ဘာဝနာ
ဘာဝနာ ၂-မျိုး
ဘာဝနာသည်-သမထဘာဝနာ ဝိပဿနာဘာဝနာအားဖြင့် ၂-မျိုးရှိ၏။
ထိုတွင် နီဝရဏတို့ကို ငြိမ်းစေတတ်သော “သမာဓိ”ကို ပွားများခြင်းသည် သမထဘာဝနာမည်၏။ ကိလေသာအားလုံးကိုလည်းကောင်း အခြား ရုန့်ရင်းသော ဝိတက်စသော တရားများကိုလည်းကောင်း ငြိမ်းစေတတ်သော “သမာဓိ”ကို ပွားများခြင်းသည် သမထဘာဝနာမည်၏။
တေဘူမက ရုပ်နာမ် ဓမ္မ သင်္ခါရတရားတို့ကို “အနိစ္စ, ဒုက္ခ အနတ္တ” ဟု အဖန်ဖန်ရူတတ် ရှုကြောင်း ဖြစ်သော ပညာသည် “ဝိပဿနာဘာဝနာ” မည်၏။ [၉][၈]
ဘာဝနာ ဝိဂြိုလ်များ
ဘာဝေတဗ္ဗာတိ ဘာဝနာ။ ဘာဝေတဗ္ဗာ၊ မိမိသန္တာန်၌ ဖြစ်စေအပ် တိုးပွားစေ အပ်ကုန်၏။ ဣတိ၊ ထို့ကြောင့်။ ဘာဝနာ၊ ဘာဝနာမည်၏။
ဘာဝေန္တိ ဝါ စိတ္တသန္တာနံ ဧတာဟီတိ ဘာဝနာ။ ဧတာဟိ၊ ထိုသမာဓိပညာ တို့ဖြင့်။ စိတ္တသန္တာနံ၊ စိတ်အစဉ်ကို။ ဘာဝေန္တိ၊ တိုးပွားစေတတ်ကုန်၏။ ဣတိ၊ ထိုသို့ တိုးပွားစေကြောင်းဖြစ်သော သတ္တိကြောင့်။ ဘာဝနာ၊ ဘာဝနာမည်၏၊ [၁၀][၈]
လောကီ, လောကုတ္တရာ
လောကီဘာဝနာ, လောကုတ္တရာဘာဝနာအားဖြင့် ၂-မျိုး။ ထိုတွင် လောကီ သီလ, သမာဓိ, ပညာကို ဖြစ်စေခြင်း, မိမိသန္တာန်ကို ထိုသီလ, သမာဓိ, ပညာတို့ဖြင့် ထုံခြင်းသည် လောကီဘာဝနာ မည်၏။
လောကုတ္တရာ သီလ, သမာဓိ, ပညာကို ဖြစ်စေခြင်း, မိမိ သန္တာန်ကို ထိုသီလ, သမာဓိ, ပညာတို့ဖြင့် ထုံခြင်းသည် လောကုတ္တရာ ဘာဝနာမည်၏။ [၁၁]။ [၈]
ကာယဘာဝနာ စိတ္တဘာဝနာအားဖြင့် ၂-မျိုး
ထိုတွင် ဝိပဿနာသည် “ကာယဘာဝနာ”မည်၏။ သမထသည် “စိတ္တဘာဝနာ”မည်၏။ နိဂဏ္ဌတို့ကား ပဉ္စာတပ စသောအကျင့်, အတ္တကိလမထာနုယောဂ အကျင့်ကို “ကာယဘာဝနာ” ဟု ဆိုကြသည်။ [၁၂][၈]
ဘာဝနာ ၃-မျိုး
ပရိကမ္မဘာဝနာ, ဥပစာရဘာဝနာ, အပ္ပနာဘာဝနာအားဖြင့် ၃-မျိုး။
ထိုတွင် သက်ဆိုင်ရာ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို အာရုံပြု၍ ပထဝီ-ပထဝီ စသည်ဖြင့် နှုတ်မြွက်၍လည်းကောင်း၊ စိတ်ထည်းက မှန်း၍ လည်းကောင်း၊ ရှေးဦးစွာ စီးဖြန်းပွားများမှုသည် ပရိကမ္မဘာဝနာမည်၏။
