ဝဇ္ဇပဋိစ္ဆာဒိကာပါရာဇိက

(ဝဇ္ဇပဋိစ္ဆာဒိကာသိက္ခာပုဒ် မှ ပြန်ညွှန်းထားသည်)

အမှု—အပြစ်ကိုဖုံးထားမှု။

အမှုသည်—ထုလ္လနန္ဒာ။


အပြစ်ဖုံးမှု

သုန္ဒရီနန္ဒာသည် ကျောင်းဒါယကာ သာဠှနှင့် စပ်၍ ကိုယ်ဝန်ရလေရာ, ကိုယ်ဝန်နုတုန်း၌ ဖုံးထားနိုင်သော်လည်း ကိုယ်ဝန်ရင့်သည့်အခါ လူထွက်၍ ဖွားမြင်ရလေ၏၊ ထိုအခါ အခြား ဘိက္ခုနီတို့က ထုလ္လနန္ဒာကို မေးကြသည်မှာ-“ဘယ့်နှယ်လဲ...သုန္ဒရီနန္ဒာဟာ လူထွက်ပြီး မကြာခင်မျက်နှာမြင်ရတယ်၊ ဘိက္ခုနီဘဝတုန်းကရတဲ့ ကိုယ်ဝန်လား"-[၁]

ထုလ္လနန္ဒာ။ ။ဟုတ်ပါတယ် အရှင်မတို့။

အများ။ ။ ဘာပြုလို့ ပါရာဇိကကျနေမှန်း သိလျက် ကိုယ်တိုင်လည်း စောဒနာမှု(စွပ်စွဲမှု)ကို မပြု, ဘိက္ခုနီဂိုဏ်းအားလည်း တိုင်ကြားမှု မပြုဘဲနေရသလဲ။

ထုလ္လနန္ဒာ။ ။(သုန္ဒရီနန္ဒာနှင့် သူဟာ ညီအစ်မအရင်းဖြစ်ရကား)သူရဲ့ အပြစ်ဟာ တပည့်တော်ရဲ့ အပြစ်လဲ ဟုတ်တယ်၊ သူရဲ့ မကောင်းသတင်းဟာ တပည့်တော်ရဲ့ မကောင်းသတင်းလဲ ဟုတ်တယ်၊ သူ့မှာ အခြံအရံမရှိခြင်းဟာ တပည့်တော်မှာ မရှိခြင်းနှင့်အတူတူဘဲ၊ သူ့မှာ လာဘ်လာဘ မရခြင်းလည်း တပည့်တော်မှာ မရခြင်းနှင့် အတူတူပဲ၊ သည်တော့ သူရဲ့အပြစ်ကို ဘာ့ကြောင့် သူတပါးအား ပြောနိုင်မှာလဲ။ [၁]

သိက္ခာပုဒ် ပညတ်ရပုံ

ထိုကဲ့သို့ သုန္ဒရီနန္ဒာ၏ အပြစ်ကို ဖုံးထားသည့်အတွက် မကျေမနပ် ဖြစ်ကြသော ဘိက္ခုနီအများပင် ထုလ္လနန္ဒာကို ကဲ့ရဲ့ရှုတ်ချ၍ ဘိက္ခုတို့အား လျှောက်ကြလေရာ, ဘိက္ခုတို့က တဆင့် ဘုရားရှင်အား လျှောက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနီ ဇာနံ ပါရာဇိကံ ဓမ္မံ အဇ္ဈာပန္နံ ဘိက္ခုနိံ နေဝတ္တနာ ပဋိစောဒေယျ, န ဂဏဿ အာရောစေယျ, ယဒါ စ သာ ဌိတာ ဝါ အဿ စုတာ ဝါ နာသိတာ ဝါ အဝဿဋာ ဝါ, သာ ပစ္ဆာ ဧဝံ ဝဒေယျ ‘‘ပုဗ္ဗေဝါဟံ, အယျေ, အညာသိံ ဧတံ ဘိက္ခုနိံ ‘ဧဝရူပါ စ ဧဝရူပါ စ သာ ဘဂိနီ’တိ, နော စ ခေါ အတ္တနာ ပဋိစောဒေဿံ, န ဂဏဿ အာရောစေဿ’’န္တိ, အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ။[၁]

