ကော်ဖတ်

ရာဘာသည် ယနေ့ခေတ် လူသုံးကုန် ပစ္စည်းများတွင် အသုံးပြုလာသော အရာဖြစ်သည်။ ရာဘာကို ရာဘာပင်မှ ရရှိသော ကြက်ပေါင်စေးအား ခဲအောင်ပြုလုပ်၍ ရရှိသည်။ ထို့ကြောင့် ရာဘာကို ရာဘာခြံများဖြင့် စီးပွားဖြစ် စိုက်ပျိုးလာကြသည်။ မြန်မာနိုင်ငံ၌ ရာဘာ အဓိက ထွက်ရှိရာ ဒေသများမှာ တနင်္သာရီတိုင်း ဒေသကြီး နှင့် မွန်ပြည်နယ်တို့ ဖြစ်သည်။

ကြက်ပေါင်စေးပင်မှ အစေးများ စုဆောင်းယူပုံ။

အဖိုးမဖြတ်နိုင်သည့် အံ့ဖွယ်သစ်စေး

ကော်ဖတ်၏အာနိသင်ကို သိရှိသည်မှာနှစ်ပေါင်း ၁ဝဝကျော်မျှသာရှိသေးသော်လည်း ယခုအခါတွင် အမျိုးပေါင်း ၃ဝဝဝဝထက် မနည်းသောပစ္စည်းတို့တွင် ယင်းကို အသုံးပြုထားလျက်ရှိ၏။ မည်သို့သောစွမ်းအင်ထူးကြောင့် ကော်ဖတ် လုပ်ငန်းအရေးပါ အရာရောက်ရပုံကို ဤအကြောင်းရပ်တွင်ဖြေရှင်းထားလေသည်။

ကော်ဖတ်

လွန်ခဲ့သောနှစ်ပေါင်း ၄၅ဝ ခန့်က ကမ္ဘာသစ်ကိုတွေ့ရှိခဲ့သူ ကိုလံဗပ်သည် ဒုတိယအကြိမ် အမေရိကတိုက်သို့ပြန်ရောက်စဉ်၊ တိုင်းရင်းသား အင်ဒီးယန်းလူမျိုးအချို့ မြေကြီးပေါ်၌ ခုန်နိုင်သော အနက်ရောင် ဘောလုံးများနှင့်ကစားနေသည်ကို တွေ့ရ၏။ ယခင်က မြေပေါ်တွင် ခုန်နိုင်သော အရာဝတ္ထုမျိုးကို မမြင်ဘူးသောကြောင့် အလွန် အံ့အားသင့်သွားသည့်အတိုင်း အဆိုပါ ဘောလုံးအချို့ကို အထူးအဆန်း အဖြစ်ဖြင့် ပြသရန် စပိန်နိုင်ငံသို့ ယူဆောင်လာခဲ့သည်။ သို့သော်ထိုဘောလုံးများ၌ မည်သည့်ပစ္စည်းမျိုး ပါရှိသည်ကိုလည်းကောင်း၊ ထိုပစ္စည်းသည် နောင်တစ်နေ့တွင် ဤကမ္ဘာ၌ အလွန်အသုံးဝင်သော ပစ္စည်းတစ်ခု ဖြစ်လာမည်ကိုလည်းကောင်းတွေးတောမိဟန် မတူချေ။ ကိုလံဗပ်လက်ထက်က ဥရောပတိုက်သားတို့သည် အင်ဒီးယန်းလူမျိုးတို့၏ခေါ်ပုံအတိုင်း အဆိုပါပစ္စည်းကို 'ကူးချု'ဟု ခေါ်ခဲ့ကြရာ ယခုထက်တိုင် အချို့သောဘာသာစကားရပ်များ၌ ထိုအတိုင်း ခေါ်ဝေါ်လျက်ရှိပေသေးသည်။ သို့ရာတွင် နောင်နှစ်ပေါင်း ၃ဝဝ နီးပါး လွန်မြောက်၍၁၇၇ဝ ပြည့်နှစ်သို့ ရောက်သောအခါ အင်္ဂလိပ်လူမျိုး သိပ္ပံကဝိကြီး ဂျိုးဇက်ပရီးစလေးသည် ထိုပစ္စည်းကို ခဲဖျက်(ရာဘာ)အဖြစ် ကောင်းစွာအသုံးပြုနိုင်ကြောင်း တွေ့ရသဖြင့် ရာဘာဟုပင် လွယ်ကူစွာ အမည်ပေးလိုက်သည်။ ထိုအချိန်မှစ၍အင်္ဂလိပ် ဘာသာစကားအရ ရာဗာဟု ခေါ်တွင်လာခဲ့ကြလေသည်။ ရာဗာကို မြန်မာတို့က ကော်ဖတ်(ကြက်ပေါင်စေး)ဟုသိ၍ ရော်ဘာဟုလည်း ခေါ်ကြသည်။

