ဟီရိုရှီးမားငြိမ်းချမ်းရေးအမှတ်တရပန်းခြံ
ဟီရိုရှီးမားငြိမ်းချမ်းရေးအမှတ်တရပန်းခြံ သည် (広島平和記念公園) သည် ဟီရိုရှီးမားခရိုင်၊ ဟီရိုရှီးမားမြို့၊ နခရှိမမြို့၊ နခရပ်ကွက်တွင် တည်ရှိသော အခမဲ့ပြည်သူ့ပန်းခြံတစ်ခု ဖြစ်သည်။ ၎င်းကို ငြိမ်းချမ်းရေးအမှတ်တရပန်းခြံ သို့မဟုတ် ရိုးရှင်းစွာ ငြိမ်းချမ်းရေးပန်းခြံဟု ခေါ်ကြသည်။
ဟီရိုရှီးမားငြိမ်းချမ်းရေးအမှတ်တရပန်းခြံ 広島平和記念公園 Hiroshima Peace Memorial Park | |
---|---|
ဟီရိုရှီးမားငြိမ်းချမ်းရေးအမှတ်တရပန်းခြံ | |
အမျိုးအစား | ကမ္ဘာ့ငြိမ်းချမ်းရေးပြည်သူ့ပန်းခြံ |
တည်နေရာ | ဟီရိုရှီးမားမြို့ |
ကိုဩဒိနိတ် | 34°23′34″N 132°27′09″E / 34.3927°N 132.4524°E 132°27′09″E / 34.3927°N 132.4524°E |
ဖန်တီး | ၁၉၅၄ ခုနှစ် ဧပြီလ ၁ ရက် |
လက်ရှိ အခြေအနေ | နှစ်တိုင်းဖွင့်လှစ်သည် |
ဝက်ဘ်ဆိုက်ဒ် | Hiroshima Peace Memorial Park |
အကြောင်းအရာ
၁၉၄၅ ခုနှစ် ဩဂုတ် ၆ ရက်တွင် အမေရိကန်စစ်တပ်သည် ဟီရိုရှီးမားမြို့အား အနုမြူဗုံး ကြဲချခဲ့သည်။
ထို့နောက် ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် ကျရောက်ပေါက်ကွဲသည့် ဗဟိုချက် (爆心地) ၏ အနီး နခရှိမမြို့အတွင်းတွင် ၁၀.၇၂ ဟက်တာအကျယ်ရှိသည့် မြို့တော်ပန်းခြံကို ဒီဇိုင်းဆွဲခဲ့သည်။[၁]
ပန်းခြံသည် ဟီရိုရှီးမားမြို့၏ လူနေရပ်ကွက်နှင့် စီးပွားရေးအချက်အချာကျသည့် စည်ကားသည့် မြို့ထဲတွင် တည်ရှိသည်။ ပန်းခြံသည် ယခုအခါတွင် အမှတ်တရ ရုပ်တုများ၊ ပြတိုက်များ၊ နှစ်ပတ်လည်တွင် လည်ပတ်သူ တစ်သန်းအထက် ရှိသည့် သင်ကြားရေးခန်းမများ ရှိသည်။ နှစ်စဉ် ဩဂုတ်လ ၆ ရက်တွင် ပန်းခြံ၌ ငြိမ်းချမ်းရေးအမှတ်တရ အခမ်းအနားကို ဟီရိုရှီးမားမြို့တော်၏ ထောက်ပံ့မှုဖြင့် ကျင်းပသည်။[၂] ငြိမ်းချမ်းရေးအမှတ်တရ အခမ်းအနားသည် နစ်နာခဲ့ကြရသူများကို အမှတ်ရစေရန်သာမကပဲ နျူကလီးယား၏ ကြောက်မက်ဖွယ်ရာများကို အမှတ်ရစေရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ရှေးရှုကာ ကျင်းပခြင်း ဖြစ်သည်။[၃]
ထင်ရှားသည့် နေရာများ
ဟီရိုရှီးမား ငြိမ်းချမ်းရေးအဆောက်အဦး
ကလေးငြိမ်းချမ်းရေးရုပ်တု
