ဘိုလော့ဂ်နာ တက္ကသိုလ်

ဘိုလော့ဂ်နာ တက္ကသိုလ် (အင်္ဂလိပ်: University of Bologna) ကို ယူနီဘို (UNIBO) ဟုလည်း ခေါ်ကြ၍ ၁၀၈၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ယနေ့ထက်တိုင် ဆက်လက်တည်ရှိနေသည့် ရှေးအကျဆုံး တက္ကသိုလ်ကြီး တစ်ခု ဖြစ်ပါသည်။[၁]

စာသင်သားများနှင့် ဆရာများပါဝင်သည့် စာပေသင်ကြားသင်ယူသည့် အစုအဖွဲ့ကို ယူနီဗာစီတပ်စ် (Universitas) ဟူ၍ ပထမဦးဆုံး စတင်ခေါ်ဝေါ်ခြင်းမှာ ဘိုလော့ဂ်နာ တက္ကသိုလ်မှပင် စတင်ခဲ့ခြင်း ဖြစ်ပါသည်။ [၂]

သမိုင်းကြောင်း

ဘိုလော့ဂ်နာ တက္ကသိုလ် စတင်တည်ထောင်သည့်ရက်စွဲကို အတိအကျမသိရှိရသော်လည်း ၁၀၈၈ ခုနှစ်ဟု အနီးစပ်ဆုံးမှတ်ယူနိုင်ပါသည်။ တက္ကသိုလ်တည်ထောင်ရန်ချာတာကို ဘုရင် ဖရက်ဒရစ် ဘာဘရော့စ်စာမှ ၁၁၅၈ ခုနှစ်တွင် ခွင့်ပြုပေးခဲ့သည်ဟု တွေ့ရှိရပါသည်။

သို့သော် ၁၉ ရာ‌စုတွင် ဂျီယိုဆု ကာဒူစီ ဦးဆောင်သည့် သမိုင်းကော်မရှင်မှ တက္ကသိုလ်သမိုင်းကို ခြေရာခံစုံစမ်းကြသည့်အခါ ၁၀၈၈ ခုနှစ်၌ ထူထောင်ခဲ့သည်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံးတက္ကသိုလ်အဖြစ် သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။[၃]

ဘိုလော့ဂ်နာ တက္ကသိုလ်တွင် တက်ရောက်သည့် နိုင်ငံခြားကျောင်းသားများကို နိုင်ငံသားအလိုက်စု၍ တစ်စုဆီအား နေးရှင်း (Nations) ဟု ခေါ်ပါသည်။ ဆရာနှင့်တပည့် အပြန်အလှန်ထိန်းကျောင်းသည့်စနစ်ကို ကျင့်သုံးပါသည်။ တက္ကသိုလ်တွင် ပါမောက္ခများငှားရမ်းခြင်း၊ ဖြုတ်ခြင်း၊ ပါမောက္ခလစာများကို ဆုံးဖြတ်ရန်အတွက် နေးရှင်းတစ်ခုစီမှ ကျောင်းသားကိုယ်စားလှယ် နှစ်ဦးစီပါဝင်သည့် ကောင်စီမှ ဆုံးဖြတ်ပါသည်။ ပါမောက္ခများသည် သတ်မှတ်ထားသည့် အတန်းကို ပြီးဆုံးအောင် အချိန်မီမသင်နိုင်လျှင်လည်း ဒဏ်ငွေအတပ်ခံရပါသည်။

သို့သော် ပါမောက္ခများ၌လည်း အားနည်းသည်ဟု မဆိုနိုင်ပေ။ ဆရာများအဖွဲ့ဟု ရှိ၍ စာမေးပွဲကြေး သတ်မှတ်ခြင်း၊ ဘွဲ့ရရန်အတွက် လိုအပ်ချက် သတ်မှတ်ခြင်းများကို ပါမောက္ခများမှ လုပ်ပိုင်ခွင့် ရှိနေပါသည်။

နောက်ပိုင်းတွင် ထိုသို့အပြန်အလှန် ထိန်းကျောင်းနေသည့် စနစ်အား အဆုံးသတ်၍ မြို့၏ အခွန်ထဲမှ ပါမောက္ခများကို လစာပေးသည့် စနစ်ဖြင့် အစားထိုး၍ ပြည်သူ့ တက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့ပါသည်။

