စက်တင်ဘာ ၁၁ တိုက်ခိုက်မှု

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် အမေရိကန်နိုင်ငံအား တိုက်ခိုက်မှု

စက်တင်ဘာ ၁၁ တိုက်ခိုက်မှု (The September 11 attacks၊ September 11၊ September 11th ၊ 9/11) ဆိုသည်မှာ အယ်လ်ကေးဒါး အကြမ်းဖက် အဖွဲ့အစည်းမှ အမေရိကန်ပြည်ထောင်စု အား ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နေ့တွင် တိုက်ခိုက်ခဲ့သော အသေခံတိုက်ခိုက်မှုများ ဖြစ်သည်။ ထိုမနက်တွင် အယ်လ်ကေးဒါး အကြမ်းဖက်သမား ၁၉ ယောက်သည် ခရီးသည်တင် လေယာဉ် ၄ စင်းအား ပြန်ပေးဆွဲခဲ့သည်။ [၁][၂] ထို့နောက် အကြမ်းဖက်သမားတို့သည် လေယာဉ် ၂စင်းအား ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ သို့ ဝါးလ်ထရိတ်စင်တာ တာဝါ ၂ခုသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ဝင်တိုက်ခဲ့သဖြင့် လေယာဉ်ပေါ်တွင် ပါလာသော ခရီးသည်အားလုံး သေဆုံးရုံသာမက အဆောက်အဦးအတွင်း အလုပ်လုပ်နေသူများပါ သေဆုံးခဲ့သည်။ တာဝါနှစ်ခုစလုံးသည် နှစ်နာရီ အတွင်းပြိုကျခဲ့ပြီး အနီးအနားရှိ အဆောက်အဦးများကို ဖျက်စီးပစ်ခဲ့ပြီး အခြား အဆောက်အဦးများကိုလည်း ပျက်စီးစေခဲ့သည်။ ပြန်ပေးဆွဲသူတို့သည် တတိယ လေယာဉ်ကို ဝါရှင်တန်ဒီစီ အပြင်ဘက် ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်ရှိ ပင်တဂွန် စစ်ဌာနချုပ်တွင်းသို့ ထိုးဆင်းခဲ့သည်။ စတုတ္ထမြောက် လေယာဉ်မှာ ပင်ဆယ်ဗေးနီးယားပြည်နယ် ကျေးလက်ဒေသဖြစ်သော ရှန့်ခ်ဗေးလ် တွင် ပျက်ကျခဲ့သည်။ ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများက လေယာဉ်ကို ပြန်လည် ထိန်းသိမ်းရန် ကြိုးစားပြီးနောက် ဖြစ်သည်။ အကြမ်းဖက်သမားများသည် ထိုလေယာဉ်အား ဝါရှင်တန် ဒီစီရှိ ကက်ပီတိုလ် အဆောက်အအုံ (ကွန်ဂရက် လွှတ်တော် အဆောက်အဦး) (သို့) အိမ်ဖြူတော်သို့ ဦးတည်နေသည်ဟု ယူဆရသည်။ လေယာဉ်အားလုံးတွင် အသက်ရှင် ကျန်ရစ်သူ တစ်ယောက်မှ မရှိခဲ့ပေ။

အထက်မှအောက်၊ ဝေါလ်ထရိတ်စင်တာ မီးလောင်နေပုံ၊ ဖလိုက်အမှတ် ၁၇၅ ဝေါလ်ထရိတ်စင်တာ အတွင်း ဝင်ရောက်တိုက်ခိုက်စဉ်၊ မီးသတ်သမားများက ဂရောင်းဇီးရိုးတွင် အကူအညီ တောင်းခံနေပုံ၊ ဖလိုက် ၉၃ မှ အင်ဂျင်ကို ပြန်လည်တွေ့ရှိစဉ်၊ ဖလိုက် ၇၇ ပင်တဂွန် အတွင်းသို့ ထိုးကျနေပုံ

ထိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃၀၀၀ ကျော် နှင့် အကြမ်းဖက်သမား ၁၉ ယောက် သေဆုံးခဲ့သည်။ [၃]နယူးယောက်ပြည်နယ် ကျန်းမာရေးဌာန၏ အဆိုအရ မီးသတ်သမားနှင့် ရဲများ အပါအဝင် ကူညီကယ်ဆယ်သူ ၈၃၆ဦး သေဆုံးခဲ့ရသည်။[၃] ဝေါလ်ထရိတ်စင်တာတွင် သေဆုံးသော ပြည်သူ ၂,၇၅၂ ဦးတွင် မီးသတ်သမား ၃၄၃ ဦးနှင့် နယူးယောက်မြို့တော် နှင့် ဆိပ်ကမ်းအာဏာပိုင် ရဲအဖွဲ့မှ ရဲအရာရှိ ၆၀ ဦး ပါဝင်သည်။[၄] အခြား ၁၈၄ ယောက်မှာ ပင်တဂွန် စစ်ဌာနချုပ်ကို တိုက်ခိုက်ရာတွင် သေဆုံးခဲ့သည်။ [၅] ထိခိုက်ဒဏ်ရာ ရသူနှင့် သေဆုံးသူ အများစုမှာ အရပ်သားများ ဖြစ်ပြီး နိုင်ငံပေါင်း ၇၀ ကျော်မှ နိုင်ငံသားများ ပါဝင်သည်။ [၆] ထိုမျှသာမက အခြားလူတစ်ဦးမှာလည်း ဝေါလ်ထရိတ်စင်တာ ပြိုကျမှုကြောင့် ပေါ်ထွက်လာသော ဖုန်မှုန့်များကို ရှူရှိုက်မိပြီး အဆုတ်ရောဂါဖြင့် သေဆုံးခဲ့ရသည်ဟု ဆရာဝန်တစ်ဦးက ဆိုသည်။[၇]

ထိုတိုက်ခိုက်မှု အပြီးတွင် အယ်လ်ကေးဒါး အဖွဲ့၏ ပယောဂ မကင်းနိုင်ကြောင်း သံသယများ အလျှင်အမြန်ဖြစ်ပေါ်လာခဲ့သည်။ ထိုအဖွဲ့၏ ခေါင်းဆောင် အိုစမာ ဘင်လာဒင် က အယ်လ်ကေးဒါး ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သော်လည်း ၂၀၀၄ ခုနှစ်တွင်မှု သူတို့၏ လက်ချက်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။[၈] အမေရိကန်က ထိုတိုက်ခိုက်မှု အတွက် အကြမ်းဖက်သမားတို့ နှင့် စစ်ပွဲ ဟုကြေညာကာ လက်တုံ့ပြန်ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံ ကို ၂၀၀၁ ခုနှစ်တွင် ဝင်ရောက်ကျူးကျော်ခဲ့သည်။ အယ်လ်ကေးဒါး အဖွဲ့ဝင်များအား ခိုလှုံခွင့် ပေးခဲ့သော တာလီဘန်အစိုးရကို ဖြုတ်ချပစ်ရန် ဖြစ်ပြီး အမေရိကန်မျိုးချစ်ဥပဒေကို အကောင်အထည်အဖော်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် မေလတွင်မှ အိုစမာဘင်လာဒင်ကို ရှာဖွေတွေ့ရှိပြီး လက်စတုံး နိုင်ခဲ့သည်။ အခြားနိုင်ငံများကလည်း အကြမ်းဖက်သမား ဆန့်ကျင်ရေး ဥပဒေများကို တင်းကြပ်ခဲ့ပြီး တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ခဲ့သည်။ အချို့သော အမေရိကန် စတော့ဈေးကွက် များသည် တိုက်ခိုက်မှု အပြီးတွင် ကျန်ရှိသော ရက်သတ္တပတ် တစ်ခုလုံး ပိတ်ထားခဲ့သည်။ ပြန်လည်ဖွင့်လှစ်သော အခါတွင် လေကြောင်းလိုင်းနှင့် အာမခံလုပ်ငန်းတို့၏ ရှယ်ယာများ အကြီးအကျယ် ဈေးကျ လာခဲ့သည်။ ဘီလီယံဒေါ်လာပေါင်း မြောက်မြားစွာတန်သော ရုံးခန်းများ ပျက်စီးသွားခြင်းကြောင့် မက်ဟက်တန် အောက်ပိုင်း ဒေသ၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

ပင်တဂွန် အဆောက်အအုံ၏ ပျက်စီးမှုကို တစ်နှစ်အတွင်း ရှင်းလင်းပြင်ဆင်နိုင်ခဲ့ပြီး ပင်တဂွန် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဆောက်အအုံကို ပျက်စီးသွားသော အဆောက်အအုံ၏ ဘေးတွင် တည်ဆောက်ခဲ့သည်။ ဝေါလ်ထရိတ်စင်တာ အဆောက်အအုံ ပြန်လည်တည်ဆောက်မှုကိုလည်း စတင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ပြိုကျ ပျက်စီးသွားသည့် နေရာနှင့် မျက်နှာချင်းဆိုင်တွင် "ဝေါလ်ထရိတ်စင်တာ ၇" ရုံးအဆောက်အအုံ အသစ်ကို တည်ဆောက်ပြီးစီးခဲ့သည်။ ပြိုကျပျက်စီးသွားသည့် နေရာတွင် တည်ဆောက်နေသည့် ဝမ်း ဝေါလ်ထရိတ်စင်တာ အဆောက်အဦးမှာ ၂၀၁၃ ခုနှစ်တွင် ပြီးစီးလိမ့်မည်ဟု မျှော်လင့်ရသည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် လေယာဉ်ခရီးစဉ် အမှတ် ၉၃ အတွက် နေရှင်နယ် မယ်မိုရီရယ်လ် အထိမ်းအမှတ် အဆောက်အအုံ တည်ဆောက်ရန် စတင် အုတ်မြစ်ချခဲ့သည်။ ဆောက်လုပ်ရေး၏ ပထမအဆင့်သည် စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှု၏ ဆယ်နှစ် နှစ်ပတ်လည် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်တွင် ပြီးစီးလိမ့်မည်ဟု မျှော်လင့်ရသည်။ [၉]