ကလေးငြိမ်းချမ်းရေးအမှတ်တရရုပ်တုသည် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် ကလေးငယ်များကို အမှတ်တရ ဖြစ်စေရန် ဆောက်လုပ်ထားသည့် ရုပ်တု ဖြစ်သည်။ ရုပ်တုသည် မိန်းကလေးတစ်ဦး လက်မောင်းကို ဖြန့်ကားထားပြီး သူမ၏ အပေါ်တွင် ခေါက်ထားသည့် ကြိုးကြာငှက်ရုပ် တည်ရှိနေသည့် ပုံစံ ဖြစ်သည်။ ရုပ်တုသည် ဆဒခိုဆဆခိ (佐々木禎子, Sasaki Sadako) ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းပေါ်တွင် အခြေခံထားသည်။ ဆဒခိုဆဆခိ ကလေးငယ်မသည် ဗုံး၏ ရောင်ခြည်ဖြာထွက်မှုကြောင့် သေဆုံးခဲ့သည်။ သူမသည် ဂျပန်ပုံပြင်တစ်ခုကို တုံ့ပြန်ရန်အတွက် စက္ကူကြိုးကြာရုပ် ၁၀၀၀ ကျော်ကို ပြုလုပ်ခဲ့သည့်အတွက် လူအများ သိကြသည်။ ယခုအချိန်ကာလတွင် ကမ္ဘာတစ်ဝန်းရှိ လူများ (အထူးသဖြင့် ကလေးများ) သည် ကြိုးကြာရုပ်များကို ပြုလုပ်ကာ ရုပ်တုအနီးတွင် ထားရှိရန်အတွက် ဟီရိုရှီးမားသို့ ပေးပို့ကြသည်။ ရုပ်တု၏ အနီးတွင် ခေါက်ထားသည့် ကြိုးကြာငှက်ရုပ်များကို စုစည်းထားရှိသည်။
ကျန်ရှိနေခဲ့သည့် အိမ်
ဗုံးဒဏ်ခံခဲ့ရ၍ ကျန်ရှိနေခဲ့သည့် အခြားသော အဆောက်အဦးတစ်ခု ဖြစ်သည်။ ဤအဆောက်အဦးကို Taishoya ကီမိုနိုဆိုင်အဖြစ် ၁၉၂၉ ခုနှစ်၊ မတ်လတွင် တည်ဆောက်ခဲ့သည်။ လောင်စာဆီပြတ်တောက်ချိန် လောင်စာဆီဖြန့်ဝေရာ ဌာနအဖြစ် ၁၉၄၄ ခုနှစ် ဇွန်လတွင် စတင်၍ ထိုအဆောက်အဦးကို အသုံးပြုခဲ့သည်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ ဗုံးပေါက်ကွဲခြင်း ခံရသည့်အခါတွင် အမိုးပျက်စီးပေါက်ပြဲခြင်း၊ အတွင်းပိုင်း ပျက်စီးခြင်း၊ မြေအောက်ခန်းရှိ ပစ္စည်းများမှ လွဲ၍ အဆောက်အဦးရှိ အသုံးပြု၍ ရသည့် ပစ္စည်းအားလုံး လောင်ကျွမ်းခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦးထဲရှိ လူ ၃၆ ဦး သေဆုံးခဲ့သည်။ အသက် ၄၆ နှစ် အရွယ်ရှိသည့် အဲအိဇိုနိုမုရ Eizo Nomura တစ်ဦးထဲသည် မြေအောက်ခန်းထဲတွင် အသက်ရှင်လွတ်မြောက်ခဲ့သည်။ မြေအောက်ခန်းသည် ကွန်ကရစ်ဖြင့် အမိုးပြုလုပ်ထားသဖြင့် ရောင်ခြည်သည် အမိုးအား ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲခဲ့သည်။[၄] သူသည် အသက် ၈၀ အရွယ်အထိ အသက်ရှင်နေထိုင်ခဲ့သည်။[၅][၆][၇]
ရှေးအခါက နခဂျိမခရိုင် (ယခုအခါ ငြိမ်ချမ်းရေးအမှတ်တရပန်းခြံ) သည် ရှောဝခေတ် (၁၉၂၆ - ၈၉) ကာလအစောပိုင်းအတွင်းတွင် မြို့တော်၏ ထင်ရှားသည့် စီးပွားရေးအချက်အချာ ဖြစ်ခဲ့သည်။ ထို့အပြင် သစ်သားနှစ်ထပ်ပုံစံအိမ်များ များစွာတည်ရှိခဲ့သည့် နေရာလည်း ဖြစ်သည်။ သို့သော်လည်း ၁၉၂၉ ခုနှစ်တွင် သုံးထပ်ရှိသည့် တအိရှောယကီမိုနို Taishoya Kimono ဆိုင်ကို တည်ဆောက်ကာ ပတ်ပတ်လည်တွင် ရုပ်ရှင်ရုံများနှင့် ဈေးဆိုင်များဖြင့် ဝန်းရံထားသည်။[၈] ထိုအဆောက်အဦးပေါ်သို့ တက်သွားပါက မြို့တော်အား မြင်ကွင်းကျယ်ပုံစံဖြင့် မြင်ရသည်။ ၁၉၄၃ ခုနှစ်တွင် ကီမိုနိုဆိုင်ကို ပိတ်သိမ်းခဲ့ပြီး ၁၉၄၄ ခုနှစ် ဇွန်လတွင်ဒုတိယကမ္ဘာစစ်သည် ပြင်းထန်လာခဲ့သည်။ စီးပွားရေးထိန်းချုပ်မှုများသည်လည်း တင်းကျပ်ပြင်းထန်လာကာ အဆောက်အဦးကို စီရင်စုလောင်စာဆီရိက္ခာအဖွဲ့အစည်းက ဝယ်ယူခဲ့သည်။
၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဟိုက်ပိုစင်တာ Hypocenter အထက် မီတာ ၆၀၀ ခန့်တွင် အက်တမ်ဗုံးသည် ပေါက်ကွဲခဲ့ကာ အဆောက်အဦး၏ ကွန်ကရစ်အမိုးသည် ပျက်စီးခဲ့သည်။ အဆောက်အဦး၏ အတွင်းပိုင်းမှာမူ ဆိုးဆိုးရွားရွား ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ မီးများလောင်ကျွမ်း၍ အတွင်းပိုင်း ပျက်စီးခဲ့သည်။ အဆောက်အဦးအတွင်းပိုင်းရှိ နိုမုရ Nomura မှလွဲ၍ အခြားသူအားလုံး သေဆုံးခဲ့သည်။ နိုမုရမှာမူ အံ့ဩဖွယ်ကောင်းစွာ အသက်ရှင်ကျန်ခဲ့သည်။ စစ်ပြီးနောက် မကြာမီပင် အဆောက်အဦးကို ပြင်ဆင်ခဲ့ပြီး လောင်စာခန်းအဖြစ် အသုံးပြုခဲ့သည်။ ၁၉၅၇ခုနှစ်တွင် ဟီရိုရှီးမားအရှေ့မွမ်းမံပြင်ဆင်ရေးရုံးခန်း ဖြစ်လာခဲ့ပြီး မြို့တော်၏ ပြုပြင်မွမ်းမံမှုဆိုင်ရာ အစီအစဉ်များ၏ အချက်အချာ ဖြစ်လာခဲ့သည်။[၉]
ဗုံးပေါက်ကွဲချိန်တွင် လူ ၃၇ ဦးသည် အလုပ်လုပ်နေကြသည်။ အဲအိဇို နိုမုရ Eizo Nomura မှတပါး အခြားသူများအားလုံး သေဆုံးခဲ့သည်။ နိုမုရသည် ထိုအချိန်တွင် မြေအောက်ခန်းသို့ သွားရောက်နေချိန်ဖြစ်သည့်အတွက် ဗုံးဒဏ်မှ လွတ်မြောက်ခဲ့သည်။ နိုမုရသည် အသက် ၄၇ ရှိခဲ့ပြီး ဟီရိုရှီးမားစီရင်စုလောင်စာဆီရိက္ခာထောက်ပံ့ရေးအဖွဲ့၏ အလုပ်သမားတစ်ဦး ဖြစ်သည်။ နိုမုရသည် မြင့်တက်လောင်ကျွမ်းနေသည့် မီးများနှင့် မီးခိုးများမှတစ်ဆင့် လွတ်မြောက်ခဲ့သည်။ သူသည် လွတ်မြောက်လာခဲ့ပြီးနောက်တွင် သူသည် ဖျားခြင်း၊ ဝမ်းလျှောခြင်း၊ သွေးစေးများထွက်ခြင်းနှင့် အခြားသော ဓာတ်ရောင်ခြည်သင့်သည့် လက္ခဏာများကို ခံစားခဲ့ရသည်။[၄]