ဘိုလော့ဂ်နာ တက္ကသိုလ်သည် ကျမ်းစာသင်ကြားမှုနှင့် အရပ်ဘက် ဥပဒေကို သင်ကြားရာတွင် သမိုင်းဝင် ဖြစ်ပါသည်။ အထူးသဖြင့် ၁၀၇၀ ခုနှစ် ခန့်တွင် ရောမ ဥပဒေကို သင်ကြားပို့ချခဲ့၍ မြေထဲပင်လယ်ခေတ် ရောမဥပဒေ တိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိက ဗဟိုချက် ဖြစ်ခဲ့ပေသည်။[၄]

ဌာနများ

ခေတ်သစ်တွင် အဆင့်မြင့် ပညာရေးကို ဥရောပ အသိုင်းအဝိုင်းနှင့် ကိုက်ညီစေရန် ပြုပြင်ထားပါသည်။ ယခုခေတ် ဘိုလော့ဂ်နာ တက္ကသိုလ်တွင် သုံးနှစ်ကြာ ပထမ ဒီဂရီ ဘွဲ့ကြိုတန်း ၁၀၁ ခု၊ နှစ်နှစ်ကြာ ဒုတိယ ဒီဂရီ မဟာဘွဲ့တန်း ၁၀၈ ခု ရှိပါသည်။ ငါးနှစ် ဆက်တိုက် အတွဲလိုက် သင်ယူနိုင်သည့် ဘွဲ့တန်းသည်လည်း ၁၁ ခု သီးခြား ရှိသည်။ ဆေးပညာနှင့် သွားဘက်ဆိုင်ရာ ဆေးပညာရပ်ကို ခြောက်နှစ်ကြာ သင်ယူရမည် ဖြစ်သည်။ အထူးပြု ဘာသာရပ်များ ပြီးလျှင် ပါရဂူတန်းများလည်း ဆက်လက် တက်ရောက်ခွင့် ရှိသည်။

အထူးပြုကျောင်း ၁၁ ကျောင်းရှိပါသည်။

-စိုက်ပျိုးရေးနှင့် တိရစ္တာန်ဆေးပညာ၊ -စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် စာရင်းကိုင်၊ -အင်ဂျင်နီယာနှင့် ဗိသုကာ၊ -နိုင်ငံခြား ဘာသာစကားများ၊ စာပေ၊ စကားပြန်နှင့် ဘာသာပြန်၊-ဥပဒေ-ဝိဇ္ဇာ၊ လူမှုဗေဒနှင့် ယဉ်ကျေးမှု အမွေအနှစ် လေ့လာရေး-ဆေးပညာနှင့် ခွဲစိတ်ပညာ-ဆေးဝါးပညာ၊ ဇီဝနည်းပညာများနှင့် အားကစား သိပ္ပံ-နိုင်ငံရေး သိပ္ပံ-စိတ်ပညာနှင့် ပညာရေး သိပ္ပံ-သိပ္ပံ တို့ ဖြစ်ပါသည်။

ကျောင်း ၁၁ ကျောင်းအောက်တွင် အသေးစိတ် ခွဲခြားဖွင့်လှစ်ထားသည့် ဌာနပေါင်း ၃၃ ခု[၅] ရှိပါသည်။ နောက်ဆုံး တိုးသည့် ဌာနမှာ ၂၀၁၅ တွင် အသစ်ဖွင့်သည့်လက်တင် သမိုင်းဌာန ဖြစ်သည်။

ဘိုလော့ဂ်နာ တက္ကသိုလ်တွင် ကျောင်းသားပေါင်း ၈၅၀၀၀ ကျော် ရှိပါသည်။

တက္ကသိုလ် ပရဝုဏ်များမှာ ရာဘင်နာ၊ ဖော်လီ၊ ကပ်စီနာနဲ့ ရီမီနီတို့တွင် တည်ရှိ၍ အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ်တွင် စင်တာတစ်ခု တည်ထောင်ထားပါသည်။

