စနူကာ

စနူကာ (အင်္ဂလိပ်: snooker) သည် ဒုတိယပိုင်း ဆယ့်ကိုးရာစုတွင် အိန္ဒိယနိုင်ငံ၌ စခန်းချလျက် ရှိသော ဗြိတိသျှစစ်သားများကြား စတင်ဖြစ်ပေါ်လာခဲ့သည့် ဘိလိယက် (cue sport - ကျူတံဟုခေါ်သော တုတ်ဖြင့် ထိုး၍ ကစားရသော) အားကစားနည်း တစ်မျိုးဖြစ်သည်။ အဝတ်စိမ်း (သို့) အစိမ်းရောင် သက္ကလတ်စ ခင်းထားသော ထောင့်မှန်စတုဂံခုံပေါ်တွင် ကစားရ၍ ထောင်လေးထောင့်နှင့် စတုဂံပုံ၏ အလျှားပိုရှည်သော ဘေးဘက်နှစ်ခြမ်း၏ အလယ်တွင် ကျင်း (သို့) အပေါက်များ (pockets) ရှိသည်။ ကျူတံ (cue stick) နှင့် ရောင်စုံဘောလုံး (၂၁) လုံးကို အသုံးပြု၍ ကစားသူသည် အဖြူရောင်ဘောလုံး (cue ball - တိုက်လုံး၊ ဒိုးလုံး) ကို ထိုးကာ ခုံပေါ်ရှိ ဘောလုံးများအား ကျင်းအတွင်းသို့ အစီစဉ်အတိုင်း ဝင်စေရမည်ဖြစ်သည်။ ဤသို့ဖြင့် အမှတ်များ (points) ဖြည်းဖြည်းချင်းရရှိလာမည်။ အမှတ်အများဆုံးရရှိသော ကစားသမားသည် ပွဲငယ် (frame) တစ်ပွဲကို အနိုင်ရရှိသူ ဖြစ်သည်။ ကြိုတင်သတ်မှတ်ထားသော ပွဲငယ်အရေအတွက်ကို အနိုင်ရရှိသည့် ကစားသမားသည် ပွဲစဉ်တစ်ပွဲ (match) ကိုအနိုင်ရရှိသည်။

စနူကာ
ကမ္ဘာ့ချန်ပီယံ သုံးကြိမ်ရရှိထားသော 'မာ့ခ် ဆဲလ်ဘီ' လေ့ကျင့်နေပုံ။
စီမံကြီးကြပ်သည့် အမြင့်ဆုံးအဖွဲ့အစည်းကမ္ဘာ့အဆင့်မြင့် ဘိလိယက်နှင့် စနူကာအဖွဲ့ (WPBSA)
နိုင်ငံတကာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် (IBSF)
ပထမဆုံးကစားခဲ့၁၈၇၅၊ အိန္ဒိယနိုင်ငံ။
ဝိသေသလက္ခဏာများ
ထိတွေ့မှုမရှိ။
ကဏ္ဍဘိလိယက်အားကစားနည်း (တုတ်တံအသုံးပြု ကစားရသော အားကစား)
ကိရိယာစနူကာခုံ၊ စနူကာဘောလုံးများ၊ ကျူတံ, Triangle, chalk
ကျင်းပကွင်းစနူကာရုံ (သို့) ခန်းမ
အိုလံပစ်နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) အသိအမှတ်ပြု[၁]

အိန္ဒိယနိုင်ငံ၊ တမီးလ် နာဒူပြည်နယ်၊ ဦးတည်မြို့ (Ooty) တွင် စခန်းချနေသော စစ်တပ်အရာရှိ 'ဆာ နဗီး ချိန်ဘာလင်' (၁၈၅၆-၁၉၄၄) သည် ပိရမစ်ပူးလ် (pyramid pool) နှင့် ဘလက်ပူးလ် (black pool) ကိုပေါင်းစပ်ထားသော စည်းမျဉ်းများကို (စနူကာအတွက်) တီထွင်ခဲ့သည့်နှစ် ၁၈၇၅တွင် စနူကာအားကစားသည် ၎င်း၏ အသွင်သဏ္ဌာန်ကို ရရှိလာခဲ့သည်။ 'စနူကာ' (snooker - စနူးကာ) စကားလုံးသည် နှစ်ချို့ တပ်အသုံးအနှုန်းဖြစ်၍ အတွေ့အကြုံမရှိသော (သို့) ပထမနှစ်သက်တမ်းသာရှိသေးသော တပ်သားကို ခေါ်ဝေါ်သည့် စကားလုံးဖြစ်သည်။ ဤအားကစားမှာ ယူနိုက်တက်ကင်းဒမ်း တွင် လူကြိုက်များလာကာ 'ဘိလိယက် အသင်းနှင့် ကြီးကြပ်ကလပ်' ကို ၁၉၁၉ တွင် ဖွဲ့စည်းခဲ့သည်။ ယခုအချိန်တွင် 'ကမ္ဘာ့ အဆင့်မြင့် ဘိလိယက်နှင့် စနူကာ အဖွဲ့' (World Professional Billiards and Snooker Association - WPBSA) က စီမံလျက် ရှိသည်။

