မွန်တက်စကျူး

ပြင်သစ် စာရေးဆရာ မွန်တက်စကျူးသည် ၁၆၈၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဘော်ဒိုးမြို့အနီး လာဗရီဒ်ရဲတိုက်၌ မွေးဖွားသည်။ ဇွီးလီမြို့နှင့် ဘော်ဒိုးမြို့များ၌ ပညာသင်ကြားပြီးနောက် ၁၇၁၆ ခုနှစ်တွင် ဦးရီးတော်သူထံမှ ပစ္စည်းဥစ္စာနှင့် ဘွဲ့ထူးဂုဏ်ထူးတို့ကို ဆက်ခံရရှိလေသည်။

ထိုနှစ်၌ပင် ဘော်ဒိုးပါလီမန်လွှတ်တော်ဥက္ကဋ္ဌ ရာထူး၌ ခန့်အပ်ခြင်းခံရသည်။ သို့ရာတွင် မကြာမီ ထိုရာထူးမှ နုတ်ထွက်၍ စာပေလေ့လာရေးသားခြင်းကို ပြုလုပ်လေသည်။ မွန်တက်စကျူး အပါအဝင်ဖြစ်သော ထိုခေတ်က ပြင်သစ် စာရေးဆရာတစ်စုသည် လူထုနိုးကြားစေဖို့အတွက် ပညာပေးရမည်။ အမှန်တရားကို ထုတ်ဖော်တင်ပြရမည်ဟူသော ယုံကြည်ချက်ဖြင့် စာပေများကို ရေးသားခဲ့ကြသည်။ တိုင်းပြည်ပြုပြင်ပြောင်းလဲမှုကို အကြမ်းမဖက်၊ အနုနည်းသက်သက်ဖြင့် ဆောင်ရွက်စေ လိုသော ဆန္ဒရှိကြသည်။ သို့ရာတွင် လူထုအုံကြွမှုသည် နောက်ဆုံး၌ ၁၇၈၉ ခုနှစ်တွင် ပြင်သစ် တော်လှန်ရေး ပေါ်ပေါက်သည်အထိ ပြင်းထန်၍ လာလေသည်။

၁၇၂၁ ခုနှစ်တွင် မွန်တက်စကျူး ရေးသားထုတ်ဝေသော 'ပါရှင်း ပေးစာများ'၌ ပြင်သစ်နိုင်ငံသို့ အလည်အပတ် ရောက် ရှိလာသော ပါးရှင်းလူမျိုး လူကုံထံနှစ်ဦးက အချင်းချင်းထံသို့လည်းကောင်း၊ ပါးရှားပြည်ရှိ မိတ်ဆွေများထံသို့လည်းကောင်း စာရေးဟန်ဖြင့် ရေးထား၏။ ထိုခေတ် ပြင်သစ်လူမျိုးတို့၏ လူနေမှုစနစ်နှင့် စပ်လျဉ်း၍ နိုင်ငံခြားသား အမြင်ဖြင့် မြင်ရပုံကို ထိထိမိမိ ဝေဖန်ရေးသားထားလေသည်။ မွန်တက်စကျူး၏ အထင်ရှားဆုံး စာပေလက်ရာမှာ ၁၇၄၈ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေသော ဥပဒေ၏ သဘောစာအုပ် ဖြစ်သည်။

ထိုစာအုပ်တွင် ကမ္ဘာ့သမိုင်းတစ်လျှောက်၌ ပေါ်ပေါက်ခဲ့သော အစိုးရအုပ်ချုပ်ပုံ စနစ်အမျိုးမျိုးကို လေ့လာ၍ အစိုးရအဖွဲ့၌ အုပ်ချုပ်မှုဌာန၊ ဥပဒေပြုဌာန၊ တရားစီရင်မှုဌာနဟူ၍ သီးခြားခွဲခန့် သတ်မှတ်ထားမှ သာလျှင် နိုင်ငံရေး လွတ်လပ်မှုကို ရနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ရေးသားထား၏။ ပြင်သစ်နိုင်ငံ မှာကဲ့သို့ လူတစ်ဦးတစ်ယောက်၏ လက်ထဲ၌ အာဏာကို စုပုံအပ်နှင်းခြင်းသည် တရားလက်လွတ် အုပ်စိုးမှုကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။ ဌာနတစ်ခုက အခြားဌာနတစ်ခု၏ လုပ်ငန်းကို နယ်မကျွံစေရန် အတားအဆီး အကန့်အသတ်များရှိရန် လိုအပ်ကြောင်းဖြင့်လည်း မိမိ၏ နိုင်ငံရေးအခြေခံ သဘောများကို ရေးသား ဖော်ပြခဲ့လေသည်။

မွန်တက်စကျူးသည် ၁၇၅၅ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ပဲရစ်မြို့၌ ကွယ်လွန်လေသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