖြင့်တိုက်ခိုက်သေးသည်။ ထိုအချိန်တွင် လော့ရောဗတ် သည် အင်္ဂလန်သို့ပြန်သွား၍ လော့ကစ်ချနာက ဗြိတိသျှ တပ်များကို ဦးစီးတိုက်ခိုက်လျက်ရှိသည်။ လော့ကစ်ချနာသည် ဗိုးဝါးတို့၏ပြောက်ကျားစစ်ဆင်မှုကို အစွမ်းကုန် နှိမ်နင်းလိုက်ရာ ၁၉ဝ၂ ခုနှစ် မေလ ၃၁ရက်နေ့တွင် ဗိုးဝါးစစ်ပွဲသည် အဆုံးသတ် အပြီးတိုင် ရောက်ခဲ့လေသည်။ ဗိုးဝါးတို့သည် တပ်သားအင်းအား ၉၅ဝဝဝ မျှနှင့် ဗြိတိသျှတို့၏ ၂ဝဝဝဝဝ ကျော်ရှိသော တပ်ကို၃ နှစ်မျှ ကြံ့ကြံ့ခံ၍တိုက်ခိုက်ခဲ့သည်။ ပရီတိုးရီးယားမြို့၌ ၁၉ဝ၂ ခုနှစ်မေလ ၃၁ ရက်နေ့တွင် ချုပ်ဆိုသော ဖာရေး နစ်ဂင်းစာချုပ် အရ၊ထရန်စဗားနှင့် ဩရိန်းဖရီးစတိတ်တို့သည် ဗြိတိသျှ ကိုလိုနီများ ဖြစ်လာကြသည်။ ဗိုးဝါးတို့လည်း ဗြိတိသျှအစိုးရ သစ္စာခံများအဖြစ် ခံယူကြသည်။ သို့သော် ၁၉ဝ၆ ခုနှစ်တွင် အင်္ဂလန်ပြည်၌ လစ်ဗရယ်ပါတီ ကြီးစိုးလာသောအခါ၊ထိုပြည်နယ် ၂ ခုနယ်ကို တာဝန်ခံ အုပ်ချုပ်ရေးပေးအပ်သည်။ ပြည်နယ်များတွင်ဗိုးဝါး စစ်ကြောင့် ပျက်စီးရသည့်အတွက်ဒေါ်လာ ၁၅ဝဝဝဝဝဝ လျော်ကြေးအဖြစ်ဗြိတိသျှတို့က ပေးလေသည်။ကျောင်းများ၌လည်း ဒပ်ချဘာသာကို သင်ခွင့် ပြုသည်။ ယင်းသို့ဗြိတိသျှအစိုးရ၏ သက်ညှာမှုများကြောင့် ဗိုးဝါးနှင့် ဗြိတိသျှ ဆက်ဆံရေးသည်အထူးပင်ကောင်းမွန်လာသည်။ ၁၉၁ဝ ခုနှစ်တွင် ထိုပြည်နယ် ၂ နယ်သည် တောင်အာဖရိကပြည်ထောင်စု နိုင်ငံအတွင်း၌ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်များဖြစ်လာလေသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