ဆိုက်ပရပ်စ်နိုင်ငံ
33°E / 35°N 33°E
ဆိုက်ပရပ်စ် (Cyprus) နိုင်ငံ၏ တရားဝင်အမည်မှာ ဆိုက်ပရပ်စ်သမ္မတနိုင်ငံ ဖြစ်သည်။ မြေထဲပင်လယ်အရှေ့ပိုင်းရှိ ယူရေးရှန်းကျွန်းနိုင်ငံ တစ်ခု ဖြစ်သည်။ [၁၂][၁၃] တူရကီနိုင်ငံ၏တောင်ဘက် မိုင် ၄ဝ အကွာ၊ ဆီးရီးယားနိုင်ငံ ၏ အနောက်ဘက် မိုင် ၆၀ အကွာ နှင့် လက်ဘနွန်နိုင်ငံ၏အနောက်ဘက်တွင် တည်ရှိသည်။ ယင်းသည် မြေထဲပင်လယ်အတွင်းတွင် တတိယမြောက်အကြီးဆုံးကျွန်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်မှု အများဆုံးတိုင်းပြည်တစ်ခု ဖြစ်သည်။ [၁၄] [၁၅] ဖွံ့ဖြိုးတိုးတက် ဝင်ငွေမြင့်ပြီး လူသားဖွံ့ဖြိုးမှုညွှန်းကိန်းလည်း မြင့်မားသော ဆိုက်ပရပ်စ်နိုင်ငံသည် ၂၀၀၄ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ဥရောပသမဂ္ဂသို့ မဝင်ရောက်မီအချိန်ထိ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ ၏ တည်ထောင်သူအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ [၁၆][၁၇] [၁၈][၁၉]
ဆိုက်ပရပ်စ် သမ္မတနိုင်ငံ | |
---|---|
ဆောင်ပုဒ်: "Freedom or Death" | |
ဆိုက်ပရပ်စ်နိုင်ငံ၏ တည်နေရာ (ညာဘက်အောက်) တွင် ပြသထားပြီး ဆိုက်ပရပ်စ်သမ္မတနိုင်ငံကို အစိမ်းရင့်ရောင်ဖြင့် ဖော်ပြထားပြီး နိုင်ငံကို မိမိဘာသာကြေညာထားသော မြောက်ပိုင်းဆိုက်ပရပ်စ်ကို အစိမ်းရောင်တောက်ဖြင့် ဖော်ပြထားသည်။ ကျန်သော ဥရောပသမဂ္ဂကို အစိမ်းဖျော့ဖြင့် ဖော်ပြထားသည်။ | |
မြို့တော် နှင့် အကြီးဆုံးမြို့ | နီကိုးရှားမြို့ 35°10′N 33°22′E / 35.167°N 33.367°E |
ရုံးသုံး ဘာသာစကားများ | |
လူနည်းစုဘာသာစကားများ | |
ဒေသခံဘာသာစကားများ | |
လူမျိုးစု | |
ကိုးကွယ်မှု |
|
Demonym | Cypriot |
အစိုးရ | ပြည်ထောင်စု သမ္မတ ဖွဲ့စည်းပုံ သမ္မတနိုင်ငံစနစ် |
• သမ္မတ | နီကို အန်နာစတေးရှ်ဒီစ် |
• ဒုသမ္မတ | လစ်လပ်[မှတ်စု ၂] |
အန်နီတာ ဒီမီထရီရော့ | |
ဥပဒေပြုလွှတ်တော် | ကိုယ်စားလှယ်များလွှတ်တော် |
ယူနိုက်တက် ကင်းဒမ်းမှ လွတ်လပ်ရေးရရှိခြင်း | |
၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် | |
• လွတ်လပ်ရေး ကြေညာခဲ့ | ၁၉၆၀ ခုနှစ် ဩဂုတ်လ ၁၆ ရက် |
• လွတ်လပ်ရေးနေ့ | ၁၉၆၀ အောက်တိုဘာ ၁ ရက် |
• ဥရောပသမဂ္ဂသို့ ဝင်ရောက်ခဲ့ | ၂၀၀၄ ခုနှစ် မေလ ၁ ရက် |
ဧရိယာ | |
• စုစုပေါင်း[မှတ်စု ၃] | ၉,၂၅၁ km2 (၃,၅၇၂ sq mi) (အဆင့်: ၁၆၂) |