ကမ္မဋ္ဌာန်း လေးဆယ်စလုံး (ကမ္မဋ္ဌာန-ကြည့်) မည်သည့်ကမ္မဋ္ဌာန်းမဆို ပရိကမ္မဘာဝနာနှင့် ကင်း၍မဖြစ်နိုင်၊ ပရိကမ္မဘာဝနာကို စတည်၍သာ အထက်အထက်ဘာဝနာသို့ တက်ကြရသည်။ အပ္ပနာ(ဈာန်)၏ ရှေ့အဖို့ ဖြစ်သော ကာမာဝစရ ဘာဝနာအားလုံးကို ပရိကမ္မဘာဝနာ ဟုချည်း ခေါ်ဆိုနိုင်၏။
သို့ရာတွင် အပ္ပနာ၏ အနီးဖြစ်သော ဘာဝနာကို ဥပစာရဘာဝနာဟု နာမည် ပေး၍ အပ္ပနာ၏ အဝေးဖြစ်သော ဘာဝနာကို ပရိကမ္မဘာဝနာဟု နာမည်ပေးထားကြောင်း ပရမတ္ထဒီပနီ(၄၁၆)၌ ဆိုထားသည်။ နီဝရဏ တရားတို့ကို တဒင်္ဂပဟာန်ဖြင့် ပယ်ခွာသည်မှ စ၍ ဂေါတြဘု အဆုံးတိုင်အောင်သော ကာမာဝစရဘာဝနာသည် “ဥပစာရဘာဝနာ”မည်၏။
မဟဂ္ဂုတ်အဖြစ်သို့ ရောက်သော ဘာဝနာသည် “အပ္ပနာဘာဝနာ” မည်၏။ ဗုဒ္ဓါနုဿတိ စသော အနုဿတိ ၈-ပါး, အာဟာရေ ပဋိကူလသညာ, စတုဓာတုဝဝတ္ထာန် ဤကမ္မဋ္ဌာန်း ၁၀-ပါးကို အားထုတ်ရာ၌ ဥပစာရဘာဝနာတိုင်အောင်သာ ပြည့်စုံနိုင် ရနိုင်၏၊ အပ္ပနာဘာဝနာခေါ်သော ဈာန်ကို မရနိုင်။ [၁၃] [၈]
ဘာဝနာ ၃-မျိုး တနည်း
စိတ္တဘာဝနာ, သီလဘာဝနာ, ကာယဘာဝနာအားဖြင့် ၃-မျိုး။
ထိုတွင် ရတနာသုံးပါး၏ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်းဖြင့် စိတ် ကို ပွားများခြင်းသည် “စိတ္တဘာဝနာ”မည်၏။
သီလကိုပွားများ အားထုတ်ခြင်းသည် “သီလဘာဝနာ” မည်၏။
၃၂-ကောဋ္ဌာသဟူသော ကိုယ်ကိုပွားများခြင်းသည် “ကာယဘာဝနာ”ဘာဝနာ မည်၏။ [၁၄] [၈]
နောက် ဘာဝနာ ၃-မျိုး
ကာယဘာဝနာ, စိတ္တဘာဝနာ, ပညာဘာဝနာအားဖြင့် ၃-မျိုး။
ထိုတွင် ရဟန္တာပုဂ္ဂိုလ်၏ ငါးဒွါရ၌ဖြစ်သော ဖဿစသာ တရားအပေါင်းသည် “ကာယဘာဝနာ” မည်၏။ ထိုဖဿစသောတရား အပေါင်းကို ရဟန္တာပုဂ္ဂိုလ်သည် ဧကန်မုချ ပွားစေအပ်ပြီးဖြစ်၏။
သမာပတ်ရှစ်ပါးသည် “စိတ္တဘာဝနာ” မည်၏။
အခြား ဘာဝနာ ၃-မျိုးများ
ရူပါဝစရကုသလဘာဝနာ, အရူပါဝစရကုသလဘာဝနာ, အပရိယာပန္နကုသလဘာဝနာအားဖြင့် ၃-မျိုး။
ထိုတွင် ရှေ့နှစ်ပါး၌ ဟီန, မဇ္ဈိမ, ပဏီတ-ဟု သုံးမျိုးစီထပ်မံ ကွဲပြားပြန်၏။
အပရိယာပန္နကုသလဘာဝနာ ၌မူ ပဏီတဘာဝနာ တစ်မျိုးသာရှိ၏။ [၈]