ကမ္ဘာ့စနူကာ ချန်ပီယံပြိုင်ပွဲများကို ၁၉၂၇မှစ၍ ယနေ့ထိတိုင် ကျင်းပလာခဲ့ကြသည်။ ဤအားကစားလောက အစပိုင်း ဖွံ့ဖြိုးတိုက်တက်အောင် ဆောင်ရွက်ရာတွင် အဓိက ဦးဆောင်ခဲ့သူ ဂျိုးဒေးဗစ်သည် ၁၉၂၇ မှ ၁၉၄၆ အထိ (၁၅)ကြိမ် ဆက်တိုက် ချန်ပီယံဖြစ်ခဲ့သည်။ 'ပေါ့ဘလက်' (Pot Black) အမည်ဖြင့် ဘီဘီစီက ရုပ်သံအစီအစဉ် ထုတ်လွှင့်ပြီးနောက် ၁၉၆၉ ၌ 'ခေတ်သစ်'ကာလ စတင်ခဲ့ကာ ၁၉၇၈ ကမ္ဘာ့ချန်ပီယံ စနူကာပြိုင်ပွဲကို စတင် တိုက်ရိုက်လွှင့်ခဲ့သည်။ ဤအားကစား၏ အဓိကပုဂ္ဂိုလ်များမှာ ၁၉၇၀နှစ်များတွင် ရေး ရီယာဒန် (Ray Reardon) ၊ ၁၉၈၀နှစ်များ၌ စတိဗ် ဒေးဗစ် (Steve Davis) ၊ ၁၉၉၀ နှစ်များတွင် စတီးဗန် ဟန်ဒရီ (Stephen Hendry) တို့ဖြစ်ကြ၍ ကမ္ဘာ့ချန်ပီယံ ခြောက်ကြိမ် (သို့) ခြောက်ကြိမ်ထက်ပိုမို ရရှိခဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ရော်နီ အို ဆူလစ်ဗန်သည် ကမ္ဘာ့ဆုတံဆိပ်အများစုကို ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံ ငါးကြိမ် ရရှိထားသည်။ ထိပ်တန်း အဆင့်မြင့် ကစားသမားများသည် ကမ္ဘာတလွှား၌ ပုံမှန်အနေဖြင့် ယှဉ်ပြိင်ကစားကြလျက် ရှိပြီး 'ကမ္ဘာ့ စနူကာ ပြိုင်ပွဲခရီးစဉ်' တွင် ပေါင်သန်းပေါင်းများစွာ ရရှိကြသည်။ ထိုပြိုင်ပွဲများ၌ ကမ္ဘာအနှံ့မှ ကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြသည်။

သမိုင်းကြောင်း

ဗြိတိသျှ တပ်အရာရှိ ဆာ နဗီးလ် ချိန်ဘာလင်၊ စနူကာကစားနည်းနှင့် စည်းမျဉ်းများကို ၁၉ရာစုနှောင်းပိုင်းတွင် ထွင်ခဲ့သူ။