• ရေထု (%) | ၉ |
လူဦးရေ | |
• ၂၀၁၆ ခန့်မှန်း | ၁,၁၇၀,၁၂၅[မှတ်စု ၃][၆] (အဆင့် - ၁၅၈) |
• ၂၀၁၁ သန်းခေါင်စာရင်း | ၈၃၈,၈၉၇[မှတ်စု ၄][၇] |
• သိပ်သည်းမှု | ၁၂၃.၄[မှတ်စု ၃][၈]/km2 (၃၁၉.၆/sq mi) (အဆင့် - ၈၂) |
GDP (PPP) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၃၅.၉၇၀ ဘီလီယံ[၉] (အဆင့် - ၁၂၆) |
• Per capita | $၄၁,၅၇၂[၉] (အဆင့် - ၃၅) |
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၂၄.၉၉၆ ဘီလီယံ[၉] (အဆင့် - ၁၁၄) |
• Per capita | $၂၈,၈၈၈[၉] (အဆင့် - ၃၃) |
Gini (၂၀၁၉) | ၃၁.၁[၁၀] အလယ် |
HDI (၂၀၁၉) | ၀.၈၈၇[၁၁] အလွန်မြင့် · ၃၃ |
ငွေကြေး | ယူရို (€) (EUR) |
အချိန်ဇုန် | EET (UTC+2) |
• နွေရာသီ (DST) | EEST (UTC+3) |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၃၅၇ |
Internet TLD | .cy[မှတ်စု ၅] |
ဘီစီ (၁၀,၀၀၀)ခန့်မှစ၍ ကျွန်းပေါ်တွင် လူသားများစတင်နေထိုင်ခဲ့ကြသည်။ ရှေးဟောင်းသုတေသနဌာနမှ တူးဖော်ထားသော တွေ့ရှိချက်များအရ ကျောက်ခေတ်သစ် မှ Choirokoitia ကျေးရွာသည် သမိုင်းမတင်မီခေတ်ကတည်းက ဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာတွေ့ရပြီး ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်အဖြစ် ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ထားသည်။ ထို့ပြင် ဘုရင်များ၏ အုတ်ဂူများကိုလည်း တွေ့ရှိထားသည်။ ဆိုက်ပရပ်စ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော ရေတွင်းများ ရှိသော တိုင်းပြည်လည်း ဖြစ်သည်။ [၂၀] ကြောင်မျိုးနွယ်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် ရှေးအကျဆုံး မွေးမြူကြောင်း အထောက်အထားကိုလည်း တွေ့ရှိထားသည်။ [၂၁][၂၂] အရှေ့အလယ်ပိုင်းဒေသ၊ မဟာဗျူဟာကျသောနေရာတွင် တည်ရှိနေသော ဆိုက်ပရပ်စ်နိုင်ငံသည် သမိုင်းတစ်လျှောက် အင်အားကြီးနိုင်ငံတို့၏ အကြိမ်ကြိမ် ဝင်ရောက်ဆိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ [၂၃][၂၄][၂၅][၂၆] ဟစ်တိုက်(Hittites)၊ အဆီးရီးယန်း၊အီဂျစ် ၊ ပါရှန်း၊ ရပ်ရှီဒွန်းစ် (Rashiduns)၊ ဥမေယဒ်စ် (Umayyads)၊ လူဆစ်နန် (Lusignans)၊ ဗင်းနက်ရှန်း (Venetians) နှင့် အော့တမန် အင်ပိုင်ယာတို့ ဖြစ်ကြသည်။ မိုင်ဆီးနီးယန်း ဂရိလူမျိုးစုများ ဘီစီ (၂၀၀၀)တွင် ဝင်ရောက် အခြေချနေထိုင်လာပြီးနောက်တွင် ဆိုက်ပရပ်စ်သည် ဂရိမင်းဆက်များဖြစ်ကြသော တော်လမီ နှင့် ဘိုင်ဇန်တိုင်း အင်ပါယာတို့၏ လက်အောက်တွင်လည်း နေခဲ့ရဖူးသည်။ ဘီစီ (၃၃၃)တွင် မဟာအလက်ဇန္ဒား က ပါရှန်းတို့လက်မှ သိမ်းပိုက်လိုက်ပြန်သည်။ ၁၅၇၀တွင် တူရကီအော့တမန် အင်ပိုင်ယာက အောင်နိုင်ခဲ့ပြီး ရာစုနှစ် (၃)ခုကျော်မျှ သိမ်းပိုက်ခဲ့သည်။ ၁၈၇၈တွင် ဗြိတိသျှတို့လက်အောက်ကျရောက်ခဲ့ပြီး ၁၉၆၀တွင် လွတ်လပ်ရေးရခဲ့သည်။ [၂၇] လွတ်လပ်ရေးရပြီးနောက်တစ်နှစ်တွင် ဓနသဟာယအဖွဲ့ ၏အဖွဲ့ဝင်ဖြစ်လာသည်။
နိုင်ငံတွင်း မငြိမ်မသက်မှုများ၊ အကြမ်းဖက်မှုများ နှင့် အာဏာသိမ်းရန်ကြိုးပမ်းမှုများကြောင့် ၁၉၇၄တွင် တူရကီနိုင်ငံက ဆိုက်ပရပ်စ်မြောက်ပိုင်းကို ကျူးကျော် သိမ်းပိုက်ခဲ့ပြန်သည်။ [၂၈] [၂၉][၃၀] လူထုအတွင်း အဓိကရုဏ်းများဖြစ်ပွားခြင်းနှင့် တူရကီ၏ ဝင်ရောက် သိမ်းပိုက်ခြင်းများကြောင့် မြောက်ပိုင်းဆိုက်ပရပ်စ်သားတို့သည် သီးခြားနိုင်ငံရေးအဖွဲ့အစည်းများ တည်ထောင်လာကြသည်။ ယင်းအဖြစ်အပျက်မှာ ယခုအချိန်ထိ ဆက်လက်ဖြစ်ပေါ်နေဆဲ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖြစ်သည်။
ဆိုက်ပရပ်စ်သမ္မတနိုင်ငံ၏တရားဥပဒေအရ ပိုင်နက်နယ်မြေမှာ ဆိုက်ပရပ်စ်ကျွန်းတစ်ကျွန်းလုံးနှင့် ဝန်းကျင်ရေပိုင်နက်များ ဖြစ်သည်။ သို့သော် စာချုပ်အရ ဗြိတိသျှ စစ်အခြေစိုက်စခန်းများ ထားရှိသော Akrotiri နှင့် Dhekelia နေရာများလည်း ရှိသည်။ ယင်းနေရာများကိုမူ ဗြိတိသျှအချုပ်အခြာပိုင်နေရာအဖြစ် သတ်မှတ်ထားသည်။ ဆိုက်ပရပ်စ်သမ္မတနိုင်ငံသည် လက်ရှိအခြေအနေအရ ကျွန်းတစ်ခုလုံး၏ ၅၉% ကို ပိုင်ဆိုင်သည်။ ကျန်သော နိုင်ငံမြောက်ပိုင်းမှ နယ်မြေများမှာ တူရကီ၏ အုပ်ချုပ်မှုအောက်တွင် ကျရောက်နေသည်။ [၃၁] ယင်းဆိုက်ပရပ်စ် မြောက်ပိုင်းဒေသသည်လည်း မြောက်ပိုင်းဆိုက်ပရပ်စ်တူရကီသမ္မတနိုင်ငံ ဟု ကြေညာထားပြီး လက်ရှိအနေအထားတွင် တူရကီနိုင်ငံ တစ်ခုတည်းကသာ အသိအမှတ်ပြုထားသည်။
ကျွန်း၏ အလျားမှာ ၁၄၅ မိုင်ခန့် ရှည်၍ အနံ မိုင် ၆ဝ ခန့်ရှိ၏။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၃၅၇၂ ရှိသည်။ တောင်ဘက်ပိုင်းနှင့် မြောက်ဘက်ကမ်းခြေတွင် တောင်တန်းများ ရှိသည်။ တစ်နှစ်လုံး ပေါက်ရေရသော မြစ်ချောင်းဟူ၍ မရှိချေ။ ဆည်မြောင်များ ဖောက်ထားသော ဒေသများတွင် ဂျုံ၊ မုယောစပါး၊ ဝါ၊ သံလွင် ပင်များ စိုက်ပျိုးကြ၏။ စပျစ်ခြံများ ရှိ၍ စပျစ်သီးခြောက်နှင့် အရက်များ ထွက်သည်။ ယင်းတို့ကို နိုင်ငံခြားသို့ တင်ပို့သည်။ သိုးနွားများ မွေးမြူကြ၏။ ရှေးအခါက ကြေးနီ အမြောက် အမြား ထွက်ခဲ့ဘူးသည်ကို အစွဲပြု၍ ကျွန်း၏ အမည်ကို ဆိုက်ပရပ်စ်ဟု ရှေးက ဂရိတို့ မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ဆိုက်ပရပ်စ်ဟူသော စကား၏ ဇာစ်မြစ်မှာ ကြေးနီဟူ၏။
ကျွန်းအလယ်ရှိ လွင်ပြင်မှာ ရှေးအခါက သစ်တောကြီးများ ဖုံးလွှမ်းလျက် ရှိခဲ့ဘူး၍ ပင်လယ်ခရီးသွားခြင်း၌ ထင်ရှား ခဲ့သော ဖိုနီးရှန်တို့သည် ထိုသစ်တောများမှရသော သစ်သား များဖြင့် လှေ၊ သင်္ဘောများ တည်ဆောက်ကာ ပင်လယ်ခရီး သွားကြ၏။ ဆိုက်ပရပ်စ်ကျွန်းမှ ရရှိသော သတ္တုများမှာ ကြေးနီ၊ သဲကျောက်၊ ထုံးကျောက်၊ နှမ်းဖတ်ကျောက်၊ ကျောက်ဖြူနှင့် ကျောက်ဂွမ်းများ ဖြစ်လေသည်။ [၃၂]
သမိုင်းကြောင်း
ရှေးအခါက ဆိုက်ပရပ်စ်ကျွန်းသည် အီဂျစ်၊ ပါးရှင်းနှင့် ရောမ လူမျိုးတို့၏ လက်အောက်သို့ ကျရောက်ခဲ့ဘူး၏။ ကရူးဆိတ် ခေါ် အယူဝါဒစစ်ပွဲတွင် အင်္ဂလန်ဘုရင် ပထမ ရစ်ချတ်သည် ထိုကျွန်းကို ခေတ္တသိမ်းပိုက်ရလိုက်သေး၏။ ထိုနောက် နှစ် ပေါင်း ၁ဝဝ ခန့် ကြာသောအခါ တူရကီလက်ထဲသို့ ရောက် သွားပြီးလျှင် ၁၈၇၈ ခုနှစ်တွင် တူရကီက ထိုကျွန်းကို ဗြိတိန် အား ပေးအပ်ခဲ့ပြန်သည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီးတွင် တူရကီသည် ဗြိတိန်၏ရန်သူ ဖြစ်သွားသောအခါ ဆိုက်ပရပ်ကျွန်းမှာ ဗြိတိသျှကိုလိုနီနိုင်ငံတစ်ခု ဖြစ်လာလေသည်။ ၁၉၂၅ ခုနှစ်တွင် ဆိုက်ပရပ်စ်ကျွန်းမှာ ဗြိတိသျှ ကရောင်း ကိုလိုနီ ဖြစ် လာသည်။ သို့ရာတွင် ၁၉၃၁ ခုနှစ်တွင် ဆိုက်ပရပ်စ်ကျွန်းသည် ဂရိနိုင်ငံနှင့် ပေါင်းစပ်ရမည်ဟူသော နိုင်ငံရေး ကြိုးပမ်းမှုများ ပေါ်ပေါက်ခဲ့သဖြင့် ယခင်က ရှိရင်းစွဲဖြစ်သော ဥပဒေပြုအဖွဲ့ကို ဖျက်သိမ်း၍ ဘုရင်ခံ ကိုယ်တိုင် ဥပဒေပြုကာ အုပ်ချုပ်ခဲ့လေ သည်။ ယခုအခါ ဆိုက်ပရပ်စ်ကျွန်း၏ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲရန်ကိစ္စတွင် ဆိုက်ပရပ်စ်သည် မူလဖြစ်သော ဂရိနိုင်ငံနှင့် ပေါင်းရမည်ဟူသည့် နိုင်ငံရေး လှုပ်ရှားမှုများ ပြန်လည် ပေါ်ပေါက်လျက်ရှိသည်။ ဆိုက်ပရပ်စ်ကျွန်းမှာ စစ်မက်ရေးရာ အတွက် အကွက်အကွင်းကျသော နေရာတစ်ခုဖြစ်သည့်အတိုင်း ဗြိတိသျှ အင်ပိုင်ယာနိုင်ငံ တွင် အရေးကြီးသော ဌာနတစ်ခု ဖြစ်လေသည်။ [၃၃]