မော်စကိုဒေသ စံတော်ချိန်
မော်စကိုဒေသစံတော်ချိန် (ရုရှား: моско́вское вре́мя) သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့နှင့် စိန့်ပီတာစဘတ်မြို့အပါအဝင် ရုရှားနိုင်ငံ၏ အနောက်ဘက်ပိုင်းရှိ ဒေသများတွင် အသုံးပြုသော စံတော်ချိန်ဖြစ်သည်။ ရုရှားနိုင်ငံရှိ အချိန်ဇုန် ၁၁ ခုရှိသည်အနက် ဒုတိယမြောက် အနောက်ဘက်စွန်းကျသည့် အချိန်ဇုန်ဖြစ်သည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ UTC+3 ကို အမြဲတမ်းအသုံးပြုခဲ့ကြပြီး[၁] ထိုမတိုင်မီအချိန် ၂၀၁၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ထိ UTC+4 ကို အသုံးပြုခဲ့ကြသည်။[၂]
USZ1 | ကာလင်နင်ဂရတ် စံတော်ချိန် | UTC+2 | (MSK–1) | |
MSK | မော်စကို စံတော်ချိန် | UTC+3 | (MSK±0) | |
SAMT | ဆာမာရာ စံတော်ချိန် | UTC+4 | (MSK+1) | |
YEKT | ယဲ့ကာကျယ်ရင်ဘုဂ် စံတော်ချိန် | UTC+5 | (MSK+2) | |
OMST | အုမ်းစ်ခ် စံတော်ချိန် | UTC+6 | (MSK+3) | |
KRAT | ကရာစနိုရာ့စ် စံတော်ချိန် | UTC+7 | (MSK+4) | |
IRKT | အီကုစ်ခ် စံတော်ချိန် | UTC+8 | (MSK+5) | |
YAKT | ယာကုစ်ခ် စံတော်ချိန် | UTC+9 | (MSK+6) | |
VLAT | ဗလာဒီဗော့စတော့ စံတော်ချိန် | UTC+10 | (MSK+7) | |
MAGT | မာဂါဒန် စံတော်ချိန် | UTC+11 | (MSK+8) | |
PETT | ကမ်ချသကာ စံတော်ချိန် | UTC+12 | (MSK+9) |
မော်စကိုဒေသစံတော်ချိန်ကို ရုရှားတနိုင်ငံလုံး၏ ရထားနှင့် သင်္ဘောအချိန်များတွင် အသုံးပြုကြပြီး လေယာဉ်အချိန်ကိုတော့ ဒေသစံတော်ချိန်ဖြင့်သာ ပျံသန်းခြင်းကို လုပ်ဆောင်သည်။ ရုရှားနိုင်ငံ၏ အချိန်များကို ရေဒီယိုအသံလွှင့်ဌာနများမှ နိုင်ငံတစ်နိုင်ငံလုံးသို့ ရုရှားစံတော်ချိန်အဖြစ် မကြာခဏထုတ်လွှင့်ကြေညာလေ့ရှိပြီး ကြေးနန်းများကိုလည်း မှတ်ပုံတင်ရာတွင် ထိုစံတော်ချိန်ဖြင့်သာ မှတ်ပုံတင်ကြသည်။ ရုရှားနိုင်ငံ၏ အချိန်ဇုန်များကို ဖော်ပြရာ၌ UTC ထက်စာလျှင် မော်စကိုစံတော်ချိန်ကိုသာ အခြေပြု၍ ဖော်ပြခြင်းကို ပြုလုပ်လေ့ရှိသည်။ ဥပမာအားဖြင့် ယာကုစ်ခ်ဒေသစံတော်ချိန်ကို ဖော်ပြရာတွင် UTC+9 အစား MSK+6 အဖြစ် နိုင်ငံတွင်း၌ ဖော်ပြကြသည်။
သမိုင်းကြောင်း