စနူကာအားကစား၏ ဇာစ်မြစ်သည် (၁၉)ရာစု ဒုတိယရာစုဝက်မှ စတင်ခဲ့သည်။[၂] ၁၈၇၀နှစ်များ၌ အိန္ဒိယနိုင်ငံ၊ ဂျဘာပူရ်တွင် စခန်းချလျက် ရှိသော ဗြိတိသျှစစ်သားများကြား ဘိလိယက်အားကစားသည် ရေပန်းစားသော လုပ်ဆောင်မှုတစ်ခုဖြစ်၍ ထိုအားကစားမျိုးကွဲပုံစံများကို ထိုခေတ်ကာလ၌ တီထွင်ခဲ့ကြသည်။[၂] ၁၈၇၅ တွင် အမှတ် (၁၁) ဒက်ဗန်ရှီးယား (Devonshire) တပ်ရင်း၏ စစ်တန်းလျှား စားရိပ်သာ၌ ထိုအားကစားမူကွဲတစ်ခု စတင်ပေါက်ဖွားခဲ့သည်။[၃] ထိုမူကွဲပုံစံတွင် ကျင်းဝင်အောင် ကစားရသော ဘိလိယက်ကစားနည်း နှစ်မျိုး 'ပိရမစ်ပူးလ်း'နှင့် 'ဘလက်ပူးလ်' စည်းမျဉ်းများကို ပေါင်းစပ်ထားသည်။[၄][၅] ပထမနည်းတွင် တြိဂံပုံစံစီထားသော အနီရောင် ဘောလုံး (၁၅)လုံးဖြင့် ကစားရကာ ဒုတိယနည်း၌ ရည်ရွယ်သတ်မှတ်ထားသော ဘောလုံးများကို ကျင်းဝင်အောင်ထိုးခြင်းဖြစ်သည်။[၅][၆] ဤနည်းသစ်၏ ပထမဆုံးသည်းမျဉ်းများကို ဆာ နဗီးလ် ချိန်ဘာလင်က အပြီးသတ်ရေးဆွဲသည့်နှစ် ၁၈၈၄ တွင် စတင်ဖွံ့ဖြိုးလာခဲ့သည်။[မှတ်စု ၁] ချိန်ဘာလင်သည် အင်္ဂလိပ်စစ်တပ် အရာရှိတစ်ဦးဖြစ်၍ ဤအားကစားကို ဦးတည်မြို့၊ စတုံးဟောက်စ်၌ စတင် ဖွံ့ဖြိုးစေ၊ ရေပန်းစားစေသူတစ်ဦးဖြစ်ကာ 'ဘားရိုးစ်နှင့် ဝေါ့တ်စ်' လုပ်ငန်းမှ ပြုလုပ်ပေးသော 'ခုံ'ကို သင်္ဘောဖြင့် သယ်ဆောင်လာခဲ့၍ ထိုဦးတည်မြို့တွင် ကစားခဲ့ကြသည်။[၇]

စနူကာ' (snooker) သည် ပထမနှစ်ဗိုလ်လောင်းများ (သို့) အတွေ့အကြုံမရှိသော တပ်သားများကို ခေါ်ဆိုသည့် ဗန်းစကား အသုံးအနှုံးဖြစ်သည်။ သို့သော် ချိန်ဘာလင်က ထိုခုံ၌ ၎င်း၏ တပ်သားအရာရှိများနှင့် ကစားသည့်ပွဲအတွက် ထိုဝေါဟာရကို သုံးစွဲလေ့ရှိခဲ့သည်။[၂] ၁၈၈၇ တွင် စနူကာကို ဗြိတိသျှသတင်းစာ 'Sporting Life' က အင်္ဂလန်၌ ပထမဆုံး တိတိကျကျရည်ညွှန်းဖော်ပြခဲ့ရာမှ စတင်လူကြိုက်များမှု ဖြစ်ပေါ်ခဲ့သည်။[၃] ဤသို့ဖြင့် ကစားနည်းတီထွင်ချိန်မှ (၆၃)နှစ်ခန့်အကြာ - ၁၉၃၈ မတ်လ ၁၉ တွင် ထုတ်ဝေသော 'The Field' မဂ္ဂဇင်းကို ပေးပို့သော စာတွင် ချိန်ဘာလင်သည် ဤအားကစား၏ တီထွင်သူအဖြစ် ပေါ်ထွက်လာခဲ့သည်။[၃]