ကော်ဖတ်သည် ကမ္ဘာတွင် အထူးဆန်းဆုံး ပစ္စည်းတစ်ခုဖြစ်၏။ ရှိရှိသမျှ ပစ္စည်းများအနက် ကော်ဖတ်သည် ရုန်းကန်သတ္တိ အများဆုံးရှိ၍ ရေမတင်နိုင်သည်ပြင် လျှပ်စစ်ကိုလည်းတားဆီးကာကွယ်နိုင်သည်။ ပြင်းထန်သောဓာတ်ပစ္စည်း အချို့၏ဒဏ်ကိုလည်း ကောင်းစွာခံနိုင်သည်။ အခြားပစ္စည်းများနှင့်ရောနှောကာ အမျိုးမျိုး စီမံပေးခြင်းဖြင့် ကော်ဖတ်မှ လူသုံးပစ္စည်း အမြောက်အမြားပြုလုပ်နိုင်ရာ ယနေ့အထိ ပစ္စည်းအမျိုးပေါင်း ၃ဝ,ဝဝဝ ထက်မနည်း ပြုလုပ်နိုင်ပြီဟု သိရသည်။ခဲဖျက်၊ ဖိနပ်အောက်ခံခုံ၊ မိုးရေခံဖိနပ်၊ ရေခံဦးထုပ်၊ ဘောလုံးဂေါက်သီးတင်းနစ်ဘောလုံး၊ တာယာ၊ ကျွတ်၊ ဖေါင်တိန်၊ဘီး၊ တယ်လီဖုန်းစကားပြောခွက်၊ ဓာတ်ကာပစ္စည်း၊ မီးသတ်ပိုက်လုံး၊ ရော်ဘာဗူးဆို့၊ လက်အိတ်၊ ဓာတ်ငွေ့ကာမျက်နှာဖုံး၊ကစားစရာရော်ဘာပူဖေါင်း၊ ဓာတ်အိမ်ပျံ၊ စက်ပတ်ကြိုး၊ ကြမ်းခင်းရော်ဘာပြား စသည်တို့ကို ကော်ဖတ်မှ ပြုလုပ်ရရှိသောပစ္စည်းများအနက် အချို့အဝက်မျှသာ ရှိသေး၏။ ဤကမ္ဘာတွင်ကော်ဖတ် မရှိလျှင် မည်သို့ ဖြစ်မည်နည်း။ ကော်ဖတ်မရှိလျှင်အဆိုပါ အသုံးအဆောင်ကရိယာများကို မည်သည့် ပစ္စည်းနှင့်မျှအစားထိုး၍ ပြုလုပ်နိုင်မည်မထင်ချေ။ တစ်နည်းဆိုရသော်ကော်ဖတ်မရှိခဲ့သော် ကျွန်ုပ်တို့၏ နေမှုထိုင်မှုနှင့်တကွစက်မှုလက်မှု လုပ်ငန်းအသွယ်သွယ်ကို အလွန်အမင်းထိခိုက်မည်ဖြစ်၍ တစ်ကမ္ဘာလုံးရှိ တိုးတက်မှုအဝဝသည်လည်းအကြီးအကျယ် ဆုတ်ဆိုင်း ရပ်တန့်သွားဖွယ်ရာ အကြောင်းရှိပေသည်။

ဤမျှလောက် ကော်ဖတ်အသုံးဝင်ခြင်းမှာ ပစ္စည်းအမျိုးမျိုးနှင့် ပေါင်းစပ်နိုင်ခြင်းကြောင့်ပင် ဖြစ်သည်။ ထိုသို့ ပေါင်းစပ်ပြုလုပ်ထားသော ပစ္စည်းများသည် တစ်ခါတစ်ရံ ဂုဏ်သတ္တိချင်းဆန့်ကျင်ဖက် ဖြစ်နေတတ်သည်မှာလည်း ထူးဆန်း၏။

ဥပမာ။ ။ ကော်ဖတ်သည် သာမန်အားဖြင့် မူလအရွယ်ထက် ၁ဝဆမျှ စန့်ထွက်နိုင်ရာမှ အနည်းငယ်မျှ စန့်ထွက်ခြင်း မရှိအောင်တစ်မျိုးတစ်ဖုံ စီမံပေးနိုင်သည်။ ပျော့ပျောင်းသော ကော်ဖတ်ကိုအနည်းငယ်မျှ ကွေးကောက်၍ မရနိုင်သော ပစ္စည်းဖြစ်အောင်လည်း ပြောင်းယူနိုင်သည်။ ရေ၊ လေ၊ အပူနှင့် လျှပ်စစ်စသည်တို့ကို တားဆီးကာကွယ်နိုင်သော ကော်ဖတ်မှ ရေနှင့် လေကိုအဝင်ခံနိုင်သည်ပစ္စည်း၊ အပူနှင့် လျှပ်စစ်လိုက်သည့် ပစ္စည်းများဖြစ်အောင်လည်း ပြုပြင်ယူနိုင်သည်။ ကော်ဖတ်ဖြင့် ပြုလုပ်ထားသော ဖိနပ်အောက်ခံခုံမှာ အပွန်းအပဲ့ဒဏ်ကို ခံနိုင်အောင်မာကျောသော်လည်း ခဲဖျက်မှာမူ အလွယ်တကူနှင့် ပွန်းပဲ့သွားအောင် ပြုပြင်ထားသောပစ္စည်း ဖြစ်လေသည်။

စက်ရုံသို့ ရောက်ရှိလာသော ကော်ဖတ်စိမ်းသည် ဂေါက်သီး၊မော်တော်ကားတာယာ စသည်တို့ကို အခြေအနေချင်းတူဖို့ဝေးစွ ခဲဖျက်နှင့်ပင် လုံးဝမတူချေ။ အရိုင်းဘဝတွင်ရှိသောကော်ဖတ်သည် အေးလွန်းလျှင် ကြွပ်ဆတ်၍၊ ပူလာလျှင်လည်းအရည်ပျော် စေးကပ်ကာ ကော်ဖတ်နံ့ထွက်တတ်သောကြောင့်ကောင်းစွာ အသုံးမချနိုင်ပေ။ ကော်ဖတ်ကို ကိုလံဗပ် တွေ့ခဲ့သည်မှာ အချိန်အလွန်ကြာမြင့်ပြီဖြစ်သော်လည်း ကော်ဖတ်ကိုအနည်းနည်း အဖုံဖုံ အသုံးချနိုင်ခဲ့သည့်ကာလမှာ နှစ်ပေါင်း၁ဝဝ မျှလောက်သာ ရှိပေသေးသည်။ ရှေးဦးစွာ ၁၉ ရာစုနှစ်အစလောက်တွင် ကော်ဖတ်ဖိနပ်၊ ကော်ဖတ် ပိုက်လုံး၊ လေသွင်းထားသော ကော်ဖတ်ဘောလုံး၊ ကော်ဖတ်ခံထားသောမိုးကာအင်္ကျီ စသည်တို့ စတင် ပေါ်ပေါက်လာကြ သည်။

ထိုသို့ ပြုလုပ်ရောင်းချသူများအနက် အက်ဒင်ဗါရာမြို့မှစကော့လူမျိုး ချားမက္ကင်တော့မှာ ထင်ရှားသူတစ်ဦး ဖြစ်၏။