တိုက်ခိုက်မှုများ

ဝေါလ်ထရိတ်စင်တာ တိုက်ခိုက်မှုများကို ပြသော မြေပုံ (လေယာဉ်ပုံသည် စကေးကိုက် ဆွဲထားခြင်း မဟုတ်ပါ။)
ယူနိုက်တက် လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ် ၁၇၅ တောင်ဘက်တာဝါသို့ ဝင်တိုက်စဉ်
လေကြောင်းခရီးစဉ်အမှတ် ၇၇ ပင်တဂွန်သို့ ဝင်တိုက်သည်ကို လုံခြုံရေးကင်မရာမှ ရိုက်ကူးထားသောပုံ[၁၀]

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ရက် မနက်ခင်း အစောပိုင်းတွင် အကြမ်းဖက်သမား ၁၉ ယောက်တို့သည် ဆန်ဖရန်စစ္စကိုမြို့ နှင့် လော့စ်အိန်ဂျယ်လိစ်မြို့ တို့မှ ဘော့စတွန်မြို့၊ နယူးဝတ်မြို့ နှင့် ဝါရှင်တန်ဒီစီမြို့တို့သို့ ဦးတည်သွားနေသော ခရီးသည်တင်လေယာဉ် ၄ စင်းကို ပြန်ပေးဆွဲထိန်းချုပ်ခဲ့သည်။ [၁၁] မနက် ၈ နာရီ ၄၆ မိနစ်တွင် အမေရိကန် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၁၁ သည် ဝေါလ်ထရိတ်စင်တာ၏ မြောက်ဘက်တာဝါသို့ ဝင်တိုက်ခဲ့ပြီး ယူနိုက်တက် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၁၇၅ သည် တောင်ဘက်တာဝါသို့ မနက် ၉ နာရီ ၃ မိနစ် အချိန်တွင် ဝင်တိုက်ခဲ့သည်။[၁၂][၁၃]

အခြား အကြမ်းဖက်သမား အုပ်စုတစ်စုကမူ အမေရိကန်လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၇၇ ကို မနက် ၉နာရီ ၃၇ မိနစ်တွင် ပင်တဂွန် စစ်ဌာနချုပ် အတွင်းသို့ ထိုးဆင်း တိုက်ခိုက်ခဲ့သည်။.[၁၄] စတုတ္ထမြောက် လေယာဉ်ဖြစ်သော ယူနိုက်တက် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၉၃ မှာ မနက် ၁၀ နာရီ ၃ မိနစ် အချိန်တွင် ပင်ဆယ်ဗေးနီးယားပြည်နယ် ရှန့်ခ်ဗေးလ်ဒေသတွင် ပျက်ကျခဲ့သည်။ လေယာဉ်ပေါ်ရှိ ခရီးသည်များနှင့် အကြမ်းဖက်သမားတို့ တိုက်ခိုက်မှု ဖြစ်ပွားအပြီးတွင် ဖြစ်သည်။ ထိုလေယာဉ်၏ ဦးတည်ရာမှာ အမေရိကန် ကွန်ဂရက် ကျင်းပရာ နေရာဖြစ်သော ကက်ပီတိုလ် အဆောက်အအုံ သို့မဟုတ် အိမ်ဖြူတော် ဖြစ်မည်ဟု ယူဆရသည်။[၁၅][၁၆]

အချို့သော ခရီးသည်များသည် လေယာဉ်အတွင်းရှိ တယ်လီဖုန်း နှင့် မိုဘိုင်းဖုန်းများကို အသုံးပြု၍ ဖုန်းခေါ်နိုင်ခဲ့ကြပြီး [၁၇][၁၈] ပြန်ပေးဆွဲသူများသည့် မေ့စ် သို့မဟုတ် အခြားသော အလားတူ အသွင်သဏ္ဌာန် ရှိသော ဓာတုဓာတ်ငွေ့များကို အသုံးပြုခဲ့ကြောင်း၊ အချို့သော လေယာဉ်ခရီးသည်များမှာ ဓားဖြင့် ထိုးခံရကြောင်း စသည့် အသေးစိတ် အချက်အလက်များကို ပြန်လည်ပြောကြားနိုင်ခဲ့ ကြသည်။ [၁၉][၂၀][၂၁][၂၂] မှတ်တမ်းများ အရ ဖလိုက်နှစ်ခုတွင် ပြန်ပေးဆွဲသူများသည် လေယာဉ်ပိုင်းလော့များ နှင့် လေယာဉ် အမှုထမ်းများကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရပြီး ခရီးသည် တစ်ဦးလည်း ဓားဖြင့် ထိုးသတ်ခံခဲ့ရကြောင်း သိရသည်။[၂၃][၂၄] နိုင်းအယ်လဲဗင်း ကော်မရှင်၏ စုံစမ်းတွေ့ရှိချက်အရ ပြန်ပေးသမား နှစ်ဦးတို့သည် လတ်တလောတွင် လယ်သာမင်း (Leatherman) လက်မှုသုံး ကိရိယာများကို ဝယ်ယူခဲ့ကြောင်း သိရှိရသည်။[၂၅] ခရီးစဉ်အမှတ် ၁၁ ပေါ်မှ လေယာဉ်အမှုထမ်း တစ်ဦး၊ ခရီးစဉ်အမှတ် ၁၇၅ ပေါ်မှ ခရီးသည်တစ်ဦးနှင့် ခရီးစဉ်အမှတ် ၉၃ မှ ခရီးသည်များ၏ ပြောပြချက်အရ အကြမ်းဖက်သမားများသည် ဗုံးများ ပါရှိကြောင်း သိရပြီး ခရီးသည် တစ်ဦးကမူ ထိုဗုံးများသည် အတုများ ဖြစ်လိမ့်မည်ဟု ထင်ကြောင်း ပြောခဲ့သည်။ လေယာဉ်ပျက်ကျသည့် နေရာတွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်း အစအန တစ်ခုမျှ မတွေ့ရသည့် အတွက် ဗုံးများမှာ အတုများပင် ဖြစ်လိမ့်မည်ဟု နိုင်းအယ်လဲဗင်းကော်မရှင်က ယူဆခဲ့သည်။ [၂၃]

ယူနိုက်တက် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၉၃ ပေါ်တွင်မူ လေယာဉ်ဦးခေါင်းခန်း အသံဖမ်းစက်မှ ပြန်လည် ကြားရသည့် အသံများအရ လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များသည် ထိုနေ့ မနက်က အခြား ပြန်ပေးဆွဲခံရသော လေယာဉ်များ အဆောက်အဦးများ အတွင်းသို့ ထိုးဆင်း တိုက်ခိုက်ကြောင်း တယ်လီဖုန်းခေါ်ဆိုမှုများမှ သိရှိပြီးသည့်နောက်တွင် ပြန်ပေးသမားများထံမှ လေယာဉ်ကို ပြန်လည် ရရှိ ထိန်းချုပ်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။ [၂၆] ပြန်ပေးသမား တစ်ယောက်က သူတို့အနေနှင့် လေယာဉ် ထိန်းချုပ်မှုကို ခရီးသည်များထံသို့ ပြန်လည် လက်လွတ် ဆုံးရှုံးတော့မည်ကို သိရှိသည့် အခါတွင် လေယာဉ်ကို တစ်ပတ်လှိမ့်ရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။ [၂၇] မကြာမီ အချိန်တွင် လေယာဉ်သည် ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဆမ်းမားဆက် ကောင်တီ၊ စတုန်းနီး ခရိ မြို့နယ် အတွင်းရှိ ရှန့်ခ်ဗေးလ် သို့ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၃ မိနစ် ၁၁ စက္ကန့် (၁၄:၀၃:၁၁ UTC) တွင် ပျက်ကြခဲ့သည်။

တာဝါနှစ်ခုစလုံး ပြိုကျပြီးနောက် တွေ့ရသည့် ဝေါလ်ထရိတ်စင်တာ မြင်ကွင်း

၂၀၀၂ ခုနှစ် စက်တင်ဘာလ အတွင်းအယ်လ် ဂျဇီးရ သတင်းဌာန မှ သတင်းထောက် ယော့စ်ရီ ဖိုဒါ က တိုက်ခိုက်မှုများကို နောက်ကွယ်မှ ကြိုးကိုင် ဖန်တီးခဲ့သည်ဟု ယုံကြည်ရသော ခါလစ်ဖ် ရှိတ် မိုဟာမက်နှင့် ရမ်ဆီ ဘင် အယ်လ် ရှစ်ဗ် တို့ကို တွေ့ဆုံမေးမြန်းရာတွင် စတုတ္ထမြောက် လေယာဉ်သည် အမေရိကန် ပြည်ထောင်စု ကက်ပီတိုလ် အဆောက်အအုံသို့ ဦးတည်ခဲ့ခြင်း ဖြစ်ပြီး အိမ်ဖြူတော်သို့ ဦးတည်ခဲ့ခြင်း မဟုတ်ကြောင်း၊ ထိုနေရာကို လျှို့ဝှက်အမည် " ဥပဒေကျောင်းတော်" (the Faculty of Law) ဟု အမည်ပေးခဲ့ကြောင်း သိရှိခဲ့ရသည်။ [၂၈] သူတို့၏ ပြောပြချက်အရ သိရသည်မှာ အယ်လ် ကေးဒါးသည် အစပထမပိုင်းတွင် ပြန်ပေးဆွဲထားသည့် လေယာဉ်တို့ကို ဝေါလ်ထရိတ်စင်တာ နှင့် ပင်တဂွန် တို့အစား နျူးကလီးယား စက်ရုံများ တည်ရှိရာသို့ ပျံသန်းတိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သော်လည်း အခြေအနေကို ထိန်းချုပ်မရမည်ကို စိုးရိမ်သည့် အတွက် လတ်တလော အနေနှင့် နျူးကလီးယား ဓာတ်အားပေး စက်ရုံများကို မတိုက်ခိုက်ခြင်း ဖြစ်ကြောင်းပင် ဖြစ်သည်။ [၂၉]