အဆောက်အဦးသည် ကြီးမားစွာ ပျက်စီးခဲ့သော်လည်း မတ်လျက်ပင် ရှိနေခဲ့ပြီး စစ်ပြီးသည့် အခါတွင် သစ်သားခေါင်မိုးအသစ်ပါဝင်ပြီး ပြန်လည်ပြင်ဆင်ခဲ့သည်။ စစ်ပြီးဆုံးပြီးနောက် ဟီရိုရှီးမားမြူနီစီပယ်အစိုးရသည် အဆောက်အဦးကို ဝယ်ယူခဲ့ကာ စစ်ပြီးနောက် ပြန်လည်ပြင်ဆင်ရေးရုံးခန်းအဖြစ် ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ထိုအဆောက်အဦးကို ကျန်ရှိခဲ့သည့် အိမ် Rest House အဖြစ် ငြိမ်းချမ်းရေးအမှတ်တရ ပန်းခြံတွင် ဖွင့်လှစ်ထားရှိသည်။ ဤအဆောက်အဦးအား မပျက်မစီး ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပတ်သက်၍လည်း ငြင်းခုံဆွေးနွေးမှုများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ရသည်။ ၁၉၉၅ ခုနှစ်တွင် မြို့တော်သည် အဆောက်အဦးအား ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ထိုအစီအစဉ်မှာ အထမမြောက်ခဲ့ဘဲ သွေဖည်သွားခဲ့သည်။ အကြောင်းမှာ ထိုအဆောက်အဦးအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကြေညာခဲ့သည့်အတွက် ဖြစ်သည်။[၈]
ယခုအခါ ပထမထပ်အား နိုင်ငံခြားဧည့်သည်များ သတင်းအချက်အလက် ရုံးခန်းနှင့် အမှတ်တရပစ္စည်းဆိုင်အဖြစ် ဖွင့်လှစ်ထားသည်။ ဒုတိယထပ်နှင့် တတိယထပ်ကိုမူ ရုံးခန်းများအဖြစ် အသုံးပြုထားသည်။ မြေအောက်ခန်းကိုမူ ဗုံးကြဲခဲ့သည့် အချိန်ကအတိုင်းနီးပါး မယိုမယွင်းစေပဲ ထိန်းသိမ်းစောင့်ရှောက်ထားသည်။
အခမ်းအနားများ
ဟီရိုရှီးမားငြိမ်းချမ်းရေးအမှတ်တရပွဲ
နှစ်စဉ်နှစ်တိုင်း ဩဂုတ်လ ၆ ရက်နေ့တွင် “A-Bomb Day” ကို ဟီရိုရှီးမားမြို့တော်သည် ဟီရိုရှီးမားငြိမ်းချမ်းရေးအမှတ်တရပန်းခြံ တွင် ကျင်းပကြသည်။ ဗုံးဒဏ်ခံစားခဲ့ရသည့် ဒုက္ခသည်များကို နှစ်သိမ့်ပေးခြင်းနှင့် ကမ္ဘာ့မြေကြီးငြိမ်းချမ်းရေးအတွက် ဆုတောင်းမှုများ ပြုလုပ်ကြသည်။ အခမ်းအနားကို မနက် ၈ နာရီတွင် အမှတ်တရကျောက်တိုင်အရှေ့၌ သေဆုံးသွားသူများ၏ မိသားစုများအပါအဝင် နိုင်ငံသားများစွာတို့သည် ပါဝင်ဆင်နွဲကြသည်။ အခမ်းအနား၌ ဗုံးပေါက်ကွဲချိန်ဖြစ်သည့် ၈ နာရီ ၁၅ မိနစ်တွင် တစ်မိနစ်ငြိမ်သက်ကာ သေဆုံးခဲ့သူများကို ဆုတောင်းပေးကြသည်။[၁၀][၁၁]
မီးအိမ်ထွန်းပွဲ
ထိုနေ့ ညနေပိုင်းတွင် မီးအိမ်ပွဲတော်ကို ကျင်းပကြသည်။ ငြိမ်းချမ်းရေးစာသားများပါဝင်သည့် မီးအိမ်များတွင် မိုတိုယဆုမြစ်ရေတွင် မျှောကြပြီး သေဆုံးခဲ့ကြရသူများ၏ ဝိဉာဉ်များအား ဆုတောင်းပေးကြသည်။[၁၂]
ပြတိုက်
ဟီရိုရှီးမားငြိမ်းချမ်းရေးအမှတ်တရပြတိုက်