ဘာဝနာ ၄-မျိုး
ဧသနာ, ပဋိလာဘ, ဧကရသ, အာသေဝနာဟူသော ဘာဝနာ ၄-မျိုး။
ထိုတွင် အပ္ပနာကို ရှာမှီးကြောင်း ဖြစ်သောကြောင့် အပ္ပနာ၏ရှေ့အဖို့၌ ဖြစ်သောဘာဝနာသည် ဧသနာဘာဝနာ မည်၏။
ရှာမှီးခြင်းကြောင့် ရလာသော အပ္ပနာ ဘာဝနာသည် ပဋိလာဘဘာဝနာ မည်၏။
ရရှိပြီးနောက် ဝသီဘော်သို့ ရောက်လို သောသူ၏ အားထုတ်ရာအခါ၌ ဖြစ်သောဘာဝနာသည် ဧကရသဘာဝနာမည်၏။ (ထိုသို့ ပဟာန်ဖြင့် ထိုထိုကိလေသာတို့မှ လွတ်မြောက်ရကား ဝိမုတ္တိရသဖြင့် တစ်ခုသော ကိစ္စရှိသောကြောင့် ဧကရသဘာဝနာဟု ခေါ်သည်၊)
ရရှိပြီးနောက် ဝသီဘော်သို့ ရောက်ရှိပြီးသော သူ၏ အလိုရှိတိုင်း သုံးဆောင်ရာအခါ၌ ဖြစ်သော ဘာဝနာသည် အာသေဝနာ ဘာဝနာမည်၏။ (ပြင်းထန်စွာ မှီဝဲအပ် ထုံအပ်သောကြောင့် အာသေဝနာ ဘာဝနာဟုခေါ်သည်။) [၁၆] [၈]
ဘာဝနာ ၄-မျိုး တနည်း
ကာယဘာဝနာ, သီလဘာဝနာ, စိတ္တဘာဝနာ, ပညာဘာဝနာအားဖြင့် ၄-မျိုး။
ထိုတွင် သမ္မာကမ္မန္တ, သမ္မာအာဇီဝမဂ္ဂင်နှစ်ပါးဖြင့် ကိုယ်ကိုပွားများခြင်းသည် “ကာယဘာဝနာ”မည်၏
သမ္မာဝါစာ သမ္မာဝါယာမ မဂ္ဂင်နှစ်ပါးဖြင့် သီလကိုပွားများခြင်းသည် သီလဘာဝနာ မည်၏။
သမ္မာသင်္ကပ္ပ သမ္မာသမာဓိမဂ္ဂင်နှစ်ပါးဖြင့် စိတ်ကိုပွားများခြင်းသည် “စိတ္တဘာဝနာ” မည်၏။
သမ္မာဒိဋ္ဌိ သမ္မာသတိမဂ္ဂင်နှစ်ပါးဖြင့် ပညာကိုပွားများခြင်းသည် “ပညာဘာဝနာ” မည်၏။ [၁၇]
သီလဘာဝနာသည် ပဋိပတ်၏အစတည်း၊ စိတ္တဘာဝနာသည် ပဋိပတ်၏အလယ်တည်း၊ ပညာဘာဝနာသည် ပဋိပတ်၏အဆုံးတည်း။ [၁၈][၈]
ဘာဝနာ အမည်ရထိုက်သည်များ
သမထဝိပဿနာဘာဝနာ ၂-မျိုး စီးဖြန်းသည့်အခါ အပ္ပနာသို့မရောက်မီ ရှေ့အဖို့ ၌ဖြစ်သော ကာမာဝစရ ကုသိုလ်စေတနာ အားလုံးကို ဘာဝနာဟုခေါ်သည်။
ဓမ္မသဝန, ဓမ္မဒေသနာ, ဒိဋ္ဌိဇုကမ္မစေတနာ, အပြစ် မရှိသော အတတ်ပညာနှင့် စာပေပရိယတ် သင်အံပို့ချမှု စဉ်းစားကြံစည်မှုများကိုလည်း ဘာဝနာဟုဆိုရသည်။ [၁၉]
အချုပ်အားဖြင့် ဗောဓိဉာဏ်သို့ ရောက်ကြောင်း အကျင့်ဟူသမျှကို “ဘာဝနာ” ဟုဆိုလို၏။ [၂၀][၈]