တိုက်ခိုက်ခံရသည့် နေ့တွင်ပင် တည်ဆောက်မှု ပုံသဏ္ဌာန် ပျက်စီးမှုကြောင့် ဝေါလ်ထရိတ်စင်တာ အဆောက်အဦး အစုအဝေးမှ အဆောက်အဦး ၃လုံး ပြိုကျ ပျက်စီးခဲ့သည်။[၃၀] တောင်ဘက်တာဝါ သည် ယူနိုက်တက် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၁၇၅ ဖြင့် တိုက်မိပြီးနောက် ၅၆မိနစ်အကြာ မီးလောင်ကျွမ်းခဲ့ပြီး မနက် ၉နာရီ ၅၉ မိနစ်ခန့်တွင် ပြိုကျခဲ့သည်။ မြောက်ဘက်တာဝါမှာမူ ၁၀၂ မိနစ်ခန့် မီးလောက်ကျွမ်းပြီးနောက် မနက် ၁၀ နာရီ ၂၈ မိနစ်ခန့်တွင် ပြိုကျ ပျက်စီးခဲ့သည်။ [၃၀] မြောက်ဘက်တာဝါ ပြိုကျပြီးနောက်တွင် အပျက်အစီးများသည် အနီးအနားရှိ ဆဲဗင်း ဝေါလ်ထရိတ်စင်တာ အဆောက်အအုံပေါ်သို့ ကျရောက်ခဲ့ပြီး ထိုအဆောက်အဦးကို ပျက်စီးစေကာ မီးစတင် လောင်ကျွမ်းခဲ့သည်။ ထိုမီးသည် နာရီအတော်ကြာမျှ လောင်ကျွမ်းပြီးနောက် အဆောက်အဦး၏ တည်ဆောက်မှု ပုံသဏ္ဌာန်ကို ပျက်စီးစေကာ အဆောက်အဦး၏ အရှေ့ဘက်ပိုင်း ပင့်ဟောက်စ်မှာ ညနေ ၅ နာရီ ၂၀ မိနစ်တွင် ပြိုကျခဲ့ပြီး အဆောက်အဦး တစ်ခုလုံးသည် ညနေ ၅ နာရီ ၂၁ မိနစ်တွင် ပြိုကျခဲ့သည်။[၃၁][၃၂]

ထိုသို့သော တိုက်ခိုက်မှုများကြောင့် အမေရိကန်နိုင်ငံ တဝှမ်းလုံးရှိ သတင်းဌာနများနှင့် လေကြောင်းထိန်းသိမ်းရေး ဌာနများတွင် အကြီးအကျယ် အရှုပ်အထွေး ဖြစ်စေခဲ့သည်။ နိုင်ငံတကာမှ လေကြောင်းလိုင်းများ အမေရိကန် မြေပေါ်သို့ ဆင်းသက်မှုကို ၃ ရက်ကြာမျှ ပိတ်ပင်တားဆီး ထားခဲ့သည်။[၃၃] အချို့ ပျံသန်းလက်စ လေယာဉ်များမှာ လမ်းတဝက်မှ ပြန်လှည့်စေခဲ့ပြီး အချို့ကို ကနေဒါနှင့် မက္ကဆီကိုရှိ လေဆိပ်များသို့ ဆင်းသက်စေခဲ့သည်။ ထို သတင်းမှား များထဲမှ ထင်ရှားသော သတင်းတစ်ခုမှာ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန အဆောက်အဦးတွင် ကား ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည် ဟူ၍ ဖြစ်သည်။ [၃၄] ပင်တဂွန် လေယာဉ်ပျံပျက်ကျကြောင်း သတင်းကြေညာအပြီးတွင် နေရှင်နယ် မောလ်တွင် မီးလောင်သည်ဟု အချို့ သတင်းဌာနတို့က သတင်းမှား ထုတ်ပြန်ခဲ့ကြပြန်သည်။ [၃၅] အေပီသတင်းဌာန၏ သတင်းတွင်လည်း ဒယ်လ်တာ လေကြောင်းလိုင်း၏ လေကြောင်းခရီးစဉ်အမှတ် ၁၉၈၉ ပြန်ပေးဆွဲခံရကြောင်း ကြေညာခဲ့သည်။ ထိုသတင်းမှာလည်း သတင်းမှားပင် ဖြစ်သည်။ ထိုလေယာဉ်မှာ ပြန်ပေးဆွဲခံရသည်ဟု ထင်မြင်ခံကြသော်လည်း လေကြောင်းထိန်းသိမ်းရေး သမားများ နှင့် အဆက်အသွယ် ရခဲ့ပြီး အိုဟိုင်းယိုးပြည်နယ် ကလိဗ်လန်း တွင် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။

ထိခိုက်မှုများ

ယူနိုက်တက် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၉၃ စက်တင်ဘာ ၁၁ရက် ကပင်ဆယ်ဗေးနီးယားပြည်နယ် တောင်ပိုင်းတွင် ပျက်မကျခင် အချိန် အထိ သွားခဲ့သော လမ်းကြောင်း

စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂၉၇၇ ဦးနှင့် အကြမ်းဖက်သမား ၁၉ ဦး စုစုပေါင်း ၂၉၉၆ ဦး သေဆုံးခဲ့ရသည်။ သေဆုံးသူ ပြည်သူများမှာ အောက်ပါအတိုင်းဖြစ်သည်။ လေယာဉ်ပျံ လေးစင်းပေါ်တွင် လူပေါင်း ၂၄၆ ယောက် (တစ်ယောက်မျှ အသက်ရှင် မကျန်ရစ်ခဲ့ပေ။) နယူးယောက်မြို့တော်တွင် တာဝါများထဲရှိနေသူနှင့် မြေပေါ်တွင် ရှိနေသူ ၂၆၀၆ ဦး၊ ပင်တဂွန် စစ်ဌာနချုပ်တွင် ၁၂၅ ဦး တို့ဖြစ်ကြသည်။ [၃၆][၃၇] တိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသူများ အားလုံးမှာ ပင်တဂွန် စစ်ဌာနချုပ်မှ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ် ၅၅ ယောက်မှ လွဲလျှင် အရပ်သားများသာ ဖြစ်ကြသည်။[၃၈]

ထိုတိုက်ခိုက်မှုကြောင့် နိုင်ငံပေါင်း ၉၀ ကျော်မှ သူတို့၏ နိုင်ငံသားများကို ဆုံးရှုံးခဲ့ရသည်။[၃၉] ၂၀၀၇ ခုနှစ်တွင် နယူးယောက်မြို့တော် ကျန်းမာရေး စစ်ဆေးမှုရုံးမှ ဖယ်လစ်ဆီယာ ဒန် ဂျုံးကို စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှု၏ သေဆုံးသူ စာရင်းတွင် တရားဝင် ထည့်သွင်းခဲ့သည်။ ဒန်ဂျုံးသည် ဝေါလ်ထရိတ်စင်တာ ပြိုကျရာမှ ပေါ်ထွက်လာသော ဖုန်မှုန့် သဲမှုန့်များကို ရှုသွင်းမိရာမှ အဆုတ်ရောဂါဖြစ်ပွား၍ စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှု အပြီး ၅လအကြာတွင် သေဆုံးရခြင်း ဖြစ်သည်။ [၄၀] ၂၀၀၈ ခုနှစ်တွင် လင်ဖိုးမား (lymphoma) ရောဂါဖြင့် ၂၀၀၈ ခုနှစ်တွင် သေဆုံးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် သေဆုံးသူစာရင်းသို့ ထည့်သွင်းခဲ့သည်။ [၄၁]

သေဆုံးသူများ (ပြန်ပေးသမားမပါ)
နယူးယောက်
မြို့တော်
ဝေါလ်ထရိတ်စင်တာ၂,၆၀၆[၃၆][၄၂]
အမေရိကန် လေကြောင်း ခရီးစဉ် ၁၁၈၇[၄၃]
ယူနိုက်တက် လေကြောင်း ခရီးစဉ် ၁၇၅၆၀[၄၄]
အာလင်တန်ပင်တဂွန်၁၂၅[၄၅]
အမေရိကန်လေကြောင်း ခရီးစဉ် ၇၇၅၉[၄၆]
ရှန့်ခ်ဗေးလ်ယူနိုက်တက် လေကြောင်း ခရီးစဉ် ၉၃၄၀[၄၇]
စုစုပေါင်း၂,၉၇၇