rightရာဘာ ဘွတ်ဖိနပ်

၁၈၂၃ ခုနှစ်တွင် မက္ကင်တော့သည် ကော်ဖတ်ဖြင့် မိုးကာအင်္ကျီ ပြုလုပ်သည့် နည်းတစ်နည်းကို မူပိုင်ခွင့် မှတ်ပုံတင်ခဲ့သည်။ ထိုနည်းအရ ကော်ဖတ်ကို ကျောက်မီးသွေး ကတ္တရာမှရသော နက်ဖသား ကတ္တရာတွင် ပထမအရည်ဖျော်၍ ထိုပျော်ဝင်ရည်ကို ကျောက်ပြားပေါ်၌ဖြန့်ကာ အအေးခံခြင်းဖြင့်ပါးလွှာသော ကော်ဖတ်များရအောင် ပြုလုပ်သည်။ ထိုနောက်ကော်ဖတ်ချပ်ကို အဝတ်နှစ်ထပ်ကြားတွင် သွင်း၍ ချုပ်ပြီးလျှင်မိုးကာအင်္ကျီ ပြုလုပ်ယူသည်။ ထိုကြောင့် ယနေ့ ထက်တိုင်အောင် သူ၏အမည်ကို အစွဲပြုပြီးလျှင် မိုးကာအင်္ကျီကို 'မက္ကင်တော့' ဟူ၍ပင် ခေါ်ဝေါ်လျက် ရှိကြပေသည်။ သို့ရာတွင်မိုးကာနှင့်တကွ အထက်၌ ဖော်ပြခဲ့သော ပစ္စည်းများတွင်ကော်ဖတ်စိမ်းကို တစ်နည်းတစ်လမ်းပြုပြင်၍ အသုံးချထားခြင်းမျှသာ ဖြစ်သည့်အတွက် အပူအအေးဒဏ်ကိုလည်းကောင်း၊ ဓာတ်ပစ္စည်းများ၏ဒဏ်ကိုလည်းကောင်း ခံနိုင်ရည်မရှိပေ။ ၁၈၃၉ ခုနှစ်သို့ရောက်သောအခါမှ ကော်ဖတ်ကို တကယ်တမ်း လက်တွေ့ကျေနပ်လောက်အောင် ပြုပြင်စီရင်နိုင်သည့်နည်းကို တွေ့ရှိရ၍၊ထိုနည်းကို စတင်တွေ့ရှိသူကား ချားဂွတ်ယီးယားခေါ် ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးပင် ဖြစ်၏။ ဂွတ်ယီးယားသည် အမေရိကန်လူမျိုး ကုန်သည်တစ်ဦးဖြစ်၍ ကော်ဖတ်ကို လက်တွေ့အသုံးချနိုင်အောင် ၁ဝ နှစ်တိုင်တိုင် အမျိုးမျိုး စမ်းသပ် လာခဲ့ရာမှ၊တစ်နေ့တွင် ထိုနည်းကို အမှတ်မထင် မမြှော်လင့်ဘဲ ကံအားလျော်စွာ တွေ့ရှိခဲ့သည်။ ထိုနေ့တွင် ဂွတ်ယီးယားသည်ကော်ဖတ်ကို ကန့်နှင့် ရော၍ စမ်းသပ်စဉ် ကော်ဖတ်နှင့်ကန့်ရောထားသည့် ပစ္စည်းအနည်းငယ်သည် မီးဖိုပေါ်သို့မတော်တဆ ကျသွားသည်။ ထိုပစ္စည်းကို မီးဖိုထဲမှ ထုတ်၍အမှတ်မဲ့ပင် စစ်ဆေးကြည့်ရာ၊ မိမိအလိုရှိသည့်အတိုင်းအပူအအေးနှင့် အက်ဆစ်တို့၏ဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိသည့်အပြင် စေးကပ်ခြင်း အလျင်းမရှိဘဲ ရုန်းကန် သတ္တိနှင့်လည်း ပြည့်စုံသည့် ပစ္စည်းဖြစ်နေကြောင်းကို အံ့ဩစွာ တွေ့ရလေတော့သည်။ ဂရိနှင့် ရောမ ထုံးဟောင်းပုံပြင်များတွင်ဗာလကန်ခေါ် မီးနတ်သားတစ်ပါးရှိရာ ထိုနတ်သားကို အစွဲပြု၍ ထိုကဲ့သို့ ကော်ဖတ်ကို ကန့်နှင့်ရောပြီး အပူဓာတ်ဖြင့်စီမံပေးသည့်နည်းကို ဂွတ်ယီးယားက 'ဗာကကန်နိုက်ဇင်း'ဟုအမည်ပေးခဲ့လေသည်။ ဤနည်းမှာ ကော်ဖတ်သမိုင်းတွင်အရေးအကြီးဆုံးသော တွေ့ရှိမှုကြီးပင် ဖြစ်တော့၏။ဤနည်းကိုသာ မတွေ့ရှိသေးပါက မရေတွက်နိုင်အောင်ပေါများသော ယခုခေတ်သုံး ကော်ဖတ်နှင့် ပြုလုပ်ရသည့်ပစ္စည်းများလည်း ပေါ်ပေါက်နိုင်ဦးမည် မဟုတ်ချေ။ ဤနည်းတွင် ကန့်အပြင် အခြားပစ္စည်းများကို လိုသလို ရောစပ်ပေးနိုင်ပေသည်။ သို့သော် ကန့်မှာ အဓိကလိုအပ်သော ပစ္စည်းဖြစ်၍ ပြုလုပ်ရရှိသော ပစ္စည်းအမျိုးမျိုး၏ ဂုဏ်တို့သည်ရောစပ်ထားသော ကန့်အနည်းအများပေါ်တွင် တည်ရှိပေသည်။ ယခုအခါ ကမ္ဘာအရပ်ရပ်မှာပင် ကော်ဖတ်ဖြင့် အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို ပြုလုပ်လျက်ရှိရာ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှ တစ်ကမ္ဘာလုံးမှထွက်သော ပစ္စည်းများအနက် ၄ ပုံ ၃ ပုံနီးပါး ထွက်သည်ဟု သိရသည်။

ကော်ဖတ်သည် သစ်ပင်၊ နွယ်ပင်များမှရသော အစေးတစ်မျိုးဖြစ်၍ ယင်းကို မြန်မာနိုင်ငံတွင် အရပ်ဒေသအလိုက် ကြက်ပေါင်စေးဟုလည်း ခေါ်ကြသည်။

ကော်ဖတ်စေးထုတ်ယူနိုင်သော အပင်မှာ ကမ္ဘာတွင်မျိုးပေါင်း ၁,ဝဝဝ ကျော်မျှရှိ၍ ကော်ဖတ်စေး အနည်းအကျဉ်းသာထွက်သော အပင်များကို ထည့်သွင်းရေတွက်လျှင်အပင်မျိုးပေါင်း ၁ဝ,ဝဝဝ ပင် ကျော်ပေဦးမည်။ သို့သော်ယခုအခါ ကော်ဖတ်စေးကို အများဆုံး ထုတ်ယူလျက်ရှိသည့်အပင်မျိုးကား ဟီးဗီယခေါ် အပင် မျိုးဖြစ်သည်။ ဤအပင်သည် တောင်အမေရိက တိုက်၊ အထူးသဖြင့် ဘရာဇီးနိုင်ငံရှိအမေဇုန်မြစ်ဝှမ်းဒေသတွင် သဘာဝအလျှောက် ပေါက်ရောက်သော အပင်မျိုးဖြစ်၏။ ထိုအပင်မျိုးမှရသောကော်ဖတ်ကို ရှေးဦးစွာ ဘရာဇီးနိုင်ငံ ပါရာမြို့မှ ရရှိသည့်အတွက် ယနေ့တိုင်အောင် ပါရာကော်ဖတ် ဟု ခေါ်တွင်လျက်ရှိသည်။

