ပဋိပတ်
[၁](၁) (က) အကျင့်၊ ပဋိပတ်၊ ကျင့်ကြံ-အားထုတ်–မှု၊ ကျင့်ကြံ-အားထုတ်-အပ်သော အမှုအလုပ်, တရား၊ လိုအပ်သော အကျိုး-ကို-သို့-ရောက်ကြောင်း ရကြောင်း-ဖြစ်သော အမှုအလုပ်, တရား။ သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ်ကို ကျင့်ကြံအားထုတ်မှုကို သို့မဟုတ် ကျင့်ကြံအားထုတ်အပ်သော သီလ, သမာဓိ, ပညာ သိက္ခာ သုံးရပ်ကို “အကျင့်ပဋိပတ်”ဟု ခေါ်၏ [၂]။ [၃]
၁၃-ပါးသော ဓုတင်အကျင့်များ၊ ဝတ္တက္ခန္ဓက, ကမ္မက္ခန္ဓက, ပါရိဝါသိကက္ခန္ဓက [၄]တို့၌ ဟောတော်မူအပ်သော ကျင့်ဝတ်များနှင့် သီလ သမာဓိ ဝိပဿနာပညာတို့ကို “အကျင့်ပဋိပတ်”ဟု ခေါ်၏ [၅]။
လောကုတ္တရာတရားကို ရစေနိုင်သည့် မှန်ကန်သော အကျင့်, လောကုတ္တရာတရားအား ထိုက်တန်လျော်ကန်သော အကျင့် စသည်နှင့် သတိပဋ္ဌာန်, သမ္မပ္ပဓာန်, ဣဒ္ဓိပါဒ်, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင် လောကီအဋ္ဌင်္ဂိကမဂ် တရားတို့ကို “အကျင့်ပဋိပတ်”ဟု ခေါ်၏ [၆]။
အချုပ်အားဖြင့် လောကုတ္တရာတရားကိုရရန် ကျင့်ကြံအားထုတ် ပြုလုပ်အပ်သည့် အမှုအလုပ် တရားမှန်သမျှကို “အကျင့်ပဋိပတ်”ဟု ခေါ်ဆိုအပ်သည် [၇]။
လူလူ ရှင်ရှင် အစဉ်သဖြင့်အား ထားကိုးစားရမည့်အရာသည် မှန်ကန်သော အကျင့်ပဋိပတ်သာဖြစ်၏ [၈]။
အကျင့်ပဋိပတ်၏ အခြေခံ အကြောင်းရင်းသည် ပရိယတ်ဖြစ်၍ အကျိုးတရားကားမဂ်, ဖိုလ်, နိဗ္ဗာန်ဖြစ်၏၊ ထိုအကျိုးတရားကို အကျင့်ပဋိပတ်ဖြင့်သာ ရရှိနိုင်သည်[၉]။
ဤသာသနာတော်၌ ပဋိပတ်၏ အရသာကို သာယာခံစားလိုသူသည် ပဋိပတ်လုပ်ငန်းကို နောက်မဆုတ်တမ်း ကြိုးပမ်းအားထုတ် အပ်၏ [၁၀]။
ပဋိပတ်လုပ်ငန်းကို တကယ်တမ်း ကြိုးပမ်းအားထုတ် ပြုလုပ်၍ သောတာပန်အရိယာစသည့် အထက်တန်းစား ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ပြီးသူတို့သည် ပြုလုပ်အားထုတ်ခဲ့သည့် ပဋိပတ်လမ်းစဉ်ကို အစဉ်အဆက်ဆက်လက်ဟောပြနေ သမျှ ကာလပတ်လုံး ပဋိပတ်မပျောက်ကွယ်ဘဲ ဤကမ္ဘာလောကကြီးသည် အရိယာသူတော်ကောင်းတို့ဖြင့် တင့်တယ်လှပနေမည်သာဖြစ်သည် [၁၁] [၁၂][၃]
(ခ) ကျင့်ဝတ်၊ ဝတ္တရား၊ ပြုကျင့်–လုပ် ဆောင်-ရသော ဝတ်ကြီး, ဝတ်ငယ်။ [၁၃] [၃]
(ဂ) ကျင့်ဝတ်၊ စည်းကမ်း၊ ပြုကျင့်-လိုက်နာ—ရသော-ကျင့်ဝတ်-စည်းကမ်း။ [၁၄] [၃]
(ဃ) ပြုကျင့်-ပြုလုပ်အားထုတ်-ခြင်း။ [၁၅] [၃]
(၂) ရခြင်း၊ ရောက်ခြင်း။ [၁၆]
(၃) သွားခြင်း။ [၁၇]
အကျင့်-ပဋိပတ်၏ ကွယ်ပျောက်ခြင်း
(အကျင့်ပဋိပတ်ကွယ်ပျောက်မှု “ပဋိပတ္တိအန္တရဓာန”သည် မဂ်ဖိုလ်ကွယ်ပျောက်မှု “ပဋိဝေဓအန္တရဓာန” ဖြစ်ပြီးနောက်မှ ဖြစ်သည်၊ မဂ်ဖိုလ်ကွယ်ပျောက်မှု “ပဋိဝေဓအန္တရဓာန” ဖြစ်ပြီးနောက် “တမဂ်တဖိုလ် ရရှိအောင် မကျင့်သုံး မစွမ်းဆောင်နိုင်ကြ၍ သီလ စင်ကြယ်မှုမျှလောက်ကိုသာ ကျင့်ဆောင် ကြကုန်၏၊ ကာလကြာညောင်း နောက်ပိုင်းခေတ်၌ သီလစင်ကြယ်မှုကိုပင် ပြည့်စုံအောင် မကျင့်သုံးမစောင့်ထိန်းနိုင် ကြတော့ဘဲ သေးငယ်သော သိက္ခာပုဒ်များကို လွန်ကျူးကျော်နင်းလာကြကုန်၏၊ တဖြည်း ဖြည်းနှင့် ပါစိတ်, ထုလ္လစည်း, သံဃာဒိသိသ် အပြစ်များသို့ တိုင် ရောက်ကြကုန်၏၊ ပါရာဇိက သိက္ခာပုဒ်မျှကိုသာ ကျင့်သုံး စောင့်ထိန်း ကြတော့၏၊ ပါရာဇိကသိက္ခာပုဒ်ကို ကျင့်သုံး စောင့်ထိန်းသူ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ ရှိနေသေးလျှင် “အကျင့်ပဋိပတ်ကွယ်ပျောက် ပြီ”ဟု မဆိုရသေး၊ ပါရာဇိကသိက္ခာပုဒ်ကို ကျင့်သုံးစောင့်ထိန်းသူ နောက်ဆုံးပုဂ္ဂိုလ်၏ သီလပျက်စီးခြင်း သို့မဟုတ် သေဆုံးကွယ်လွန် ခြင်းဖြစ်သောအခါမှသာလျှင် အကျင့်ပဋိပတ်ကွယ်ပျောက်ပြီဟု ဆိုရသည်။ [၂၀][၃]