တွဲဖက် အင်စတီကျူးရှင်းများ

၁၉၅၀ ဝန်းကျင်တွင် ဘိုလော့ဂ်နာ တက္ကသိုလ်မှ ကျောင်းသားအချို့သည် အီလ် မူလီနို စာစောင်ကို ထုတ်ဝေပါသည်။ အချိန်တို အတွင်းမှာပင် အီလ် မူလီနို စာစောင်သည် နိုင်ငံရေးနှင့် ယဉ်ကျေးမှု ဆွေးနွေးရာတွင် အဓိက ကိုးကားရာ ဖြစ်လာပါတော့သည်။ အီတလီနှင့် နိုင်ငံရပ်ခြား အယ်ဒီတာ ဆက်ဆံရေးကိုလည်း ထူထောင်နိုင်ခဲ့ပါသည်။ ၁၉၅၄ တွင် အီလ် မူလီနို စာအုပ်ထုတ်ဝေရေး တိုက်ကို ထူထောင်ခဲ့ပါသည်။ ယနေ့အထိ ထင်ရှားသည့် ထုတ်ဝေရေးတိုက်အဖြစ် ရပ်တည်လျက် ရှိပါသည်။ အီလ် မူလီနို စာစောင်သည် အစောဆုံး နိုင်ငံရေးသုတေသန စာစောင်လည်း ဖြစ်ခဲ့ပါသည်။

ဘိုလော့ဂ်နာ တက္ကသိုလ် စာအုပ်ထုတ်ဝေရေးတိုက်လည်း သီခြား ရှိပါသည်။

ကမ္ဘာ့အဆင့် သတ်မှတ်ချက်

၂၀၁၆ QS ကမ္ဘာ့တက္ကသိုလ် သတ်မှတ်ချက်တွင် ဘိုလော့ဂ်နာ တက္ကသိုလ်မှာ အဆင့် ၂၀၈ ရရှိခဲ့သည်။[၆] အီတလီ နိုင်ငံအတွင်းတွင် အဆင့် ၁ ဖြစ်သည်။

ထူးခြား ထင်ရှားသူများ

ဂလော့ဆာတာကျောင်းကို တည်ထောင်သူ အာနားရီးယပ်စ်၊ ဘုန်းတော်ကြီး ဆန်တာဘာရီ တောမတ်စ် ဘက်ကတ်၊ အီတလီ ရီနေဆွန်းခေတ်မှ ကဗျာဆရာ ပက်ထရက်ချ်၊ ပုပ်ရဟန်းမင်းကြီး ဆဋ္ဌမမြောက် အလက်ဇန်းဒါး၊ ပုပ်ရဟန်းမင်းကြီး နဝမမြောက် အင်နိုးဆင့်၊ ပုပ်ရဟန်းမင်းကြီး တေဒဿမမြောက် ဂရီဂိုရီ၊ မီလန် သူတော်စင် ချားလ်စ် ဘော်ရိုမီယို၊ ပုပ်ရဟန်းမင်းကြီး ဆယ်ငါးဆက်မြောက် ဂရီဂိုရီ၊ သိပ္ပံပညာနယ်ပယ်၌ ကမ္ဘာ့ ပထမဆုံး အမျိုးသမီး တက္ကသိုလ် ဥက္ကဋ္ဌ လော်ရာ ဘက်စီ၊ ဆိုမာလီ သံတမန်နှင့် နိုင်ငံရေးသမား ယူဆွတ် မိုဟာမက် အစ္စမေးလ်၊ မာစီဒီး ဖော်မြူလာဝမ်း ပြိုင်ကားအဖွဲ့၏ အင်ဂျင်နီယာ ဒါရိုက်တာ အယ်လ်ဒို ကိုစတာ စသူတွေ ဖြစ်ပါသည်။

၁၁ ရာစုမှ ၂၁ ရာစုအထိ သက်တမ်းရှည်ကြာခဲ့သည့် ဘိုလော့ဂ်နာ တက္ကသိုလ်မှ ထူးခြားထင်ရှားသူများ များစွာ ထွက်ပေါ်ပြီး အချို့ကိုသာ ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