လက်ဦးတွင် ကော်ဖတ်၏ အသုံးဝင်တန်ဖိုးရှိပုံကို သိလာသည့်အတိုင်း မိမိတို့ တိုင်းပြည်မှ ကော်ဖတ်မျိုး နိုင်ငံခြားတိုင်းတစ်ပါးသို့ ရောက်မသွားနိုင်စေရန် ဘရာဇီးနိုင်ငံက အမျိုးမျိုးကြိုးစား၍ နှစ်ပေါင်း အတော်ကြာအောင် ကျပ်တည်းစွာစောင့်ရှောက် ကာကွယ်သေး၏။ သို့သော် ၁၈၇၅ ခုနှစ်တွင်အင်္ဂလိပ်လူမျိုးတစ်ဦးသည် ဘရာဇီးနိုင်ငံ ကော်ဖတ်တောများမှကော်ဖတ်မျိုးစေ့များကို တိတ်တဆိတ် အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့လေသည်။ ထိုမျိုးစေ့များကို လန်ဒန်မြို့အနီးရှိ ကျူးဂါးဒင်ဥယျာဉ်၌ ရှေးဦးစွာ စိုက်ပျိုး၍ ထိုမှတစ်ဆင့် သီဟိုဠ်ကျွန်းသို့ပို့ဆောင်စိုက်ပျိုးလေသည်။ ထိုနောက် မလ္လာယုကျွန်းဆွယ်၊ဆူမတြားကျွန်း၊ ဂျားဗါးကျွန်း စသော ကမ္ဘာအရှေ့ပိုင်းဒေသများတွင်လည်း စိုက်ပျိုးခဲ့ရာ များစွာ အောင်မြင်ခဲ့လေသည်။

ယခုအခါ ကမ္ဘာပေါ်တွင် နှစ်စဉ် ထွက်လျက်ရှိသည့် ကော်ဖတ်အနက် ရာခိုင်နှုန်း ၉ဝ ခန့်ကို သီဟိုဠ်ကျွန်း၊ မလ္လာယုကျွန်းဆွယ်နှင့် ဒတ်ချ အရှေ့အိန္ဒိယကျွန်းစုများမှ ရရှိသည်။ ဘရာဇီးနိုင်ငံနှင့်တကွ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ လိုက်ဗီးရီးယားနိုင်ငံနှင့် ဖိလစ်ပိုင်ကျွန်းတို့မှ ကော်ဖတ်ထွက်သော်လည်း အထက်ပါဒေသများနှင့်စာသော် အနည်းငယ်မျှသာ ဖြစ်သည်။

ကော်ဖတ်ပင်မှ ရရှိသော အစေးအားလုံးသည် ကော်ဖတ်မဟုတ်ချေ။ နို့ကဲ့သို့ ဖြူသော အရည်ဖြစ်၍ ယင်းကို နို့စေးဟုခေါ်သည်။ ထိုအရည်ထဲတွင် ကော်ဖတ်သည် သာမန်မျက်စိနှင့်မမြင်နိုင်အောင် သေးငယ်သော အလုံးကလေးများအဖြစ် တွဲလောင်းခိုလျက်ရှိသည်။ ကော်ဖတ်စေးတွင် ကော်ဖတ်အပြင် သကြား၊ ဓာတ်ဆား၊ ပရိုတင်း၊ သစ်စေး (ရက်ဇင်)နှင့် ရေတို့လည်း အလိုအလျောက် ပါဝင်၏။ ထိုကြောင့် နို့စေးမှာသူ့ချည်းသက်သက် အသုံးမဝင်သေးဘဲ ယင်းမှ ကော်ဖတ်ကို နည်းအမျိုးမျိုးဖြင့် သီးခြားခွဲထုတ်ယူရသည်။ များသောအားဖြင့်နို့စေးတွင် အက်ဆီတစ်အက်ဆစ်ကို ရောထည့်ကာ ကော်ဖတ်ကို တစုတည်းခဲ၍ ပေါ်တက်လာစေသော နည်းကိုအသုံးပြုလေ့ရှိကြသည်။

အထက်တနေရာတွင် ကော်ဖတ်ကို အပင်အမျိုးမျိုးမှ ရနိုင်ကြောင်း ဖော်ပြခဲ့ပြီ။ သို့သော် အခြားအပင်မျိုးမှရသော နို့စေးသည် ဟီးဗီယမျိုးနှင့်စာလျှင် ကော်ဖတ်အပါနည်း၍ အမျိုးလည်း ညံ့ကြသည်။ ဟီးဗီးယမျိုးမှရသော နို့စေး၌ ကော်ဖတ် ၉ဝ ရာခိုင်နှုန်းကျော်ကျော် ပါဝင်၍ ထိုကော်ဖတ်မှာ ယနေ့အထိ ကမ္ဘာတွင် မျိုးအသန့်ဆုံးနှင့် အကောင်းဆုံး ဖြစ်သည်။