စနူကာသည် အိန္ဒိယကိုလိုနီဒေသများနှင့် ယူကေတွင် လူကြိုက်များလာသည်။ သို့ရာတွင် ကြေးရတတ်လူတန်းစားများအတွက်သာ ဆက်လက်တည်ရှိခဲ့သည်။[မှတ်စု ၂] ထို လူကြီးလူကောင်းကလပ်များ၌ ဘိလိယက်ခုံများရှိ၍ အဖွဲ့ဝင်မဟုတ်သူများကို ဝင်ရောက် ကစားခွင့် မပေးခဲ့ချေ။[၃] ကြီးထွားများပြားလာသော စိတ်ဝင်စားမှုကို နေရာပေးလုပ်ဆောင်နိုင်ရန် သေးငယ်သော၊ ပို၍ ပွင့်လင်းသော စနူကာသီးသန့် ကလပ်များကို ဖွဲ့စည်းခဲ့ကြသည်။[၃] ၁၉၁၉ ၌ ဘိလိယက်အသင်းနှင့် ဘိလိယက်ကြီးကြပ်ဘုတ်အဖွဲ့တို့သည် 'ဘိလိယက်နှင့် ကြီးကြပ်ကလပ်' (Billiards Association and Control Club) အဖြစ် ပေါင်းစည်းဖွဲ့ခဲ့ကြကာ စနူကာအတွက် စံစည်းမျဉ်းအသစ်များသည် ပထမဆုံးအနေဖြင့် တရားဝင်ဖြစ်လာခဲ့သည်။[၈]

၁၉၂၇ တွင် ပထမဆုံး ကမ္ဘာ့စနူကာ ချန်ပီယံပြိုင်ပွဲကို 'ဂျိုးဒေးဗစ်'က စီစဉ်ခဲ့၏။[၂][မှတ်စု ၃] ဒေးဗစ်သည် အင်္ဂလိပ်ဘိလိယက်နှင့် စနူကာအဆင့်မြင့် ကစားသမားဖြစ်၍ ဤအားကစားကို 'ဝါသနာအဆင့်' မှ 'အဆင့်မြင့်ကျွမ်းကျင်အဆင့်' အနေအထားသို့ ရောက်အောင် ဆောင်ရွက်ပေးခဲ့သည်။[၁၀] ဒေးဗစ်သည် ၁၉၄၆ အထိ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတိုင်းကို အနိုင်ရရှိခဲ့ပြီး ထိုနှစ်တွင်ပင် အနားယူခဲ့သည်။[၁၁] ကစားနည်းသည် ၁၉၅၀၊ ၁၉၆၀ နှစ်များ၌ ကစားနေသူများ အပြင်ရပ်ဝန်းတွင် စိတ်ဝင်စားမှု မရှိသလောက်ဖြစ်ကာ ကစားနည်း၏ အနေအထား ကျဆင်းသွားခဲ့သည်။[၁၂][၅] ၁၉၅၉ တွင် ဒေးဗစ်သည် 'စနူကာ ပလပ်စ်' ခေါ်သော မူကွဲအမျိုးအစားတစ်ခုကို မိတ်ဆက်ခဲ့သည်။ အရောင်ဘောလုံးနှစ်လုံး ထပ်မံဖြည့်စွက်၍ လူကြိုက်များလာစေရန် ဖြစ်သည်။ သို့သော်လည်း လူကြိုက်များစေရန် မအောင်မြင်ခဲ့ပေ။[၁၃][၁၄]

၁၉၆၉ ၌ 'ဒေးဗစ် အတန် ဘာရ' (ဘားရိုး) သည် 'ပေါ့ဘလက်' အမည်ဖြင့် ရုပ်မြင်သံကြား အစီအစဉ်တွဲကို ဦးဆောင်ပြုလုပ်ခဲ့ကာ အစိမ်းရောင်ခုံ၊ ရောင်စုံဘောလုံးများသည် ဆေးရောင်စုံ(အဖြူ/အမည်း မဟုတ်) ရုပ်သံလွှင့်ခြင်း၏ အကျိုးကျေးဇူးကို ပြသထုတ်ဖော်ရန်အတွက် စံပြဖြစ်နေခြင်းနှင့်အတူ ဆေးရောင်စုံ တီဗီများ၏ အလားအလာကို ဖော်ညွှန်းရန်ဖြစ်သည်။[၅][၁၅][၁၆] ထိုအစီစဉ်တွဲသည် အဆင့်အတန်းအရ အောင်မြင်ခဲ့ပြီး အချိန်အတော်ကြာ 'ဘီဘီစီ၂' လိုင်း၏ ဒုတိယမြောက် အအောင်မြင်ဆုံး အစီအစဉ်ဖြစ်ခဲ့သည်။[၁၇] ကစားနည်းအပေါ် စိတ်ဝင်စားမှုများရရှိလာကာ ၁၉၇၈ ကမ္ဘာ့စနူကာ ချန်ပီယံပြိုင်ပွဲကို ပထမဆုံးအနေဖြင့် ပွဲအပြည့် ထုတ်လွှင့်နိုင်ခဲ့သည်။[၁၈][၁၉] ယူကေ၊ အိုင်ယာလန်နှင့် ဓနသဟာရနိုင်ငံများ၌ လျင်မြန်စွာပင် အဓိကရေပန်းစားသော အားကစားဖြစ်လာခဲ့ကာ[၂၀] ၁၉၇၀ နှောင်းပိုင်းကာလများမှစ၍ အောင်မြင်မှုရရှိလာခဲ့သည်။ ထို့အတူ 'အဆင့်သတ်မှတ် ခရီးစဉ်ပြိုင်ပွဲ'အများစုကို ရုပ်သံလည်း လွှင့်ပေးနိုင်ခဲ့သည်။[၅]

