လမုတော
လမုတောဆိုသည်မှာ ရေငံ သို့မဟုတ် ရေငံစပ် ကမ်းရိုးတန်းဒေသတွင် ပေါက်ရောက်သော ချုံပုတ် သို့မဟုတ် အပင်ငယ်များဖြစ်ကြသည်။ လမုတောများသည် အပူပိုင်းဇုန်၊ သမပိုင်းဇုန် ရာသီဥတုရှိသော ကမ်းရိုးတန်းဒေသများတွင် ကမ္ဘာအနှံ့ ပေါက်ရောက်ကြသည်။ အဓိကအားဖြင့် မြောက်လတ္တီကျု ၃၀ ဒီဂရီနှင့် တောင်လတ္တီကျု ၃၀ ဒီဂရီကြားတွင် ပေါက်ရောက်ပြီး အီကွေတာ၏ ၅ ဒီဂရီတွင် လမုတောများ အကောင်းဆုံး ဖြစ်ထွန်းသည်။[၁][၂] လမုတောမျိုးနွယ်များသည် ခရီတောစီယပ်ခေတ်နှောင်းကာလ (Cretaceous) နှင့် ပယ်လီယိုဆိမ်ခေတ် (Paleocene) ကာလများတွင် ပထမဆုံး ပေါ်ပေါက်ခဲ့ပြီး ကမ္ဘာ့ကျောက်လွှာများ ရွေ့လျားမှုကြောင့် ကျယ်ပြန့်စွာ ပေါက်ရောက်ခဲ့သည်။ လမုတောမျိုးနွယ်ဖြစ်သော ဓနိပင်၏ သက်တမ်းအရင့်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်းသည် လွန်ခဲ့သောနှစ်သန်းပေါင်း ၇၅ နှစ်အကြာကဖြစ်သည်။[၂] လမုတောကို တခါတရံ လမုပင်များအစုအဝေးအား ခြုံငုံ၍ ခေါ်ဆိုသကဲ့သို့ လမုပင်မျိုးနွယ်တမျိုးဖြစ်သော Rhizophora ကို ရည်ညွန်းခေါ်ဆိုသည်လည်းရှိသည်။[၃]
လမုတောများသည် ဆားငံရေကို ခံနိုင်ရည်ရှိပြီး ကြမ်းတမ်းသော ကမ်းရိုးတန်းအခြေနေတွင် ရှင်သန်နိုင်ကြသည်။ ယင်းအပင်များသည် ဆားငံရေနစ်မြုတ်ခြင်းနှင့် ဒီရေလှိုင်းများဒဏ်ကို ခံနိုင်ရန် ရှုပ်ထွေးသောအမြစ်စနစ်များနှင့် ဆားငံရေစစ်ထုတ်သည့် ရှုပ်ထွေးသောစနစ်များ ရှိကြသည်။ လမုပင်များသည် အောက်ဆီဂျင်နည်းပါးသော ရွံ့နွံတောများတွင်လည်း လိုက်လျောညီထွေဖြစ်အောင် ရှင်သန်တတ်ကြသည်။[၄] သို့သော် ဒီရေရောက်ရှိသည့်နေရာ၏ အပေါ်ပိုင်းထက်ဝက်ဧရိယာတွင် ကောင်းမွန်စွာ ရှင်သန်နိုင်ပုံဖြစ်သည်။[၅]
ဆားငံရည် အနည်းအများပမာဏအလိုက် ရှင်သန်ပေါက်ရောက်နိုင်သော လမုပင်မျိုးစိတ်များမှာလည်း ကွဲပြားကြသည်။ အချို့မှာ ဆားငံမှုပမာဏ ၃-၄ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထက်ရှိသော ပင်လယ်ဆားငံရေအထိ ပါဝင်ကြသည်။[၆][၇] ၂၀၁၀ ခုနှစ်မှစ၍[၈][၁] အဝေးမှအာရုံခံနည်းပညာများကိုအသုံးကာ ကမ္ဘာအနှံ့ရှိ လမုတောများ၏ ပြုန်းတီးနှုန်းစသော အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ခဲ့ကြသည်။[၂] ၂၀၁၈ ခုနှစ်တွင် Global Mangrove Watch Initiative ဆိုသောအဖွဲ့အစည်းမှ ထုတ်ပြန်ချက်အရ လမုတောဧရိယာသည် နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၁၁၈ ခုကို ဖြတ်သန်းလျက် ၁၃၇၆၀၀ စတုရန်းကီလိုမီတာ (၅၃၁၀၀ စတုရန်းမိုင်) ရှိသည်ဟုဆိုသည်။[၂][၈] လမုတောများသည် လူသားတို့၏အပြုအမူကြောင့် ဆက်လက်ပျက်စီးဆုံးရှုံးနေပြီး ကမ္ဘာလုံးအတိုင်းအတာဖြင့် ၀.၁၆ ရာခိုင်နှုန်း၊ နိုင်ငံတစ်နိုင်ငံချင်းအတိုင်းအတာဖြင့် ၀.၇ ရာခိုင်နှုန်း ရှိသည်ဟုဆိုသည်။ ကျန်ရှိနေသော လမုတောများ၏ အရည်အသွေးကျဆင်းလာမှုသည်လည်း အရေးကြီးသည့် စိုးရိမ်စရာဖြစ်လာသည်။[၂]