ဟီးဗီယမျိုးဖြစ်သော ကော်ဖတ်ပင်တို့သည် ရ၅ ပေမှ ပေ ၁ဝဝ အထိ မြင့်ပြီးလျှင် လုံးပတ် ၁ဝ ပေမှ ၁၂ ပေအထိရှိတတ်သည်။ အပင် ၅ နှစ်သားအရွယ်လောက်သို့ ရောက်သောအခါ ကော်ဖတ်စေးကို စတင် ထုတ်ယူနိုင်ပေပြီ။ သို့သော်ထိုကော်ဖတ်စေးမျိုးသည် အများအားဖြင့် ညံ့သေး၍ ထိုထက်အသက်ကြီးလာမှ အကောင်းဆုံးအစေးကို ရရှိတတ်သည်။

ကော်ဖတ်စေးထုတ်ယူပုံမှာ ပင်စည်တွင် မြေမှ ၄ ပေ ၅ ပေခန့်မြင့်သော နေရာ၌ ဓားကောက်ကလေးတမျိုးဖြင့် အခေါက်ကို နို့စေးစီးဆင်းနိုင်အောင် ခပ်စောင်းစောင်း ခြစ်ပေးရ၏။

အချို့က ဘယ်မှညာသို့ဖြစ်စေ၊ ညာမှဘယ်သို့ဖြစ်စေ တစ်ကြောင်းတည်းခြစ်ပေး၍ အချို့ကမူ ဗယ်ညာနှစ်ကြောင်း ခြစ်ကာ ထိုခြစ်ကြောင်းနှစ်ခုကို အလယ်ရှိ အထက်မှ အောက်သို့ ခြစ်ထားသော ခြစ်ကြောင်း၌ လာဆုံစေသည်။ သို့သော် ခြစ်ကြောင်းတိမ်လွန်းလျှင် အစေးကောင်းစွာမထွက်ဘဲနေတတ်၍ နက်လွန်းပြန်ကလည်း နူးညံ့သောအတွင်းသားကို ဒဏ်ဖြစ်စေသည့်အတွက် အပင်သေဆုံးသွားတတ်သဖြင့် ခြစ်ကြောင်းဖော်ရာ၌ကျွမ်းကျင်သူများကိုယ်တိုင် သတိကြီးစွာရှိဖို့ လိုပေသည်။

ခြစ်ကြောင်းအဆုံးတွင် သတ္တုရေတန်လျှောက်မှ စီးကျလာသောနို့စေးကို အောက်ဘက်မှ ခွက်ငယ်ဖြင့် ခံယူရသည်။ အချို့ဒေသတွင် ထိုသို့စီးကျလာသော နို့စေးခဲ၍ မသွားစေရန် ခွက်ထဲ၌အမ်မိုးနီးယား၊ ဆိုဒါ စသော ဓာတ်ပစ္စည်းအနည်းငယ်ကိုထည့်ပေးထားလေ့ရှိသည်။ ထိုသို့ ခြစ်ရာတွင် နေ့ဆက် ဖြစ်စေ၊တစ်နေ့ခြားဖြစ်စေ နံနက်စောစောအချိန်၌ ခြစ်ကြောင်းအဟောင်း ပေါ်တွင် ထပ်၍ ခြစ်ပေးရသည်။ ထိုကြောင့် ခြစ်ကြောင်းများသည် တစ်နေ့ပြီးတစ်နေ့ အောက်ဘက်သို့ တရွေ့ရွေ့နိမ့်ဆင်းလာသည်။ ခြစ်ကြောင်းများ ရွေ့ဆင်းလာသည်နှင့် အမျှအပေါ်ဘက်ရှိ ခြစ်ပြီးသားနေရာတွင် နောင်အခါ ထပ်၍ခြစ်နိုင်အောင် အသားသစ်သည် တဖြည်းဖြည်း တက်လာပြန်သည်။အရွယ်ရောက်ပြီးသော ကော်ဖတ်ပင်တစ်ပင်မှ တစ်နှစ်လျှင်နို့စေး ၆ ပေါင်ထက်မနည်း ထွက်တတ်သည်ဟု သိရသည်။

ကော်ဖတ်ခြံ အလုပ်သမားများ နောက်တစ်ဆင့် လုပ်ရသည့်အလုပ်မှာ ခံယူထားသော ခွက်ငယ်များမှ နို့စေးများကိုလိုက်လံသိမ်းဆည်းရခြင်းဖြစ်၏။ ဤနို့စေးများကို ခွက်ကြီးထဲသို့ ပြောင်းထည့်ရ၍ တစ်နေရာတွင် ဖော်ပြခဲ့သည့်အတိုင်းအက်ဆီတစ်အက်ဆစ်ကို အချိုးကျ ထည့်ပေးရ၏။ ထိုအခါနာရီအနည်းငယ်အတွင်းမှာပင် ကော်ဖတ်သည် ပေါင်းစည်းစုခဲ၍ အပြားလိုက် အပေါ်သို့ ပေါ်တက်လာလေသည်။