အောက်တိုဘာတော်လှန်ရေးကြီးမတိုင်မီအချိန်အထိ မော်စကို၏ တရားဝင်စံတော်ချိန်မှာ GMT + 02: 30: 17 (မော်စကို တက္ကသိုလ်၏ နက္ခတာရာစောင့်ကြည့်လေ့လာရေးစခန်းတွင် ဖြတ်သန်းသွားသော လောင်ဂျီကျူမျဉ်းအရ) ဖြစ်သည်။ ၁၉၁၉ ခုနှစ်တွင် ဆိုဗီယက်ကောင်စီသည် အချိန်ဇုန်များအား စတင်အသုံးပြုခဲ့ကြပြီး ထိုအချိန်တွင် မော်စကိုသည် ဒုတိယမြောက်အချိန်ဇုန်အတွင်းတွင်ရှိပြီး စံတော်ချိန်မှာ GMT+2 ဖြစ်သည်။ အရှေ့လောင်ဂျီကျူမျဉ်း ၃၇.၅° ရှိ အခြားသော ဇုန်များမှာ Arkhangelsk၊ Vologda၊ ယာရိုစလဗာလ်မြို့၊ Kostroma၊ Ivanovo၊ Vladimir၊ Ryazan၊ Tula၊ Lipetsk၊ Voronezh နှင့် Rostov-on-Don တို့ဖြစ်ပြီး ဒုတိယမြောက်အချိန်ခါးပတ်ကွင်းတွင် ပါဝင်ကြသည်။
ဆိုဗီယက်ကောင်စီ၏ ၁၆ ဇွန် ၁၉၃၀ ခုနှစ် အမိန့်အရ အမိန့်ဖြင့်ထုတ်ပြန်ခဲ့သော အချိန်သတ်မှတ်ချက် ထွက်ပေါ်လာခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုအတွင်းရှိ အချိန်ဇုန်များအားလုံး ၁ နာရီစီ ရှေ့သို့ တိုးခဲ့လေရာ ထိုအခါ မော်စကိုစံတော်ချိန်မှာ Coordinated Universal Time ၏ သုံးနာရီရှေ့သို့စောသော အချိန်ဇုန် ဖြစ်လာခဲ့သည်။
၂၀၁၁ ခုနှစ်အထိ ဆောင်းရာသီသို့ရောက်လျှင် အောက်တိုဘာလ၏ နောက်ဆုံးအပတ် တနင်္ဂနွေနှင့် မတ်လ၏ နောက်ဆုံးအပတ် တနင်္ဂနွေအကြားတွင် မော်စကိုဒေသစံတော်ချိန် (MSK, МСК)သည် UTC ထက် သုံးနာရီစော၍ နေသည် (သို့) UTC+3 ဖြစ်၍ နေပြီး နွေရာသီကာလ၌ မော်စကိုစံတော်ချိန်သည် မော်စကိုဒေသစံတော်ချိန်ထက် တစ်နာရီရှေ့သို့စောသွားပြီး မော်စကို နွေရာသီစံတော်ချိန် (MSD)ဟုခေါ်ဝေါ်ကာ အချိန်အားဖြင့် UTC+4 တွင်ရှိသည်။
၂၀၁၁ ခုနှစ်တွင် ရုရှားအစိုးရမှ နေ့အလင်းရောင် ထိန်းသိမ်းသောအချိန်ကို နောင်တွင် တစ်နှစ်ပတ်လုံး အသုံးပြုမည်ဖြစ်ကြောင်း ကြေညာခဲ့ရာ စံတော်ချိန်တွင် သိသာစွာပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။ (အစိုးရ၏ ပြောကြားချက်အရ နှစ်စဉ် စံတော်ချိန်နှင့် နေ့အလင်းရောင် ထိန်းသိမ်းသောအချိန်အကြား ပြောင်းလဲမှုသည် ကျန်းမာရေးအရ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။)[၁] ၂၀၁၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မော်စကိုမြို့သားတို့သည် ၎င်းတို့နာရီများကို နောက်ဆုံးအကြိမ် ရွေ့ခဲ့ရာ MSD သို့မဟုတ် UTC+4 သို့ အမြဲပြောင်းလဲသွားခဲ့သည်။
၂၀၁၄ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ရုရှားနိုင်ငံမှာ ခရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက် ခရိုင်းမီးယား ရီပါ့ပလစ်နှင့် ဆီပါစတာပိုလ်မြို့သည် ရုရှားနိုင်ငံဖက်ဒရယ်ဒေသများအဖြစ် ရောက်ရှိခဲ့ပြီး ခရိုင်းမီးယားကျွန်းဆွယ်တစ်ခုလုံးသည် ၎င်းတို့၏ စံတော်ချိန်ကို MSK သို့ ပြောင်းလဲခဲ့သည်။