အမျိုးသား စံနှုန်းသတ်မှတ်ရေး နှင့် နည်းပညာ အင်စတီကျု (NIST) က တိုက်ခိုက်ခံရချိန်တွင် ဝေါလ်ထရိတ် စင်တာ အတွင်း၌ လူပေါင်း ၁၇,၄၀၀ ခန့် ရှိမည်ဟု ခန့်မှန်းခဲ့သည်။ ဆိပ်ကမ်း အာဏာပိုင် အဖွဲ့၏ တံခါးအဖွင့်အပိတ် ရေတွက်ချက် အရ မနက် ၈ နာရီ ၄၅မိနစ်တွင် ဝေါလ်ထရိတ် စင်တာ အဆောက်အဦး နှစ်ခု အတွင်း လူပေါင်း ၁၄,၁၅၄ ဦး ရှိတတ်သည်ဟု ဆိုသည်။ [၄၈][၄၉] လေယာဉ်ဖြင့် တိုက်ခဲ့သည့် အထပ်၏ အောက်ဘက်ရှိ လူအများစုကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည်။ ထို့ပြင် တောင်ဘက်တာဝါရှိ လေယာဉ် တိုက်ခံရသော အထပ်ရှိ လူ ၁၈ဦးနှင့် လေယာဉ်တိုက်ခံရသော အထပ် အပေါ်ဘက်တွင် ရှိသော်လည်း မပျက်စီးသေးသည့် လှေကားကို အသုံးပြု၍ လွတ်မြောက်လာသူ တစ်ဦးကိုလည်း ကယ်ထုတ် နိုင်ခဲ့သည်။ [၅၀] လေယာဉ်ဝင်တိုက်ခဲ့သော အထပ် အပေါ်ဘက်တွင် ရှိနေသူများထဲမှ မြောက်ဘက်တာဝါတွင် အနည်းဆုံး ၁,၃၆၆ ဦး နှင့် တောင်ဘက်တာဝါတွင် အနည်းဆုံး ၆၁၈ ဦး သေဆုံးခဲ့ရသည်။ တောင်ဘက်တာဝါတွင် လေယာဉ် ဝင်မတိုက်မီ အချိန်ကတည်းက တာဝါ အတွင်းရှိလူများ ထွက်ခွာရေးကို စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သေဆုံးသူ အားလုံး၏ ၉၀ ရာခိုင်နှုန်း ကျော်မှာ လေယာဉ် အတိုက်ခံရသော အထပ် သို့မဟုတ် ထိုအထပ်၏ အပေါ်ဘက်ရှိ အထပ်များတွင် ရှိနေကြသူများ ဖြစ်သည်။

စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာအရ လေယာဉ်များ ဝင်တိုက်သည့် အချိန် တွင် လူရာပေါင်းများစွာ ရုတ်တရက် သေဆုံးခဲ့ရသည်ဟု ဆိုပြီး အခြားသူများမှာ အဆောက်အဦးထဲတွင် ပိတ်မိနေကာ တာဝါပြိုကျချိန်တွင် သေဆုံးခဲ့ရသည် ဟု ဆိုသည်။ [၅၁] အနည်းဆုံး လူပေါင်း ၂၀၀ ခန့်သည် မီးလောင်နေသော တာဝါပေါ်မှ ခုန်ချရာမှ အောက်ဘက် အမြင့်ပေ ရာပေါင်းမျာစွာသော အကွာအဝေးတွင် ရှိနေသော အိမ်များ၏ ခေါင်မိုးများ နှင့် လမ်းများပေါ်သို့ ကျရောက်ခြင်း ဖြင့် သေဆုံးခဲ့ရသည်။ [၅၂] တိုက်ခိုက်ခံရသော အထပ်၏ အပေါ်ဘက်တွင် ရှိနေသော သူအချို့မှာ ဟယ်လီကော်ပတာ ဖြင့် ကယ်ဆယ်ခံရမည်ဆိုသော မျှော်လင့်ချက်ဖြင့် ခေါင်မိုးဆီသို့ ဦးတည်တက်သွားကြသော်လည်း ခေါင်မိုးပေါ်သို့ ဝင်ရောက်နိုင်သော တံခါးများမှာ သော့ခတ်၍ ပိတ်ထားခဲ့သည်။ အမှန်တကယ်တွင် ထိုနေ့က ဟယ်လီကော်ပတာဖြင့် ကယ်ဆယ်ရန် အစီအစဉ် မရှိခဲ့ပေ။ မဲမှောင်နေသော မီးခိုးများနှင့် အလွန်ပူပြင်းသော အပူချိန်တို့က ဟယ်လီကော်ပတာဖြင့် ကယ်ဆယ်၍ မဖြစ်နိုင်ရန် တာဆီးခဲ့ကြသည်။[၅၃]

တိုက်ခိုက်ခံရသည့် နေ့အပြီးတွင် ဝေါထရိတ်စင်တာ ၆ ၏ အကြွင်းအကျန် အစအနများ

အခင်းဖြစ်ပွားရာနေရာတွင် လူများကို ကယ်ဆယ်ရန်နှင့် မီးသတ်ရန် ရောက်ရှိနေကြသော အရေးပေါ်ဝန်ထမ်း စုစုပေါင်း ၄၁၁ ဦးသေဆုံးခဲ့ရသည်။ နယူးယောက်မြို့တော် မီးသတ်ဌာန (FDNY) မှ မီးသတ်သမား ၃၄၁ ဦး နှင့် ရှေးဦးသူနာပြုဝန်ထမ်း ၂ ဦး ဆုံးရှုံးခဲ့ရသည်။ [၅၄] နယူးယောက်မြို့တော် ရဲဌာနမှ အရာရှိ ၂၃ ဦး ဆုံးရှုံးခဲ့ရသည်။ [၅၅] ဆိပ်ကမ်း အာဏာပိုင် ရဲဌာနမှ အရာရှိ ၃၇ ဦး ဆုံးရှုံးခဲ့ရသည်။ [၅၆] ပုဂ္ဂလိက အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းမှ အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း နှင့် သူနာပြု ၈ ဦး ထပ်မံ ဆုံးရှုံးခဲ့ရသည်။[၅၇][၅၈]

ဝမ်း ဝေါလ်ထရိတ်စင်တာ၏ ၁၀၁ ထပ်မှ ၁၀၅ ထပ် အတွင်း တည်ရှိသော ကင်န်တာ ဖစ်ဇ်ဂျာရဲ အယ်လ်ပီ (Cantor Fitzgerald L.P) ရင်းနှီးမြှုပ်နှံမှု ဘဏ်မှ ဝန်ထမ်းပေါင်း ၆၅၈ ဦး ဆုံးရှုံးခဲ့ရပြီး အခြားအဖွဲ့အစည်းများနှင့် စာလျှင် အလွန် များပြားသည် ဟု ဆိုနိုင်သည်။ [၅၉] ကင်န်တာ ဖစ်ဇ်ဂျာရဲ၏ အောက်ဘက် ကပ်လျှက် ၉၃ ထပ်မှ ၁၀၁ ထပ် အထိ တည်ရှိပြီး လေယာဉ်ခရီးစဉ် ၁၁ ၏ တိုက်ခိုက်ရာ နေရာတွင် တည်ရှိသော မာ့ရှ် ကုမ္ပဏီမှာ ဝန်ထမ်းပေါင်း ၃၅၅ ဦး ဆုံးရှုံးခဲ့ရသည်။ အေရွန် ကော်ပိုရေးရှင်းမှ ဝန်ထမ်း ၁၇၅ ဦး ဆုံးရှုံးခဲ့ရသည်။ နယူးယောက်ပြီးလျှင် နယူးဂျာစီပြည်နယ်သည် ဆုံးရှုံးသူ ဒုတိယအများဆုံးဖြစ်ပြီး ဟိုဘိုကန်မြို့မှ သေဆုံးသူ အများအပြား ရှိခဲ့သည်။[၆၀]

တိုက်ခိုက်မှု အပြီး ရတ်သတ္တပတ် အနည်းငယ် ကြာသည် အထိ သေဆုံးသူပေါင်း ၆၀၀၀ ကျော်ခန့် ရှိမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း [၆၁] ထို ကိန်းဂဏန်းမှာ သေဆုံးသည်ဟု အမှန်တကယ် အတည်ပြုသည့် ဦးရေ ထက် နှစ်ဆမျှ ပိုများနေခဲ့သည်။ မြို့တော် အနေနှင့် ဝေါလ်ထရိတ်စင်တာတွင် သေဆုံးရသူ ၁,၆၀၀ ခန့်ကိုသာ မည်သူမည်ဝါဖြစ်သည်ဟု ခွဲခြားနိုင်ခဲ့သည်။ ကျန်းမာရေး စစ်ဆေးမှုဆိုင်ရာ ရုံးမှလည်း သေဆုံးသူ စာရင်းနှင့် တွဲဖက် ဆက်စပ်၍ မရနိုင်သော အရိုး နှင့် တစ်ရှူး အပိုင်းအစ ၁၀,၀၀၀ ခန့်ကို သိမ်းဆည်းထားခဲ့သည်။ [၆၂] ၂၀၀၆ ခုနှစ်တွင် အလုပ်သမားများက ပျက်စီးသွားသော ဒျုရှ်ဘဏ် အဆောက်အဦးကို ဖြိုဖျက်ရန် အတွက် ပြင်ဆင်ချိန်တွင်ပင် အရိုးအပိုင်းအစများကို ထပ်မံတွေ့ရှိရသေးသည်။ ၂၀၁၀ ခုနှစ် ဧပြီလ ၂ရက်တွင် မနုဿဗေဒ ပညာရှင်များနှင့် ရှေးဟောင်းသုတေသနပညာရှင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့က စတေတန် ကျွန်းရှိ ဖရက်ရှ်ကေးလ် လင်းန်ဖေး (Fresh Kills Landfill) တွင် ထားရှိသော လူတို့၏ အကြွင်းအကျန်များ၊ လက်မှုပစ္စည်းများနှင့် အဆောင်အယောင် ပစ္စည်းများကို ရှာဖွေခဲ့ကြသည်။ ထိုရှာဖွေမှုမှာ ၂၀၁၀ ဇွန်လတွင် အဆုံးသတ်၍ စုစုပေါင်း လူ ၇၂ ဦး၏ အကြွင်းအကျန်များကို တွေ့ရှိခဲ့သဖြင့် စုစုပေါင်း ရှာဖွေတွေ့ရှိသော လူတို့၏ အကြွင်းအကျန် အရေအတွက်ကို ၁၈၄၅ ဦးအထိ တိုးမြှင့်နိုင်ခဲ့သည်။ ဝေါလ်ထရိတ်စင်တာတွင် သေဆုံးခဲ့သူ ၁၆၂၉ ဦးတို့ မည်သူမည်ဝါ ဖြစ်သည်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒီအင်န်အေ တွဲဆက်သော နည်းဖြင့် အခြားသေဆုံးသူတို့ အား မည်သူမည်ဝါ ဖြစ်သည်ကို ဆက်လက်စုံစမ်းနေဆဲပင်ဖြစ်သည်။[၆၃]

ပျက်စီးမှုများ

ပင်တဂွန်သည် မီးလောင်ပျက်စီးခဲ့ပြီး တဝက်တပျက် ပြိုကျခဲ့သည်။

အထပ် ၁၁၀ ရှိသော ဝေါထရိတ်စင်တာ၏ တွင်တာဝါ နှစ်ခုနှင့် အတူ ထိုအနီးအနားရှိ အခြား အဆောက်အဦးများလည်း ပြိုကျခြင်း သို့ အကြီးအကျယ် ပျက်စီးခြင်း ဖြစ်ခဲ့သည်။ ထို အဆောက်အဦးများမှာ ဆဲဗင်း ဝေါလ်ထရိတ်စင်တာ၊ ဆစ်စ် ဝေါလ်ထရိတ်စင်တာ၊ ဖိုက် ဝေါလ်ထရိတ်စင်တာ၊ ဖိုး ဝေါလ်ထရိတ်စင်တာ၊ မာရီးယော့ ဝေါလ်ထရိတ် စင်တာ (သရီး ဝေါလ်ထရိတ်စင်တာ)၊ ကမ္ဘာ့ ငွေကြေး ဌာန အဆောက်အအုံနှင့် စိန့်နီကိုးလပ်စ် ဂရိ အော်သိုဒေါ့ ဘုရားကျောင်း အဆောက်အအုံတို့ ဖြစ်ကြသည်။[၆၄]

ဝေါလ်ထရိတ်စင်တာ အဆောက်အဦး အစုအဝေးတွင် ပါဝင်သော အဆောက်အဦးများတွင် မြောက်ဘက်တာဝါ (ဝမ်း ဝေါလ်ထရိတ် စင်တာ)၊ တောင်ဘက်တာဝါ ( တူး ဝေါလ်ထရိတ် စင်တာ)၊ မားရီးယော့ ဟိုတယ် ( သရီး ဝေါလ်ထရိတ် စင်တာ) နှင့် ဆဲဗင်း ဝေါလ်ထရိတ် စင်တာ အဆောက်အဦးတို့မှာ လုံးဝ ဥဿုံ ပျက်စီးခဲ့ရသည်။ ဖိုး ဝေါလ်ထရိတ်စင်တာ၊ ဖိုက် ဝေါလ်ထရိတ်စင်တာ၊ ဝမ်း လစ်ဘာတီ ပလာဇာ၊ အမေရိကန် အကောက်ခွန် အဆောက်အအုံ (ဆစ်စ် ဝေါလ်ထရိတ်စင်တာ) နှင့် လူကူးတံတား နှစ်ခုတို့မှာ အပြင်းအထန် ပျက်စီးခဲ့ရသည်။ အမှတ် ၁၃၀ လစ်ဘာတီလမ်း ရှိ ဒျုရှ်ဘဏ် အဆောက်အအုံမှာလည်း တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရပြီး နောင်တွင် ဖြိုချပစ်ခဲ့သည်။ ကမ္ဘာ့ငွေကြေးဌာန၏ အဆောက်အအုံ ၂ ခုမှာလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

ဝေါလ်ထရိတ်စင်တာမှ လစ်ဘာတီလမ်းကို ဖြတ်လျှက် တည်ရှိသော ဒျုရှ်ဘဏ် အဆောက်အအုံမှာ နေထိုင်ရန် မဖြစ်နိုင်ခြင်း၊ အတွင်းပိုင်း ရုံးတာဝါများ အတွင်း အဆိပ်သင့် စေနိုင်သော အခြေအနေရှိခြင်းတို့ကြောင့် နေထိုင်ရန် မသင့်လျော်ဟု ကြေညာခဲ့ကာ ဖြိုချ ဖျက်စီးပစ်ခဲ့သည်။[၆၅][၆၆] အမှတ် ၃၀၊ အနောက် ဘရော့ဒ်ဝေး ရှိ ဘိုးရိုး မက်ဟက်တန် ကွန်မျူနီတီ ကောလိပ်၏ ဖစ်တာမင်းန်း အဆောင်မှာလည်း အကြီးအကျယ် ပျက်စီခဲ့ခြင်းကြောင့် နေထိုင်ရန် မသင့်လျော်ကြောင်း ကြေညာခဲ့ပြီး ဖြိုချပစ်မည့် အဆောက်အဦးများ စာရင်းတွင် ထည့်သွင်းခဲ့သည်။

အခြား အနီးအပါးရှိ အဆောက်အဦးများ ဖြစ်ကြသော အမှတ် (၉၀) ဝက်စ် စထရိ အဆောက်အအုံနှင့် ဗဲရီးဇုန် အဆောက်အအုံတို့မှာ ကြီးကျယ်စွာ ပျက်စီးခဲ့ရသော်လည်း ပြန်လည် ပြုပြင်နိုင်ခဲ့သည်။[၆၇] ကမ္ဘာ့ငွေကြေးဌာန အဆောက်အအုံ၊ ဝမ်း လစ်ဘာတီ ပလာဇာ၊ မီလေးနီးယန် ဟေလ်တန် ဟိုတယ် နှင့် အမှတ် ၉၀ ဘုရားကျောင်း လမ်း အဆောက်အအုံ တို့မှာလည်း အသင့်အတင့် ပျက်စီးခဲ့ရသည်။ [၆၈] သို့သော်လည်း ပြန်လည် ပြုပြင် နိုင်ခဲ့သည်။ မြောက်ဘက် တာဝါ၏ အပေါ်ရှိ ရေဒီယို၊ ရုပ်မြင်သံကြားထုတ်လွှင့်စက်၊ နှစ်လမ်းသွား ရေဒီယို အင်တင်နာ မျှော်စင်စသည့် ဆက်သွယ်ရေး ကိရိယာများမှာလည်း ပျက်စီးခဲ့ရသည်။ သို့သော်လည်း အသံလွှင့် ဌာနများသည် ဆစ်ဂနယ်များကို အခြားလမ်းကြောင်းသို့ ပြောင်းလဲခဲ့ပြီး ဆက်လက် ထုတ်လွှင့်ခဲ့သည်။ [၆၄][၆၉] ဗာဂျီးနီးယားပြည်နယ် အာလင်တန် ကောင်တီတွင်မူ ပင်တဂွန် အဆောက်အဦး၏ တစိတ်တပိုင်းမှာ မီးလောင်မှုကြောင့် အကြီးအကျယ် ပျက်စီးခဲ့ရပြီး အဆောက်အဦး၏ အပိုင်းတစ်ပိုင်းမှာ ပြိုကျခဲ့ရသည်။.[၇၀]

ကယ်ဆယ်ရေးလုပ်ငန်းများ

ပင်တဂွန် တိုက်ခိုက်မှုမှ ထိခိုက်ဒဏ်ရာရသူ တစ်ဦးကို ကယ်ထုတ်နေစဉ်

နယူးယောက်မြို့တော် မီးသတ်ဌာန ( (FDNY) သည် ဝန်ထမ်း ၂၀၀ (ဝန်ထမ်း တဝက်) ကို အခင်းဖြစ်ပွားရာသို့ ချက်ချင်း တာဝန်ချထားခဲ့သည်။ သူတို့အား တာဝန်ချိန် မဟုတ်သော မီးသတ်သမားများနှင့် အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း အများအပြားက ကူညီပံ့ပိုးပေးခဲ့သည်။ [၇၁][၇၂][၇၃] နယူးယောက်မြို့တော် ရဲဌာန (NYPD) က အရေးပေါ် ဆားဗစ်စ် ယူနစ် နှင့် အခြားရဲဝန်ထမ်းများကို စေလွှတ်ခဲ့ပြီး လေကြောင်းယူနစ်ကိုလည်း တာဝန်ချထားခဲ့သည်။ [၇၄] အခင်းဖြစ်ပွားရာတွင် နယူးယောက် မီးသတ်ဌာန၊ နယူးယောက် ရဲဌာန နှင့် ဆိပ်ကမ်းအာဏာပိုင် ရဲဌာနတို့သည် ပူးပေါင်း ဆောင်ရွက်ခြင်း မပြုကြသဖြင့်[၇၁] အရပ်သားများကို ရှာဖွေ ကယ်ဆယ်ရာတွင် အလုပ်အပိုများကို လုပ်မိခဲ့ကြသည်။[၇၅]