ဤကော်ဖတ်ပြားများကို ဆယ်၍ ဒလိမ့်များဖြင့် ပြားချပ်သွားအောင် ဖိညှစ်ပေးခြင်း၊ ဆေးကြောပေးခြင်း၊ နေပူ မီးပူတို့ဖြင့် အခြောက်ခံပေးခြင်း စသော အဆင့်များကို လွန်မြောက်ပြီးသောအခါ ကော်ဖတ်မှာ နိုင်ငံခြားသို့ဖြစ်စေ၊ စက်ရုံကြီးများသို့ဖြစ်စေ ပို့ဆောင်ရောင်းချရန်အတွက် အသင့်ဖြစ်လေတော့သည်။ နို့စေးမှ ကော်ဖတ်ထုတ်ယူသည့် အခြားနည်းများလည်း ရှိသေးသည်။

ကမ္ဘာပေါ်တွင် ကော်ဖတ်အသုံးအများဆုံး လုပ်ငန်းကားတိုင်ယာနှင့် ကျွတ်လုပ်ငန်းပင်ဖြစ်သည်။ မော်တော်ကားများခေတ်မစားသေးမီ အချိန်က ကမ္ဘာတစ်ဝှန်းလုံးတွင် တစ်နှစ်လျှင် ကော်ဖတ်တန်ချိန် ၉ဝ,ဝဝဝ ခန့်လောက်ကိုသာ သုံးစွဲခဲ့ကြ၏။ သို့သော် ယခုအခါ တစ်နှစ်လျှင် တန်ချိန်ပေါင်း သန်းနှင့်ချီ၍ အသုံးပြုလျက်ရှိကြရုံမက တစ်နေ့တခြားလည်းအသုံးပိုလာဆဲ ဖြစ်သည်ကို တွေ့ရပေသည်။ ကော်ဖတ်အထည်ဟောင်းများကိုလည်း ပြန်လည် ပြုပြင်၍ အသုံးပြုနိုင်သည်။ဤသို့အသုံးမပြုပါကလည်း ကျွန်ုပ်တို့သည် ကော်ဖတ်ကိုအသုံးလိုသလောက် ရရှိနိုင်ကြမည် မဟုတ်ချေ။ ကော်ဖတ်အထည်ဟောင်းများကို ပြန်လည် အသုံးပြုသောအခါ ထိုအထည်များတွင် ပါဝင်သော ကန့်နှင့်တကွ အခြားမလိုလားအပ်သည့် ပစ္စည်းများကို ရှေးဦးစွာ ဖယ်ရှားပစ်ရ၏။ သို့သော်ကော်ဖတ်အစစ် (အသစ်)ကဲ့သို့ကား ကော်ဖတ်ဟောင်းကိုနေရာတိုင်းတွင်သုံးရန် မသင့်တော်ပေ။

ကော်ဖတ်အကြောင်းရေးရာတွင် သဘာဝကော်ဖတ်ကိုတု၍ဓာတုဗေဒနည်းဖြင့် လူတို့ချက်လုပ်ကြသော ဓာတ်ချက်ကော်ဖတ်အကြောင်းကို မဖော်ပြလျှင် ပြည့်စုံမည် မဟုတ်ချေ။

ဓာတ်ချက်ကော်ဖတ်များမှာ အမှန်စင်စစ် သဘာဝကော်ဖတ်နှင့်အနီးစပ်ဆုံး တူညီအသုံးပြုနိုင်အောင် လူတို့ကြံစည်ချက်လုပ်ကြသော ကော်ဖတ်တုများပင် ဖြစ်သည်။ ကော်ဖတ်တုများကိုကြံစည်ချက်လုပ်ရခြင်း၏ အကြောင်းရင်းမှာ ကမ္ဘာစစ်ကြီးများအတွင်း သဘာဝကော်ဖတ်ထွက်သော နိုင်ငံများနှင့် အဆက်ပြတ်ရသည့်အတွက်ပင် ဖြစ်၏။

ပထမကမ္ဘာစစ်အတွင်းက ဂျာမန်နိုင်ငံတွင် ဗျူနာဟုခေါ်သော ကော်ဖတ်တုများကို စမ်းသပ် လုပ်ကိုင်နိုင်ခဲ့ကြသည်။ဗျူနာကော်ဖတ်တုတွင် အခြေခံဓာတ်ပစ္စည်းများမှာ ဗျူတာဒိုင်အင်း ဖြစ်၏။ ယင်းကို ဂျာမန်တို့သည် ထုံးကျောက်နှင့်ကျောက်မီးသွေးကို ပေါင်းစပ်ပေးပြီးနောက် အဆင့်ဆင့် ထုတ်ယူကြရ၏။ ယခုအခါ၌မူ အယ်လကိုဟော သို့မဟုတ် ရေနံမှလည်း ထုတ်ယူလျက် ရှိကြသည်။ သို့သော် ဗျူတာဒိုင်အင်းတစ်ခုတည်းမှ ချက်လုပ်ရရှိသော ကော်ဖတ်မှာ ကျေနပ်လောက်အောင် မကောင်းမွန်သေးပေ။ ဗျူတာဒိုင်အင်းတွင်အက်သဲဗင်ဇင်းမှ ရရှိနိုင်သော စတိုင်ရင်းခေါ် ဓာတ် ပစ္စည်းကိုထပ်မံပေါင်းစပ်ပေးမှ ယခင်ကထက်ကောင်းသော ကော်ဖတ်တုမျိုးကို ရလာသည်။ သို့ရာတွင် ဤဓာတ်ပစ္စည်း နှစ်ခု ပေါင်းစပ်ဓာတ်ပြောင်းကာ ကော်ဖတ်တုဖြစ်လာစေရန် အခြား ကက်တလစ် (ဓာတ်ကူ)တစ်ခုကိုလည်း ထည့်ပေး ရသေး၍ ထိုသို့ထည့်ပေးရသော ကက်တလစ်ကိုမူ ဂျာမန်တို့က လျှို့ဝှက်ထားခဲ့ကြ၏။ ယခုသော် ဆိုဒီယမ်ကို ကက်တလစ်အဖြစ်နှင့်အသုံးပြုနိုင်ကြောင်း တွေ့ရှိခဲ့ရပေပြီ။