ဇူလိုင်လ ၄ ရက် ၂၀၁၄ ခုနှစ်တွင် ဒူးမားလွှတ်တော်သည် ၂၀၁၁ ခုနှစ်က ပြောင်းလဲမှုကို ဖျက်သိမ်းခဲ့ပြီး မော်စကိုစံတော်ချိန်ကို UTC+3 သို့ ပြောင်းလဲခဲ့သည်။
အသုံးပြုခြင်း
ဥရောပ ရုရှားရှိ ဒေသအများစု (ယူရယ်တောင်တန်း၏ အနောက်ဘက်ခြမ်းဒေသများ)သည် မော်စကိုစံတော်ချိန်ကို အသုံးပြုကြသည်။ ကာလင်ဂရတ် အော့ဗလတ်တွင် ကာလင်ဂရတ်ဒေသစံတော်ချိန်(UTC+2)ကို အသုံးပြုကြသည်။ ဆာမာရာ အော့ဗလတ်နှင့် အုဒ်မူရ်ကျီရာတွင် ဆာမာရာဒေသစံတော်ချိန်(UTC+4)ကို အသုံးပြုကြပြီး ယဲ့ကာကျယ်ရင်ဘုဂ်ဒေသစံတော်ချိန်ကို ဘာရှကော့သာစတန်နှင့် အော်ရန်ဘုဂ် အော့ဗလတ်တို့က အသုံးပြုကြသည်။ ခရိုင်းမီးယားဖက်ဒရယ်ဒေသသည် ရုရှားနှင့် ယူကရိန်းအကြား အငြင်းဖွားဖွယ်ရာ ဒေသဖြစ်သော်လည်း မော်စကိုစံတော်ချိန်ကိုသာ အသုံးပြုကြသည်။ ထို့ပြင် ခွဲထွက်ရေးဒေသများဖြစ်သော ဒါညှက်ဒေသနှင့် လူဂန်ဒေသတို့သည်လည်း မော်စကိုစံတော်ချိန်ကိုသာ အသုံးပြုကြသည်။ ထိုဒေသများသည် ၂၀၁၄ ခုနှစ်အထိ ယူကရိန်းနိုင်ငံ၏ အချုပ်အခြာဒေသများ ဖြစ်သည်။[၃]
သမိုင်းတွင် အသုံးပြုမှုများ
၂၀၁၁ မတိုင်မီရှေ့ပိုင်းအထိ မော်စကိုစံတော်ချိန်သည် UTC+3 ဖြစ်ပြီး နေ့အလင်းရောင် ထိန်းသိမ်းသောအချိန် အသုံးပြုသော နွေရာသီတွင်မှ ရှေ့သို့တိုးကာ UTC+4 ဖြစ်သည်။
UTC+3 သည် USSR ခေတ်တွင် အသုံးပြုခဲ့သော ဥရောပမှ ဒေသများမှာ-
- ဘီလာရုဇ်နိုင်ငံ - ၁၉၃၀–၁၉၉၁ အတွင်းနှင့် တဖန်ပြန်၍ ၂၀၁၄-ယနေ့ထိ။
- အက်စ်တိုးနီးယားနိုင်ငံ - ၁၉၄၀–၁၉၄၁ အတွင်းနှင့် ၁၉၄၄-၁၉၈၉။
- လတ်ဗီယာနိုင်ငံ - ၁၉၄၀–၁၉၄၁ အတွင်းနှင့် ၁၉၄၄-၁၉၈၉။
- လစ်သူယေးနီးယားနိုင်ငံ - ၁၉၄၀–၁၉၄၁ အတွင်းနှင့် ၁၉၄၄-၁၉၈၉။
- မော်လ်ဒိုဗာနိုင်ငံ - ၁၉၄၀–၁၉၄၁ အတွင်းနှင့် ၁၉၄၄-၁၉၉၁။
- ယူကရိန်းနိုင်ငံ - ၁၉၃၀–၁၉၄၁ အတွင်းနှင့် ၁၉၄၃-၁၉၉၀။
- ခရိုင်းမီးယား - ၁၉၃၀–၁၉၄၁ ၁၉၄၃-၁၉၉၀ အတွင်းနှင့်တဖန်ပြန်၍ ၂၀၁၄–ယနေ့ထိ။
- ကာလင်ဂရတ် အော့ဗလတ် (ရုရှား) - ၁၉၄၆–၁၉၈၉။
- ဆာမာရာ အော့ဗလတ် (ရုရှား) - ၁၉၈၉–၁၉၉၁ အတွင်းနှင့် တဖန်ပြန်၍၂၀၁၀–၂၀၁၄။
မော်စကိုနွေရာသီစံတော်ချိန်(UTC+4)ကို ၁၉၈၁ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်အသုံးပြုခဲ့ရာ အသုံးပြုခဲ့သော နိုင်ငံများမှာ-
- ၁၉၈၈ ခုနှစ်ထိ အက်စ်တိုးနီးယားနိုင်ငံ၊ လစ်သူယေးနီးယားနိုင်ငံ၊ လတ်ဗီယာနိုင်ငံ
- ၁၉၈၉ ခုနှစ်ထိ မော်လ်ဒိုဗာနိုင်ငံ၊ ယူကရိန်းနိုင်ငံ၊ ဘီလာရုဇ်နိုင်ငံ
- ၁၉၉၀ ခုနှစ်ထိ ကာလင်ဂရတ် အော့ဗလတ်
- ၁၉၈၉ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်းနှင့် ၂၀၁၀ ခုနှစ်တွင် ဆာမာရာ အော့ဗလတ်