၁၉၈၅ ကမ္ဘာ့စနူကာ ချန်ပီယံပြိုင်ပွဲတွင် 'ဒန်းနစ် တေလာ' နှင့် 'စတိဗ် ဒေးဗစ်'တို့၏ နောက်ဆုံးဗိုလ်လုပွဲအား ရုပ်သံမှ ကြည့်ရှုသူ (၁၈.၅)သန်းခန့် ရှိခဲ့သည်။ ယူကေတွင် ညသန်းခေါင်နောက်ပိုင်း ထုတ်လွှင့်သော အစီအစဉ်များ၌ ကြည့်ရှုသူအရေအတွက်များသော စံချိန်တစ်ရပ်လည်းဖြစ်ခဲ့သည်။[၂၁][၂၂] ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလများတွင် ဆေးလိပ်၊ ဆေးရွက်ကြီးကြော်ငြာများ ပိတ်ပင်ခြင်းသည် အဆင့်မြင့် ပြိုင်ပွဲစဉ်များ၏ အရေအတွက်ကျဆင်းမှု ဖြစ်စေခဲ့သည်။[၂၃] ၁၉၉၉ ၌ ပြိုင်ပွဲစဉ် (၂၂)ပွဲမှ ၂၀၀၃တွင် (၁၅) ပွဲသာရှိသည် အထိကျဆင်းခဲ့၏။[၂၄][၂၅] သို့သော်လည်း 'လီယန် ဝမ်ဘို' ကဲ့သို့သော အရည်အသွေးရှိသော ကစားသမားပေါ်ထွန်းလာမှု၊ 'ဒင် ဂျွန်ဝေး'၊ မာကို ဖူး' ကဲ့သို့သော ပို၍ အဆင့်မြင့်သော ကစားသမားများ ထွက်ပေါ်လာမှုနှင့် အတူ အာရှတိုက်၌ ဤအားကစား၏ လူကြိုက်များမှုသည် ကမ္ဘာ့အရှေ့ဖျား၌ လွန်စွာ မြင့်မားလာခဲ့သည်။[၂၆][၂၇] ၂၀၀၇ တွင် ဘီဘီစီသည် စနူကာထုတ်လွှင့်မှုပေါင်း နာရီ (၄၀၀)ကျော်ရှိခဲ့ပြီး လွန်ခဲ့သော နှစ်လေးဆယ်ခန့်က (၁၄) မိနစ်သာ ရှိခဲ့သည်။[၂၈]