အခြေအနေ ဆိုးလာသော အခါတွင် နယူးယောက် ရဲဌာန လေကြောင်းယူနစ်မှ ရဲဌာနရှိ ကွပ်ကဲရေး အရာရှိများထံသို့ သတင်း အချက်အလက်များ ပေးပို့ခဲ့သဖြင့် နယူးယောက်ရဲဌာနမှ သူတို့၏ ဝန်ထမ်းများကို တာဝါများ အတွင်းမှ ထွက်ခွာရန် အမိန့်ပေးခဲ့သည်။ နယူးယောက် ရဲဌာနမှ အရာရှိ အတော်များများမှာ အဆောက်အဦးများ ပြိုမကျမီ အချိန်တွင် ဘေးကင်းစွာ ထွက်ခွာနိုင် ခဲ့သည်။ [၇၄][၇၅] ကွပ်ကဲရေး ဌာန မတူပဲ ကွဲပြားခြင်း၊ အေဂျင်စီများ အကြားတွင် မတူညီသော ရေဒီယို ဆက်သွယ်ရေး စနစ်များ ရှိခြင်း တို့ကြောင့် သတိပေးချက်များမှာ နယူးယောက် မီးသတ်ဌာန ကွပ်ကဲရေး အရာရှိများ ထံသို့ မရောက်ရှိခဲ့ပေ။

ပထမ တာဝါ ပြိုကျပြီးချိန်တွင် နယူးယောက် မီးသတ်ဌာနမှ ကွပ်ကဲရေး အရာရှိများက အဆောက်အဦး အတွင်းမှ ထွက်ခွာရန် သတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း ရေဒီယို ထပ်ဆင့် ထုတ်လွှင့်စနစ်များ ချို့ယွင်းပြီး ကောင်းစွာ အလုပ်မလုပ်သောကြောင့် မီးသတ်သမား အများအပြားမှာ ထွက်ခွာရန် အမိန့်ကို မကြားခဲ့ပေ။ 9-1-1 အရေးပေါ်နံပါတ်မှလည်း ခေါ်ဆိုသူများ ထံမှာ အချက်အလက်များကို အခင်းဖြစ်ပွားရာ နေရာတွင် ရှိနေသော ကွပ်ကဲရေး အရာရှိများထံသို့ ထပ်ဆင့် ပေးပို့နိုင်ခြင်း မရှိခဲ့ပေ။ [၇၂] တိုက်ခိုက်မှု အပြီး နာရီပိုင်းအတွင်းမှာပင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် စတင် ဆောင်ရွက်ခဲ့သည်။ လပေါင်းများစွာ ၂၄ နာရီ ပတ်လုံး စစ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် ဝေါလ်ထရိတ်စင်တာ နေရာကို ၂၀၀၂ ခုနှစ် မေလ အကုန်တွင် ရှင်းလင်းနိုင်ခဲ့သည်။ [၇၆]

တိုက်ခိုက်သူများနှင့် ၎င်းတို့၏ နောက်ခံ အခြေအနေ

စက်တင်ဘာ ၁၁ ပြန်ပေးသမား ၁၉ ယောက်တို့၏ ခေါင်းဆောင် အီဂျစ်လူမျိုး မိုဟာမက် အာတာ

တိုက်ခိုက်ခြင်း ခံရပြီး နာရီပိုင်းအတွင်းမှာပင် အက်ဖ်ဘီအိုင် မှ သတင်းဌာနများသို့ သံသယ ရှိသော ပိုင်းလော့ နှင့် ပြန်ပေးသမားတို့၏ အမည်များ နှင့် အချို့ ပြန်ပေးသမားတို့၏ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့သည်။ [၇၇] အီဂျစ်နိုင်ငံ မှ မိုဟာမက် အာတာသည် အကြမ်းဖက် သမား ၁၉ ဦးတို့၏ ခေါင်းဆောင်ဖြစ်ပြီး တိုက်ခိုက်သည့် လေယာဉ်ကို မောင်းနှင်သည့် ပိုင်းလော့ တစ်ဦးလည်း ဖြစ်ခဲ့သည်။ [၇၈] အာတာသည် တိုက်ခိုက်မှု အတွင်းတွင် အခြား အကြမ်းဖက်သမားများနှင့်အတူ သေဆုံးခဲ့သည်။ သို့သော်လည်း သူ၏ ပို့တ်လန်း လေယာဉ်ခရီးစဉ်မှ ခရီးစဉ်အမှတ် ၁၁ ပေါ်သို့ ပါမသွားဘဲ ကျန်နေခဲ့သော သူ၏ ခရီးဆောင် သေတ္တာ အတွင်းတွင် ပြန်ပေးသမား ၁၉ ဦး စလုံး ၏ အမည်များနှင့် အသေးစိတ် အချက်အလက်များ ပါရှိသော စာရွက်စာတမ်းများ ရှိနေခဲ့သည်။ ထိုမျှသာ မက သူတို့၏ အစီအစဉ်များ၊ တိုက်ခိုက်ရသည့် ရည်ရွယ်ချက်များ နှင့် နောက်ခံအခြေအနေ များအတွက် သဲလွန်စများလည်း ထိုစာရွက်စာတမ်းများတွင် တွေ့ရှိရသည်။[၇၉] နေ့ခင်းပိုင်းတွင် အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီသည် ဂျာမန်ထောက်လှမ်းရေး အေဂျင်စီမှ ကြားဖြတ်နားထောင်ထားသော စကားပြောသံများကို ရရှိခဲ့ပြီး ထိုသက်သေ အထောက်အထားများက အိုစမာ ဘင်လာဒင် ထံသို့ ညွှန်ပြနေသည်။[၈၀][၈၁]

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အက်ဖ်ဘီအိုင်မှ ပြန်ပေးသမား ၁၉ဦး၏ ဓာတ်ပုံများ ၊ ၎င်းတို့၏ မူလ နိုင်ငံ နှင့် အမည်ကွဲများကို ထုတ်ပြန်ခဲ့သည်။[၈၂] ပြန်ပေးသမား ၁၅ ဦးမှာ ဆော်ဒီအာရေဗျနိုင်ငံ မှ ၁၅ ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စု မှ ၂ ဦး၊ အီဂျစ်နိုင်ငံ မှ ၁ဦး နှင့် လက်ဘနွန်နိုင်ငံ မှ ၁ဦး တို့ ဖြစ်ကြသည်။ [၈၃]

တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အက်ဖ်ဘီအိုင်မှ ထောက်လှမ်းခဲ့သော PENTTBOM ဟု အမည်ပေးထားသော စစ်ဆင်ရေးမှာ အက်ဖ်ဘီအိုင်၏ ရာဇဝင်တွင် အကြီးမားဆုံးနှင့် အရှုပ်ထွေးဆုံး စုံစမ်း စစ်ဆေးမှု ဖြစ်ပြီး စပါယ်ရှယ် အေးဂျင့် ဦးရေ ၇၀၀၀ ကျော် ပါဝင်သည်။ "စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် အယ်လ်ကေးဒါး နှင့် အိုစမာ ဘင်လာဒင် တို့နှင့် ပတ်သက် ဆက်စပ်နေသည်မှာ ထင်ရှားပြီး ငြင်းဆိုစရာမရှိ။" ဟု အက်ဖ်ဘီအိုင်မှ ထုတ်ဖော်ပြောကြားခဲ့ပြီး အမေရိကန် အစိုးရမက အိုစမာ ဘင်လာဒင် ဦးဆောင်သော အယ်လ်ကေးဒါး အကြမ်းဖက် အဖွဲ့သည် တိုက်ခိုက်မှု အတွက် တာဝန်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။ ယူနိုက်တက်ကင်းဒမ်း အစိုးရမှလည်း စက်တင်ဘာ ၁၁ရက်နေ့ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အယ်လ်ကေးဒါး နှင့် အိုစမာ ဘင်လာဒင်သည် လုံးဝတာဝန်ရှိသည် ဟူ၍ တူညီစွာ ကောက်ချက်ဆွဲခဲ့သည်။ [၈၄]

အယ်လ်ကေးဒါး

အယ်လ်ကေးဒါး၏ ဇာစ်မြစ်သည် ဆိုဗီယက်ပြည်ထောင်စု အာဖဂန်နစ္စတန်နိုင်ငံသို့ ဝင်ရောက် ကျူးကျော်တိုက်ခိုက်သော ၁၉၇၉ မှ စသည်။ ထိုအချိန်ပြီးနောက်တွင် အိုစမာဘင်လာဒင်သည် အာဖဂန်နစ္စတန်နိုင်ငံသို့ ဆိုဗီယက်များအား တွန်းလှန်ရန်အတွက် အာရပ်မူဂျာဟစ်များကို စည်းရုံးရန် အတွက် သွားရောက်ခဲ့သည်။ [၈၅] အေမန် အယ်လ် ဇာဝါဟီရီ၏ လမ်းညွှန်မှုအောက်တွက် ဘင်လာဒင်သည် ဘာသာရေး အစွန်းရောက်စိတ် ပို၍ ပြင်းထန်လာခဲ့သည်။[၈၆] ၁၉၉၆ ခုနှစ်တွင် ဘင်လာဒင်သည် ပထမ ဖာတဝါကို ထုတ်ပြန်ကြေညာခဲ့ပြီး အမေရိကန် စစ်သားတို့အား ဆော်ဒီအာရေဗျနိုင်ငံမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့သည်။[၈၇]