မြန်မာပြန်

အကြင်ရဟန်းမသည် ပါရာဇိက ကျနေသူမှန်းသိပါလျက် ပါရာဇိကကျနေသော ရဟန်းမကို ကိုယ်တိုင်လည်း မစောဒနာ, ဘိက္ခုနီဂိုဏ်းအားလည်း မတိုင်ကြားဘဲ နေအံ့၊ အကြင်အခါ ထိုပါရာဇိကကျနေသော ဘိက္ခုနီသည် ဘိက္ခုနီအသွင်၌ တည်နေ၏ သို့မဟုတ် စုတေ(သေ)၏၊ သို့မဟုတ် လူထွက်၏၊ သို့မဟုတ် တိတ္ထိ အဖြစ်သို့ ပြောင်းသွား၏၊ ထိုဖုံးထားပြီးရာ နောက်အခါကျမှ “ရှေးတုန်းကပင် သူမရဲ့ အကြောင်းကို ဒီလို ဒီလိုဆိုတာ သိခဲ့ပါရဲ့၊ သို့သော် ကိုယ်တိုင်လည်း မစောဒနာခဲ့ပါ, ဘိက္ခုနီဂိုဏ်းအားလည်း မတိုင်ကြားခဲ့ပါ”ဟုပြောအံ့၊ (ဤသို့ ပြောဆိုဝန်ခံခြင်း-မခံခြင်းသည် လိုရင်းမဟုတ်၊ အပြစ်ကို ဖုံးထား၍ မပြောကြားတော့ဟု ဆုံးဖြတ် တုန်းကပင်) ဝဇ္ဇပဋိစ္ဆာဒိကာမည်သော ပါရာဇိကကျသူဖြစ်တော့၏၊ ဘိက္ခုနီကောင်းတို့နှင့် ကံကြီးကံငယ်ကိစ္စ၌ အပေါင်းအသင်း မရှိရ။ [၁]

ခြွင်းချက်

ထိုပါရာဇိကကျနေသူ၏ ဂုဏ်သိက္ခာကို ကာကွယ်တဲ့စိတ်ဖြင့် ဖုံးထားမှသာ အပြစ်ရှိသည်၊ ထိုစိတ်မဟုတ်ဘဲ ငါကဖေါ်ပြောလိုက်လျှင်...

(က) သံဃာအချင်းချင်း ခိုက်ရန်ဖြစ်၍ ကွဲပြားလိမ့်မည်, မကွဲစေကာမူ အရေး အကြောင်း(အက်ကြောင်း)ဖြစ်လိမ့်မည်ဟု စိုးရိမ်သောကြောင့် ဖြစ်စေ,

(ခ) ပါရာဇိကကျနေတဲ့ ဘိက္ခုနီဟာ ကြမ်းတမ်းသူဖြစ်တယ်၊ သူ့အပြစ်ကို ဖေါ်ပြောလျှင် ငါရဲ့အသက်အန္တရာယ်နှင့် သာသနာတော် မနေနိုင်အောင် လုပ်မည့်အန္တရာယ်ကို ကြောက်ရတယ်-ဟု တွေးမိသောကြောင့်ဖြစ်စေ,

(ဂ) အခြားသဘောတူမည့် ဘိက္ခုနီများကို မတွေ့ရသေးသောကြောင့်ပြောဖို့ရန် ဆိုင်းငံ့ထားသည်ဖြစ်စေ,

(ဃ) သူ၏ဂုဏ်သိက္ခာကို ကာကွယ်ဖုံးထားလိုစိတ် မရှိဘဲ အကြောင်း အမျိုးမျိုးကြောင့် မပြောမိသည် ဖြစ်စေ,

(င) သူ့အမှုနှင့်သူ တနေ့နေ့မှာ ထင်ရှားလာလိမ့်မည်ဟု သဘောထား၍ဖြစ်စေ, ဘိက္ခုနီဂိုဏ်းအား မပြောဘဲနေလျှင် အာပတ်မသင့်။ [၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