ဗျူတာဒိုင်အင်းနှင့် စတိုင်ရင်းတို့ ပေါင်းစပ်မှုမှ ရရှိသောကော်ဖတ်တုကို ဗျူနာ-အက်(စ) ဟုခေါ်၏။ ဗျူတာဒိုင်အင်းကိုစတိုင်ရင်းအစား အကရီလို နိုက်ထရီးနှင့် ပေါင်းစပ်ပေးခြင်းဖြင့်ရရှိသော ကော်ဖတ်တုမှာမူ ဗျူနာ-အင် ဟုတွင်၍ ဤကော်ဖတ်တုမျိုးကိုလည်း ဂျာမနီနိုင်ငံကပင် လက်ဦး ကြံစည်ခဲ့လေသည်။

ပထမကမ္ဘာစစ်ပြီးသွားသောအခါ သဘာဝကော်ဖတ်များကိုပြန်လည် ရရှိကြသဖြင့် ကော်ဖတ်တု ချက်လုပ်သည့်လုပ်ငန်းမှာ ကုန်ကျသည့်စရိတ်နှင့် မမျှသည့်အတွက် တိမ်မြှုပ်ကွယ်ပျောက်သလောက် ဖြစ်သွားခဲ့သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ် အတွင်းက ကော်ဖတ်အကြီးအကျယ်ထွက်ရာ အရှေ့အိန္ဒိယကျွန်းစုများ ဂျပန်လက်သို့ ကျရောက်နေသည့် အချိန်မှစ၍ အမေရိကန်ပြည်ထောင်စုတွင် ဗျူနာကော်ဖတ်ချက်နည်းကိုမူတည်၍ ကော်ဖတ်တုချက်လုပ်သည့် လုပ်ငန်းများ ပြန်လည်ထွန်းကားလာပြန်သည်။

ဗျူနာကော်ဖတ်များအပြင် နီယိုပရင်း ကော်ဖတ်၊ လစ်ဗာတီ ကော်ဖတ်၊ ဗျူတဲကော်ဖတ်၊ သိုင်အိုကော ကော်ဖတ် စသောအခြားဓာတ်ချက်ကော်ဖတ်များလည်း အမျိုးမျိုးဖြစ်ထွန်းပေါ်ပေါက်လာခဲ့၏။ ဤကော်ဖတ်တုများသည် တစ်မျိုးနှင့်တစ်မျိုး ဂုဏ်သတ္တိချင်း မတူသည့်အတွက် ဂုဏ်သတ္တိအလိုက်သင့်တော်သလို အသုံးချရပေသည်။ သဘာဝကော်ဖတ်ကိုမူမည်သည့် ကော်ဖတ်တုမျိုးမှ နေရာတိုင်းတွင် မမှီနိုင်ချေ။

သို့သော် အချို့နေရာတွင် အချို့သော ကော်ဖတ်တုကသဘာဝကော်ဖတ်ထက် သာသည်ကိုလည်း တွေ့ရ၏။

ကော်ဖတ်တုလုပ်ငန်း၏ အနာဂတ်အရေးမှာ ကုန်ကျမည့်စရိတ်ပေါ်တွင် တည်လျက်ရှိရာ ဤကိစ္စ၌ ကျွမ်းကျင်သူပါရဂူများကပင် ကော်ဖတ်တုကို သဘာဝကော်ဖတ်ကဲ့သို့ စရိတ်အကုန်အကျ သက်သာစွာနှင့် ချက်လုပ်နိုင်ရမည်ဟု ယုံကြည်လျက် ရှိကြသည်။ အားလုံးကိုခြုံကြည့်လျှင် ကော်ဖတ်တုချက်လုပ်သည့် လုပ်ငန်းသည် နောင်အခါ အလွန်ကြီးကျယ်သောလုပ်ငန်းတစ်ရပ် ဖြစ်လာနိုင်ဖွယ်ရာ အကြောင်းများစွာ ရှိပေသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