ဟီရိုရှီးမားငြိမ်းချမ်းရေးအမှတ်တရပြတိုက်သည် ဗုံးပေါက်ကွဲမှုအား လေ့လာလိုသူများအတွက် ပန်းခြံအတွင်းပြုလုပ်ထားသည့် မူလပြတိုက်တစ်ခု ဖြစ်သည်။ ပြတိုက်တွင် စစ်ကာလအချက်အလက်များ၊ ဟီရိုရှီးမားမြို့၏ စစ်ပွဲကာလမှ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ၊ ထို့အပြင် ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် အချက်အလက်များနှင့် ၎င်း၏ သက်ရောက်မှုများ၊ အမှတ်တရပစ္စည်းများနှင့် ဗုံးပေါက်ကွဲမှုရုပ်ပုံကားချပ်များကို ပြသထားသည်။ အဆောက်အဦးမှ အမှတတရကျောက်တိုင်၊ ငြိမ်းချမ်းရေးမီးတိုင်၊ A-Bomb အဆောက်အဦး သည်တို့၏ မြင်ကွင်းများကိုလည်း ကြည့်ရှုနိုင်သည်။
ဟီရိုရှီးမားအပြည်ပြည်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုစင်တာ
ဟီရိုရှီးမားအပြည်ပြည်ဆိုင်ရာကွန့်ဖရင့်စင်တာသည် ငြိမ်းချမ်းရေးပန်းခြံတွင် တည်ရှိပြီး အဓိကအဆောက်အဦး၏ အနောက်ဘက်တွင် တည်ရှိသည်။
ဟီရိုရှီးမားအမျိုးသားငြိမ်းချမ်းအရေးအမှတ်တရခန်းမ
သေဆုံးခဲ့သူများအတွက် ဟီရိုရှီးမားအမျိုးသားငြိမ်းချမ်းရေးအမှတ်တရအဆောက်အဦး ဖြစ်သည်။ ဤအဆောက်အဦးကို ဂျပန်နိုင်ငံတော်အစိုးရသည် ဗုံးကြောင့်သေဆုံးခဲ့ရသူများအား လွမ်းဆွတ်တသသတိရစေရန် ရည်ရွယ်တည်ဆောက်ခဲ့သည်။ ၎င်းသည်ပင် ဂျပန်တို့၏ စစ်မှန်သည့် ဆန္ဒနှင့် ငြိမ်းချမ်းရေးလိုလားမှုကို ဖော်ပြချက် ဖြစ်သည်။ ခန်းမတွင် ပြခန်းများ ပါဝင်ဖွဲ့စည်းထားသည်။ ပြတိုက်တွင် ဆွေးနွေးခန်းမ၊ စာကြည့်တိုက်၊ ယာယီပြခန်းနေရာ၊ ဒုက္ခရောက်ခဲ့ရသူများ၏ အချက်အလက်နေရာတို့ ပါဝင်သည်။ အမှတ်တရခန်းမတွင် အုပ်ကြွပ်ပြား ၁၄၀၀၀၀ ကို အသုံးပြုကာ ပြန်လည်ဖန်တီးထားသည့် ၃၆၀ ဒီဂရီမြင်ကွင်းကျယ် ပျက်စီးခဲ့ရသည့် ဟီရိုရှိးမားမြို့ပုံစံကိုလည်း ပါဝင်ပြသထားသည်။ ၁၄၀၀၀၀ သည် ၁၉၄၅ ခုနှစ်အဆုံးပိုင်းတွင် ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသည့် ခန့်မှန်းအရေအတွက် ဖြစ်သည်။
ရုပ်တုများ
အမှတ်တရကျောက်တိုင်
န်းခြံ၏ အလယ်အနီးတွင် ကုန်းနှီးပုံစံရှိသည့် ကွန်ကရစ်အထိမ်းအမှတ်တစ်ခု ရှိပြီး ကျောက်တိုင်တစ်ခုဖြင့် ဖုံးအုပ်ထားကာ ၎င်းတွင် ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသူတို့၏ အမည်များကို ရေးသားထားသည်။ ဤအထိမ်းအမှတ်နေရာကို ငြိမ်းချမ်းရေးမီးတိုင်နှင့် A-Bomb အဆောက်အဦးတို့နှင့် ချိန်ညှိကာ တည်ဆောက်ထားသည်။ ဤအမှတ်တရာနေရာသည် ၁၉၅၂ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် ပထမဆုံးသော အမှတ်တရအထိမ်းအမှတ်တစ်ခုလည်း ဖြစ်သည်။ ခုံးပုံစံသည် သေဆုံးခဲ့ရသူတို့၏ ဝိဉာဉ်များအတွက် အရိပ်အာဝါသအဖြစ် ရည်ရွယ်သည်။[၃][၁၃]