လမုတောများအား ပြန်လည်ထိန်းသိမ်းရန် စိတ်ဝင်စွားဖွယ်ကောင်းသော အကြောင်းပြချက်များ ရှိနေသည်။ လမုတောများသည် ကမ်းရိုးတမ်းဒေသနှင့် အဏ္ဏဝါ ဂေဟစနစ်အတွက် ရေရှည်တည်တံ့ရန် ထောက်ပံ့ပေးသည်။ ယင်းအပြင် လမုတောများသည် ကာဗွန်ထိန်းချုပ်ရေးတွင် အရေးပါပြီး ရာသီဥတုပြောင်းလဲမှုကို နှေးကွေးစေနိုင်သည်။[၂] လမုတောများကို အောင်မြင်စွာ ပြန်လည်ထိန်းသိမ်းရန် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသည်။ လမုတောတွင် နေထိုင်မည့် ရွေးချယ်ထားသော မျိုးစိတ်များအတွက်လည်း သေချာရွေးချယ်ရန် အရေးကြီးသည်။ မြန်မာနိုင်ငံတွင် လမုပင်အမျိုးအစားပေါင်း ၆၀ ခန့်ရှိပြီး ၃ နှစ်မှ ၆ နှစ်အတွင်း ယင်းအပင်များသည် ကြီးထွားကာ ရာသီဥတုပြောင်းလဲမှုကို လျော့ချပေးကာ ဆိုင်ကလုန်းမုန်တိုင်း၊ ဆူနာမီဒီရေလှိုင်းများဒဏ်ကို ကာကွယ်ပေးနိုင်သည်။[၉]ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ကိန်းဂဏန်းများသည် အနှစ် ၃၀ အတွင်း လမုတောများ အကြီးအကျယ် ပျက်စီးမှုကို မီးမောင်းထိုးပြသထားသည်။ ယင်းဝန်ကြီးဌာနက ခန့်မှန်းရာတွင် ၁၉၈၀ ပြည့်နှစ်တွင် လမုတောများသည် ၆၅၉,၀၃၂ ဟက်တာ (ဧက ၁ ဒသမ ၆၂ သန်း) အထိ ရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ထက်ဝက်ကျော်အထိ ကျဆင်းသွားပြီး ၃၁၂,၄၄၂ ဟက်တာခန့်သာ ကျန်ရှိတော့သည်ဟုဆိုသည်။ ၁၉၈၀ ပြည့်နှစ်တွင် လမုတောများသည် ဧရာဝတီတိုင်း၌ ၃၀၃,၁၅၅ ဟက်တာရှိပြီး ၎င်းမှာ စုစုပေါင်း တည်ရှိသော လမုတောများ၏ ၄၆ ရာခိုင်နှုန်း ဖြစ်သည်။ တနင်္သာရီတိုင်းတွင် ၂၄၃,၈၄၂ ဟက်တာ၊ ၃၇ ရာခိုင်နှုန်းရှိပြီး ရခိုင်ပြည်နယ်တွင် ၁၁၂,၀၃၅ ဟက်တာ၊ ၁၇ ရာခိုင်နှုန်း ရှိသည်။ ၂၀၁၂ ခုနှစ်တွင် အဆိုပါဝန်ကြီးဌာန၏ ကိန်းဂဏန်းများက ဧရာဝတီတိုင်းတွင် လမုတောများ ဧရိယာ လျော့ကျသွားခဲ့ပြီး ၂၄,၈၄၇ ဟက်တာသာ ကျန်ရှိတော့ကြောင်းဖော်ပြသည်။ ယင်းမှာ စုစုပေါင်း လမုတောများ၏ ရှစ် ရာခိုင်နှုန်း ဖြစ်သည်။ တနင်္သာရီတိုင်းတွင် ၁၉၀,၀၇၇ ဟက်တာ ကျန်ရှိပြီး ယင်းမှာ စုစုပေါင်း လမုတောများ၏ ၆၁ ရာခိုင်နှုန်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ၉၇,၅၁၈ ဟက်တာ ကျန်ရှိပြီး ၃၁ ရာခိုင်နှုန်း ဖြစ်သည်။[၁၀]