၁၉၉၈ ခုနှစ်တွင် ထုတ်ပြန်သော ဒုတိယ ဖာတဝါတွင် ဘင်လာဒင်သည် အစ္စရေးနှင့် ဆက်နွယ်နေသော အမေရိကန်ပြည်ထောင်စု ၏ နိုင်ငံခြားရေးဝါဒနှင့် ပင်လယ်ကွေ့စစ်ပွဲ အပြီး အမေရိကန် တပ်များ ဆော်ဒီအာရေဗျတွင် ဆက်လက်ရှိနေသည်နှင့် ပတ်သက်၍ ကန့်ကွက်မှုများကို ရေးသားဖော်ထုတ်ခဲ့သည်။[၈၈] ဘင်လာဒင်သည် အစ္စလာမ် ဘာသာရေး စာပေများကို အသုံးပြု၍ မွတ်စလင်တို့အား ဖော်ပြပါ အချက်များအား အမေရိကန် တို့မှ ရုပ်သိမ်းသည့် အချိန်အထိ အမေရိကန် စစ်တပ် နှင့် အမေရိကန် နိုင်ငံသားတို့ကို အကြမ်းဖက်တိုက်ခိုက်ရန် အတွက် အားပေးအားမြှောက်ပြုခဲ့သည်။ မွတ်စလင် တိုင်းပြည်တို့အား ရန်သူများက ဖျက်စီးပါက ဂျီဟတ် ပြုလုပ်ရန်မှာ တစ်ဦးတစ်ယောက်ချင်းစီ၏ တာဝန်ဖြစ်သည်ကို အစ္စလာမ်သမိုင်းတလျှောက်တွင် တွေ့နိုင်သည်ဟု သူက ပြောခဲ့သည်။[၈၈]

အိုစမာဘင်လာဒင်

ထိုတိုက်ခိုက်မှုကို စီစဉ်သူ ဘင်လာဒင်သည် [၈၉] အစပိုင်းတွင် သူ ပါဝင်ပတ်သက်မှုကို ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။ [၈][၉၀] အယ်လ်ဂျဇီးရ သတင်းဌာနမှ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ဘင်လာဒင်၏ ကြေညာချက်ကို ထုတ်လွှင့်ခဲ့ပြီး ဘင်လာဒင်မှ ဤတိုက်ခိုက်မှုသည် သူ၏ လက်ချက်မဟုတ်ကြောင်းနှင့် တိုက်ခိုက်သူ တစ်ဦးတစ်ယောက်ချင်းစီက သူတို့ကိုယ်ပိုင် အကြောင်းဖြင့် လုပ်ကြခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။[၉၁] ၂၀၀၁ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်တပ်များက ဂျလာလာဘတ်ရှိ ပျက်စီးနေသော အိမ်တစ်လုံး အတွင်းမှ ဗွီဒီယို တိတ်ခွေ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုဗွီဒီယိုထဲတွင် ဘင်လာဒင်မှ ခါလပ်ဖ် အယ်လ် ဟာဘီနှင့် စကားပြောနေသည်ကို တွေ့ရပြီး ဘင်လာဒင် အနေနှင့် ထိုတိုက်ခိုက်မှုကို ကြိုသိကြောင်း ဝန်ခံထားခြင်း ပါဝင်သည်။[၉၂] ၂၀၀၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ဘင်လာဒင်၏ ဒုတိယ ဗွီဒီယို အခွေထွက်ပေါ်လာခဲ့ပြီး ထိုအခွေထဲတွင် ဘင်လာဒင်က "အမေရိကားအား အကြမ်းဖက်တိုက်ခိုက်ခြင်းကို ချီးကျူးသင့်ကြောင်း။ အကြောင်းမှာ တရားမမျှတမှုကို တုံ့ပြန်ခြင်းသာလျှင် ဖြစ်ကြောင်း။ အမေရိကားအား သူတို့ လူမျိုးများအား သတ်ဖြတ်သည့် အစ္စရေးတို့အား ထောက်ပံ့ကူညီနေခြင်းမှ ရပ်တန့်ရန် အတွက် ဖိအားပေးခြင်းသာဖြစ်ကြောင်း။" ပြောကြားခဲ့သော်လည်း တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သူ့တွင် တာဝန်ရှိကြောင်း မပြောခဲ့ပေ။[၉၃]

၂၀၀၄ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အချိန်ကလေးတွင် ဘင်လာဒင်သည် အမေရိကန်အား တိုက်ခိုက်မှုတွင် အယ်ကေးဒါး ပါဝင်ပတ်သက်နေမှုအား တရားဝင် ထုတ်ဖော်ဝန်ခံခဲ့ပြီး သူနှင့် တိုက်ရိုက်ဆက်နွယ်နေကြောင်းလည်း ဝန်ခံခဲ့သည်။ သူ၏ ပြောကြားချက်အရ ထိုသို့ တိုက်ခိုက်ရသည်မှာ သူတို့သည် လွတ်လပ်သူများ ဖြစ်ကြောင်း။ သူတို့အနေနှင့် သူတို့ တိုင်းပြည်၏ လွတ်လပ်မှုကို ပြန်လည် ရယူလိုကြောင်း။ အမေရိကန်က သူတို့၏ လုံခြုံရေးကို ထိပါးသည့် အတွက် သူတို့ကလည်း အမေရိကန်၏ လုံခြုံရေးကို ပြန်လည် ထိပါးရမည် ဖြစ်ကြောင်း ပြောခဲ့သည်။ [၉၄] ဘင်လာဒင်က သူ၏ နောက်လိုက်များကို ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံကို တိုက်ခိုက်ရန် ကိုယ်တိုင် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။[၉၀][၉၅] အယ်ဂျဇီးရ မှ ရသော အခြား ဗွီဒီယို တစ်ခုတွင် ဘင်လာဒင်အား လေယာဉ်ပြန်ပေးသမားများ ဖြစ်သော ရမ်ဇီဘင် အယ်လ်ရှစ်ဘ်၊ ဟမ်ဇာအယ်လ်ဂမ်ဒီ နှင့် ဝေးလ်အယ်လ်ရှေရီ တို့နှင့် အတူတွေ့ရပြီး တိုက်ခိုက်မှုအတွက် ပြင်ဆင်နေကြပုံကို တွေ့ရသည်။ [၉၆]

အမေရိကန် အနေနှင့် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဘင်လာဒင်အား တရားဝင် စွပ်စွဲခြင်း မည်သည့်အခါကမျှ မရှိခဲ့ပေ။[၉၇] ၂၀၁၁ ခုနှစ် မေလ ၁ ရက်တွင် ဘင်လာဒင်အား အမေရိကန်တပ်များက ပါကစ္စတန်နိုင်ငံ အဘော့တာဘတ်တွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။[၉၈][၉၉]

ခါလစ်ဖ် ရှိတ် မိုဟာမက်

ခါလစ်ဖ်ရှိတ် မိုဟာမက်ကို ပါကစ္စတန်တွင် ဖမ်းဆီးရမိပြီးနောက် တွေ့ရစဉ်

အာရပ် ရုပ်မြင်သံကြားလိုင်း အယ်လ်ဂျဇီးရမှ သတင်းထောက် ယော့စ်ရီ ဖောင်ဒါက ၂၀၀၂ ခုနှစ် ဧပြီလတွင် ခါလစ်ဖ်ရှိတ်မိုဟာမက်မှ ရမ်ဇီ ဘင် အယ်လ်ရှစ်ဘ် နှင့် အတူ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုတွင် ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သတင်းပေးပို့ခဲ့သည်။[၁၀၀][၁၀၁][၁၀၂] နိုင်းအဲလယ်ဗင်း ကော်မရှင်၏ အစီရင်ခံစာမှ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု၏ နောက်ကွယ်မှ အဓိက ကြိုးကိုင် လှုပ်ရှားသူ မိုဟာမက်မှ အမေရိကန်ပြည်ထောင်စု၏ အစ္စရေးအပေါ် အလေးပေးသော နိုင်ငံခြားရေး မူဝါဒများနှင့် ပတ်သတ်၍ သဘောမတူညီဘဲအမေရိကန် အပေါ် ရွံ့မုန်းနေကြောင်း ဆုံးဖြတ်ထားခဲ့သည်။ [၁၀၃]

မိုဟာမက်သည် ၁၉၉၃ ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ ဗုံးပေါက်ကွဲမှုတွင်လည်း အကြံပေးသူနှင့် ငွေကြေးထောက်ပံ့သူ ဖြစ်ပြီး စက်တင်ဘာ ၁၁ တိုက်ခိုက်မှုတွင် ဦးဆောင် ဖောက်ခွဲသူ ရမ်ဇီ ယူဆတ်၏ ဦးလေးတော်စပ်သူလည်း ဖြစ်သည်။

မိုဟာမက်အား ၂၀၀၃ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ၊ ရာဝယ်လ်ပင်ဒီတွင် စီအိုင်အေနှင့် အတူတကွ လှုပ်ရှားနေသော ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး ဂွာတာနာမို ပင်လယ်အော်ရှိ အကျဉ်းစခန်းတွင် သူ့အား ထိန်းသိမ်းထားသည်။ [၁၀၄] ၂၀၀၇ ခုနှစ် မတ်လ အမေရိကန်တွင် ကြားနာစစ်ဆေးမှုတွင် မိုဟာမက်က တိုက်ခိုက်မှုနှင့် ပတ်သက်၍ သူ့တွင် တာဝန်ရှိကြောင်း "နိုင်း အဲလယ်ဗင်း တိုက်ခိုက်မှုတွင် ကျွန်ုပ်တွင် အေ မှ ဇက် အထိ တာဝန်ရှိသည်။" ဟု ဝန်ခံပြောကြားခဲ့သည်။ [၁၀၂][၁၀၅] မိုဟာမက်သည် မျက်နှာတွင် အဝတ်အုပ်၍ ရေဖြန်းသောနည်းဖြင့် ညှင်းပန်းနှိပ်စက် ခံရပြီးနောက်တွင် ဝန်ခံခဲ့သည်။ [၁၀၆]

တိုက်ခိုက်ရသည့်အကြောင်းရင်း

အိုစမာဘင်လာဒင်မှ အမေရိကန်ပြည်ထောင်စုအား ဘာသာရေးစစ်ပွဲ ကြေညာခြင်းနှင့် အိုစမာနှင့် အခြားသူများ လက်မှတ်ရေးထိုးထားပြီး အမေရိကန် အရပ်သားတို့အား သတ်ဖြတ်ရန် လှုံ့ဆော်ထားသော ဖာတဝါတို့သည် ထိုသို့သော တိုက်ခိုက်မှုများ ပြုလုပ်ရန် တွန်းအားပေးသည့် အကြောင်းရင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးသူများမှ တွေ့ရှိရသည်။[၁၀၇]

တိုက်ခိုက်မှု မတိုင်ခင်နှင့် တိုက်ခိုက်မှုအပြီး အိုစမာဘင်လာဒင် ထုတ်ပြန်သော ဖာတဝါများတွင် [၁၀၈][၁၀၉] အယ်လ်ကေးဒါး အနေဖြင့် အကြောင်းရင်း ၃ခုကို ကိုးကားထားသည်။ ၎င်းတို့မှာ အမေရိကန်တပ်များ ဆော်ဒီအာရေဗျတွင် ဆက်လက် ရှိနေခြင်း [၁၀၉][၁၁၀][၁၁၁] အမေရိကန်မှ အစ္စရေးအား ထောက်ခံ အားပေးနေခြင်း[၁၁၂] နှင့် အီရတ်အား စီးပွားရေး ပိတ်ဆို့ခြင်းတို့ ဖြစ်ကြသည်။[၁၁၃] တိုက်ခိုက်မှုအပြီးတွင် ဘင်လာဒင်နှင့် အယ်လ်ဇဝါဟီရီတို့သည် ဗွီဒီယိုအခွေအချို့ကို ထုတ်ဝေခဲ့ကြပြီး ထိုအခွေများတွင် ထိုအကြောင်းပြချက်များကို ထပ်မံဖော်ထုတ်ထားသည်။ အရေးပါသော ထုတ်ပြန်မှု နှစ်ခုမှာ ၂၀၀၂ ခုနှစ်တွင် ထုတ်ဝေသော ဘင်လာဒင်၏ "အမေရိကားသို့ ပေးစာ" [၁၁၄] နှင့် ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေသော ဘင်လာဒင်၏ ဗွီဒီယိုတိတ်ခွေတို့ ဖြစ်ကြသည်။ကိုးကား အမှား - Invalid parameter in <ref> tag

ဘင်လာဒင်က တမန်တော်မိုဟာမက် ၏ စကားအား "ဘာသာရေး ယုံကြည်မှု မရှိသူများ အာရေဗျတွင် ထာဝရ နေထိုင်ခြင်းမှ တားဆီးရန်" ဟု အဓိပ္ပာယ်ပြန်ဆိုသည်။ကိုးကား အမှား - Invalid parameter in <ref> tag ၁၉၉၆ ခုနှစ်တွင် ဘင်လာဒင်မှ အမေရိကန်တပ်များ ဆော်ဒီအာရေဗျမှ ထွက်ခွာသွားရန် ဖာတဝါကို ထုတ်ပြန်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် အယ်လ်ကေးဒါးမှ "အမေရိကန်ပြည်ထောင်စုသည် ခုနစ်နှစ်တိုင်တိုင် အစ္စလာမ်တို့၏မြင့်မြတ်သောမြေဖြစ်သော အာရေဗျ ကျွန်းဆွယ် တွင် ဝင်ရောက် ကျူးကျော်နေထိုင်ကြပြီး ချမ်းသာသူများထံမှ လုယူသည်၊ အုပ်ချုပ်သူများအား အမိန့်ပေးစေခိုင်းသည်။ ပြည်သူများအား အရှက်ရစေသည်။ အိမ်နီးချင်းနိုင်ငံများအား ခြိမ်းခြောက်သည်။ ကျွန်းဆွယ်ပေါ်တွင် ရှိသော ၎င်း၏ အခြေခံတပ်စခန်းများအား အိမ်နီချင်း မွတ်စလင်ပြည်သူများအား တိုက်ခိုက်ရန် အတွက် အစပြုရာ နေရာ အဖြစ်သုံးသည်" ဟု စွပ်စွဲရေးသားထားသည်။[၁၁၅] ၁၉၉၉ ဒီဇင်ဘာလ ဘင်လာဒင်နှင့် အင်တာဗျူးတွင် ဘင်လာဒင်က အမေရိကန်တို့သည် မက္ကာနှင့် အလွန်နီးစပ်စွာ နေထိုင်ပြီး ထိုသို့ ပြုလုပ်ခြင်းမှာ မွတ်စလင်ကမ္ဘာတစ်ခုလုံးအား ရန်စခြင်းပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။[၁၁၆]

၂၀၀၂ ခုနှစ် နိုဝင်ဘာလ အမေရိကန်သို့ ပေးစာတွင် ဘင်လာဒင်က အမေရိကန်တို့ အစ္စရေးတို့အား ထောက်ပံ့နေခြင်းကို တွန်းအားပေးမှု တစ်ခု အဖြစ် ဖော်ပြထားသည်။ "အစ္စရေးနိုင်ငံကို တည်ထောင်ခြင်းနှင့် ဆက်လက် တည်ရှိနေစေခြင်းသည် အကြီးဆုံးသော ရာဇဝတ်မှု တစ်ခုပင်ဖြစ်ပြီး သင်သည် ထိုရာဇဝတ်သားတို့ ၏ ခေါင်းဆောင် ဖြစ်သည်။ အမေရိကန်တို့ အစ္စရေးတို့အား မည်ရွေ့မည်မျှ ထောက်ပံ့ထားသည်ကို ရှင်းပြရန် မလိုသလို သက်သေပြရန်မလို။ အစ္စရေးနိုင်ငံအား တည်ထောင်ခြင်းသည် ရာဇဝတ်မှုဖြစ်ပြီး ၎င်းကို သုတ်သင်ပစ်ရမည်။ ထိုရာဇဝတ်မှုအား ကူညီပံ့ပိုးခြင်းပြုသူ မည်သူမဆို တန်ရာတန်ကြေး အများကြီးပေးရမည်။" ဟု ရေးသားထားသည်။[၁၁၇] ၂၀၀၄ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်တို့တွင် ဘင်လာဒင်သည် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအား အမေရိကန်တို့ အစ္စရေးအား ထောက်ပံ့မှုနှင့် နောက်တစ်ကြိမ် ဆက်နွယ်ပြန်သည်။[၁၁၈][၁၁၉][၁၂၀] ၂၀၀၄ ခုနှစ်တွင် ဘင်လာဒင်က ပြောကြားခဲ့သည်မှာ ထိုအဆောက်အအုံများအား ဖျက်ဆီးပစ်ရန် အကြံမှာ သူ့ထံတွင် ၁၉၈၂ ခုနှစ် ကတည်းက ရှိခဲ့သည်။ ထိုစဉ်က အစ္စရေးမှ လက်ဘနွန်အား ကျူးကျော်ဝင်ရောက်စဉ် အထပ်မြင့် အဆောက်အဦးများအား ဗုံးကြဲတိုက်ခိုက်သည်ကို တွေ့ရှိစဉ်ကတည်းကဟု သူက ပြောခဲ့သည်။ [၁၂၁][၁၂၂] မီယာရှိုင်းမား နှင့် ဝေါ့တ် အစရှိသော ဝေဖန်သုံးသပ်သူများကလည်း ထိုတိုက်ခိုက်မှု၏ အဓိက တွန်းအားမှာ အမေရိကန်တို့ အစ္စရေးတို့အား ထောက်ခံခြင်းကြောင့်ဟု ဆိုကြသည်။[၁၁၆][၁၂၃]

တိုက်ခိုက်မှုပြီးသည့်နောက်

ချက်ခြင်း တုံ့ပြန်ချက်များ

တိုက်ခိုက်မှုအပြီး စစ်ဆင်ရေးများ

ပြည်တွင်းတုံ့ပြန်မှုများ

မုန်းတီးခြင်းကို အခြေခံသည့် ရာဇဝတ်မှုများ

မွတ်စလင် အမေရိကန်တို့၏ တုံ့ပြန်မှုများ

နိုင်ငံတကာတုံ့ပြန်မှုများ

ရေရှည် ဆိုးကျိုးသက်ရောက်မှုများ

စီးပွားရေး

ကျန်းမာရေးထိခိုက်မှုများ

ကွန်စပိုင်ရေစီ သီအိုရီ

စုံစမ်းစစ်ဆေးရေး

အက်ဖ်ဘီအိုင် စုံစမ်းမှုများ

၉/၁၁ ကော်မရှင်

ဝေါလ်ထရိတ်စင်တာပြိုကျခြင်း

စီအိုင်အေ အတွင်း ပြန်လည်သုံးသပ်ချက်များ

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