ဤအထိမ်းအမှတ်နေရာတွင်安らかに眠って下さい過ちは繰返しませぬからဟူသည့် စာသားကို ရေးသားထားသည်။ ၎င်း၏ အဓိပ္ပာယ်မှာ “ငြိမ်းချမ်းစွာ အနားယူပါ၊ ငါတို့ အမှားတွေကို ထပ်မံမပြုတော့ပါ” ဟူ၍ ဖြစ်သည်။ ဂျပန်ဘာသာစကားတွင် ပြုလုပ်သူ Subject ကို ချန်ထားခဲ့ပြီး ရေးလေ့ရှိကြသည်။ ထို့အတွက်ကြောင့် ဘာသာပြန်ပါက “ငါတို့သည် သို့မဟုတ် သူတို့သည်” ဟု ဘာသာပြန်နိုင်သည်။ ဤသည်မှာ ဟီရိုရှိးမားသေဆုံးဒုက္ခရောက်ခဲ့ရသူများကို အမှတ်တရဖြစ်စေရန် ရည်ရွယ်ပြီး နိုင်ငံရေးပြဿနာ မပါဝင်ပေ။[၁၄] ဤစာသားကိုလည်း ဟီရိုရှီးမားတက္ကသိုလ်၏ အင်္ဂလိပ်စာပေပရော်ဖက်ဆာ ဆအိခ တဒယောရှိ Tadayoshi Saika သည် ရေးသားခဲ့ခြင်း ဖြစ်သည်။[၁၅] သူသည် အင်္ဂလိပ်ဘာသာပြန် "Let al l t he souls here rest i npeace for we shal l not repeat t he evil ."ကိုလည်း ရေးသားခဲ့သည်။ ၁၉၈၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် အင်္ဂလိပ်ဘာသာအား ရှင်းပြထားသည့် ကမ္ဗည်းပြားကို ထပ်ဖြည့်ခဲ့သည်။ ၎င်တို့ we သည် ဂျပန် သို့မဟုတ် အမေရိကန်များကို ရည်ညွှန်းခြင်းမဟုတ်ပဲ လူသားအားလုံးကို ရည်ညွှန်းပြီး error ဆိုသည်မှာ စစ်၏ဆိုးကျိုးကို ဆိုလိုသည်ဟု ဆိုခဲ့သည်။
ငြိမ်းချမ်းရေးမီးတောက်
ငြိမ်းချမ်းရေးမီးတောက်သည် ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသူတို့အတွက် ရည်စူးသည့် အခြားသော အထိမ်းအမှတ်တစ်ခု ဖြစ်သည်။ ၎င်းတွင် သီးခြားရည်ရွယ်ချက်ရှိသည်။ ထိုမီးတောက်သည် မီးစတင်ထွန်းညှိသည့် ၁၉၆၄ ခုနှစ်မှကတည်းက ဆက်တိုက်လောင်ကျွမ်းလျက်ရှိသည်။ ထိုမီးတောက်သည် ကမ္ဘာမြေပေါ်တွင် နျူကလီးယားဗုံးများ ပျက်စီးသွားသည့်တိုင်အောင်၊ ကမ္ဘာပေါ်တွင် နျူကလီးယား ပျက်ပြုန်းကင်းစင်သွားသည့်တိုင်အောင် မီးတောက်လျက် ရှိနေမည် ဖြစ်သည်။[၁၆]
ငြိမ်းချမ်းရေးခေါင်းလောင်းများ
ငြိမ်းချမ်းရေးပန်းခြံတွင် ငြိမ်းချမ်းရေးခေါင်းလောင်းသုံးခု ရှိသည်။ သေးသောတစ်ခုကို ငြိမ်ချမ်းရေးအမှတ်တရပွဲအတွက်သာ အသုံးပြုသည်။ ထိုနေ့မှလွဲ၍ အခြားနေ့များတွင် ထိုခေါင်းလောင်းကို ဟီရိုရှီးမားငြိမ်းချမ်းရေးအမှတ်တရပြတိုက်၏ အရှေ့ဘက်အဆောက်အဦးတွင် ပြုသထားသည်။ ပိုမို၍ လူသိများသည့် ခေါင်းလောင်းကိုမူ ကလေးများငြိမ်းချမ်းရေးအမှတ်တရရုပ်တုအနီးအနားတွင် ထားရှိသည်။ ဖွင့်ထားသည့်ပုံစံဖြင့် ဆောက်ထားသည့် အဆောက်အဦးတွင် ချိတ်ဆွဲထားသည်။ လာရောက်လည်ပတ်သူများသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရည်စူးအားသန်ကာ ခေါင်းလောင်းကို တီးခတ်ကြသည်။ ထိုသို့ တီးခတ်သည့်အခါတွင် ခေါင်းလောင်း၏ ကျယ်လောင်သည့်အသံသည် ပန်းခြံတစ်ခုလုံးသို့ ပျံနှံ့သွားသည်။ ငြိမ်းချမ်းရေးခေါင်းလောင်းကို ၁၉၆၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ခေါင်းလောင်း၏ မျက်နှာပြင်တွင် ကမ္ဘာ့မြေပုံကို ရေးဆွဲထားပြီး sweet spot ကိုမူ အက်တမ်သင်္ကေတ ပြုလုပ်ထားသည်။ ၎င်းကို Masahiko Katori (1899-1988) က ဒီဇိုင်းဆွဲခဲ့သည်။ Oigo Bell Works က တိုယာမ၊ တကအိုကတွင် သွန်းလုပ်ခဲ့သည်။ ခေါင်းလောင်းတွင် ထွင်းထားသော စာသားများကို ဂရိ၊ ဂျပန်နှင့် သံသကရိုက် Sanskrit ဘာသာများဖြင့် ရေးထားသည်။ ၎င်းကို ဘာသာပြန်ပါက “သင့်ကိုယ်သင် သိပါ” ဟူ၍ ဖြစ်သည်။ ဂရိသံရုံးက ခေါင်းလောင်းကို ပန်းခြံသို့ လှူဒါန်းခဲ့ပြီး ရှေးကျသော ဂရိတို့၏ ဆွဲဆောင်မှုအရှိဆုံး အတွေးအခေါ်ဆိုင်ရာ ဆိုရိုးစကားကို ရွေးချယ်ခဲ့သည်။ သံသကရိုက် ဘာသာစကားမှာမူLonger Sukhāvat ī vyūha Sūtraမှ ဆိုရိုးစကားဖြစ်ပြီး အိန္ဒိယသံရုံးမှ မှန်ကန်ကြောင်း အတည်ပြုပေးသည်။ ဂျပန်ဘာသာစကားကိုမူ တက္ကသိုလ်တစ်ခု၏ ကထိကမှ ရေးသားထားပေးခြင်း ဖြစ်သည်။
အက်တမ်ဗုံးအမှတ်တရကုန်းမြေ
အက်တမ်ဗုံးအမှတ်တရကုန်း သည် ကြီးမား၍ မြက်များဖုံးလွှမ်းထားသည့် မြေကမူဖြစ်ပြီး ၎င်းတွင် ဗုံးကြောင့် အတည်ပြုနိုင်ခြင်း မရှိသည့် သေဆုံးခဲ့ရသူ ၇၀၀၀၀ ၏ အရိုးပြာများ ပါဝင်သည်။[၁၆]
ကိုရီးယားလူမျိုး သေဆုံးသူများအတွက် အထိမ်းအမှတ်
ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသည့် လူဦးရေ လေးသိန်းတွင် အနည်းဆုံး လူဦးရေ ၄၅၀၀၀ သည် ကိုရီးယားလူမျိုးများ ဖြစ်ကြသည်။ သို့သော်လည်း ဤအရေအတွက်သည် တိကျသေချာမှု မရှိပေ။ အဘယ့်ကြောင့်ဆိုသော် လူအနည်းစုသာ ဖြစ်သည့်အတွက် လူဦးရေကို လျစ်လျူရှုထားခဲ့သည့်အတွက် ဖြစ်သည်။ ထို့ပြင် ဂျပန်ကိုလိုနီမှ လွတ်လပ်ရေးရပြီးနောက် ဟီရိုရှီးမားနှင့် နာဂါဆာကီမှ အသက်ရှင်ကျန်ခဲ့သူ ၃၀၀၀၀၀သည် ကိုရီးယားနိုင်ငံသို့ ပြန်လာခဲ့သည်။[၁၇] ဂျပန်ကိုလိုနီပြုမှုနှင့် အက်တမ်ဗုံးမှ အသက်ရှင်လွတ်မြောက်ခဲ့သူများနှင့် သေဆုံးခဲ့ရသူများကို ဂုဏ်ပြုရည်စူးရန်အတွက် ကိုရီးယားအမျိုးသားသင်္ကေတဖြင့် အထိမ်းအမှတ်ရုပ်တုကို ပြင်ဆင်ခဲ့သည်။[၂] ရုပ်တုတွင် ထွင်းထားသည့် စာသားမှာ “အက်တမ်ဗုံးကြောင့် ဒုက္ခရောက်ခဲ့ရသူကိုရီးယားများ၏ အမှတ်တရ ရုပ်တု။ မြင့်မြတ်သည့် မင်းသား Yi Wu နှင့် အခြားသော ၂၀၀၀၀ ကျော်တို့၏ ဝိဉာဉ်များအတွက် အမှတ်တရ” ဟု ရေးထားသည်။ အခြားတစ်ဖက်တွင်လည်း “သေဆုံးခဲ့သူများ၏ ဝိဉာဉ်များသည် ပင်လယ်လိပ်၏ ကျောပေါ်တွင် စီးနင်းကာ ကောင်းကင်ဘုံသို့ သွားကြသည်” ဟု ရေးသားထားသည်။[၁၆]
ငြိမ်းချမ်းရေး ဂိတ်ပေါက်များ
၂၀၀၅ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ ဤအမှတ်တရနေရာတွင်လည်း ဂိတ်ပေါက် ၁၀ ခုပါဝင်ကာ ကမ္ဘာပေါ်ရှိ ဘာသာစကား ၄၉ မျိုးဖြင့် “ငြိမ်းချမ်းရေး” ဟု ရေးသားထားသည့် စာသားများ ပါဝင်သည်။ ဂိတ်ပေါက်များသည် ငရဲ၏ စက်ဝိုင်းကိုးခုကို ရည်ညွှန်း၍ ကျန်တစ်ခုသည် အက်တမ်ဗုံးကြောင့် အသက်ရှင်လျက် ငရဲဖြစ်ခဲ့ရသည့် ဟီရိုရှီးမားမြို့ ဟု ရည်ညွှန်းသည်။[၁၈] ဂိတ်တစ်ခုချင်းသည် ၉ မီတာ မြင့်မားကာ ၂.၆ မီတာ ကျယ်သည်။[၁၉]
စည်းရုံးခြင်း ခံခဲ့ရသည့် ကျောင်းသားများအတွက် အမှတ်တရတာဝါ
ဟီရိုရှိးမားစီရင်စုရှိ စည်းရုံးခံခဲ့ရသည့် ဒုက္ခသည်ကျောင်းသားများ အဖွဲ့အစည်းသည် ၁၉၆၇ ခုနှစ် မေလတွင် တာဝါကိုတည်ဆောက်ခဲ့သည်။ သေဆုံးခဲ့ရသည့် ကျောင်းသား ၁၀၀၀၀ ၏ ဝိဉာဉ်များကို ရည်စူးကာတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုကျောင်းသားများတွင် အက်တမ်းဗုံး ဗုံးပေါက်ကွဲ၍ သေဆုံးခဲ့ရသည့် ကျောင်းသားများနှင့် ပစိဖိတ်စစ်ပွဲတွင် ဗုံးကြောင့် သေဆုံးခဲ့ရသည့် ကျောင်းသားများ၏ ဝိဉာဉ်များကို ရည်ညွှန်းသည်။ အမှတ်တရတာဝါသည် ၁၂ မီတာ မြင့်၍ ငါးထပ် ဖြစ်သည်။ တာဝါ၏ ဘေးဘက်များတွင် ကျောင်းသားများ၏ လုပ်အားများ ဖြစ်သည့် စက်ရုံအလုပ်၊ အမျိုးသမီးကျောင်းသူများ၏ စက်ချုပ်ခြင်း၊ ကျောင်းသားများသည် အစားအသောက်ထုပ်လုပ်မှုတိုးတက်စေရန် အလုပ်လုပ်နေခြင်း စသည်တို့ကို ရေးဆွဲထားသည့် သတ္ထုပြား တည်ရှိသည်။ တာဝါ၏ အရှေ့ဘက်တွင် သတ္ထုပြားတစ်ခု တည်ရှိကာ ခလုတ်နှစ်ခု ပါဝင်သည်။ နောက်ခံသမိုင်းကြောင်းကို ဂျပန် သို့မဟုတ် အင်္ဂလိပ် ဘာသာဖြင့် ပြောဆိုပြနိုင်သည်။[၂၀]
အခြားအမှတ်တရနေရာများ
ပွဲတော်များ
ဟီရိုရှီးမား ပန်းပွဲတော်
ဤပန်းပွဲတော်ကို မေလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဂျပန်ဂိုးဒင်းဝိ Japan Golden Week တွင် ငြိမ်းချမ်းရေးပန်းခြံနှင့် ငြိမ်းချမ်းရေး လမ်းမကြီး၌ ကျင်းပသည်။