၂၀၁၀ ၌ ကစားနည်းလူကြိုက်များမှု မြှင့်တင်သူ 'ဘယ်ရီ ဟားန်' (Barry Hearn) ကမ္ဘာစနူကာ လိမိတစ် (World Snooker Ltd.) နှင့် ကမ္ဘာ့စနူကာ ခရီးစဉ်ပြိုင်ပွဲ'တွင် စိတ်ဝင်စားမှုရှိခဲ့ကာ 'သေဆုံးလုဖြစ်နေသော' ဤအဆင့်မြင့်အားကစားကို ပြန်လည်အသက်သွင်းရန် တောင်းဆိုခဲ့သည်။[၂၉][၃၀][၃၁] ယင်းကာလမှစ၍ အဆင့်မြင့်ပြိုင်ပွဲ အရေအတွက်မှာ တိုးတက်လာခဲ့ပြီး ၂၀၁၉/၂၀ ရာသီတွင် ပြိုင်ပွဲပေါင်း (၄၄) ပွဲအထိ တိုးတက်လာခဲ့သည်။[၃၂] ပြိုင်ပွဲများကို ရုပ်သံထုတ်လွှင့်ရန်အတွက်လည်း အဆင်ပြေစေရန် ပြုလုပ်ကြသည်။ ဥပမာအားဖြင့် 'စနူကာရှုံးထွက်ပြိုင်ပွဲများ' (Snooker Shoot-Out)၊ ပွဲငယ်တစ်ပွဲ (frame) ကို အချိန်ကန့်သတ်ကစားရသည့် ပြိုင်ပွဲများ (a timed, one-frame tournament) ဖြစ်သည်။[၃၃] အဆင့်မြင့်ပြိုင်ပွဲများအတွက် ဆုကြေးငွေကို လည်း မြှင့်တင်ခဲ့ကြကာ ထိပ်တန်း ကာစားသမားများသည် ၎င်းတို့၏ ကစားသမားဘဝ ကာလအတွင်း ပေါင်ငွေ သန်းအချို့ ရရှိနိုင်သည်။[၃၄] ၂၀၂၀ ကမ္ဘာ့ချန်ပီယံ စနုကာပြိုင်ပွဲတွင် အနိုင်ရမည့်သူသည် စုစုပေါင်း ချီးမြှင့်ငွေကြေး £ ၂,၃၉၅,၀၀၀ မှ £ ၅၀၀,၀၀၀ ကို ရရှိမည်ဖြစ်သည်။[၃၅]

စည်းမျဉ်းများ

ရည်ရွယ်ချက်

မကစားခင်အနေအထား၌ စနူကာခုံတွင် ဘောလုံးများ နေရာချထားပုံ။ ဤအဆင့်၌ ထိုးမည့် ဒိုးလုံးအဖြူကို 'D' အဖြစ် သိရှိသော စက်ဝိုင်းခြမ်းအတွင်း စိတ်ကြိုက်နေရာ၌ ထားရှိနိုင်သည်။
တစ်ဝက်အရွယ်အစားသာရှိသောခုံ၌ ကစားသည့် ကစားနည်း။ ကစားသူသည် အနီဘောလုံးကို ထောင့်အတွင်းရှိကျင်းထဲသို့ ထိုးနေစဉ်။

ကစားနည်း၏ရည်ရွယ်ချက်မှာ ထိုးသွင်းရမည့် ဘောလုံးများ (object balls) ကို အစီစဉ်မှန်ကန်စွာဖြင့် ကျင်းများထဲသို့ ဝင်စေခြင်းဖြင့် ပြိုင်ဘက်ကစားသမားထက် ပို၍ အမှတ်များ (points) ရရှိရန်ဖြစ်သည်။ ပွဲငယ်တစ်ပွဲ (frame) အစတွင် ဘောလုံးများကို ပထမပုံတွင်ပြထားသည့်အတိုင်း နေရာထားသည်။ ယင်းနောက် ကစားသမားများသည် ကျူတံထိပ်ဖြင့် ဒိုးလုံး (cue ball) ကို တိုက်၍ တစ်လှည့်စီ ထိုးရသည်။ ရည်ရွယ်ချက်မှာ အထိုးခံဘောလုံးဖြစ်သည့် အနီရောင်ဘောလုံးတစ်လုံးလုံးကို ကျင်းအတွင်းသို့ဝင်စေရန်ဖြစ်၏။ ဤသို့ဖြင့် အမှတ်တစ်မှတ် ရရှိပေမည်။ ထိုစရာ၌ အနီရောင်ဘောလုံးကို ထိတွေ့ခြင်းမရှိပါက ပြစ်ဒဏ်ထိုးခြင်း (foul shot) ဟုသတ်မှတ်သည်။[၃၆] အကယ်၍ ကစားသူသည် အနီရောင်ကို ဝင်အောင်ထိုးနိုင်လျှင် ရောင်စုံဘောလုံး (ကာလာဘောလုံးဟု သုံးစွဲလေ့ရှိ) ခြောက်လုံးမှ တစ်လုံးကို ထပ်မံထိုးရမည်ဖြစ်သည်။[မှတ်စု ၄] အကယ်၍ ကစားသူသည် ကာလာလုံးကို အောင်မြင်စွာ ထိုးသွင်းနိုင်ပါက ထိုဘောလုံး၏ တန်ဖိုး(အမှတ်) ကို ထိုကစားသမား၏ အမှတ်ထဲသို့ ထည့်ပေါင်းပေးသည်။ ထို့နောက် ကျင်းဝင်သွားသော ထိုကာလာလုံးကို ၎င်း၏ မူလနေရာသို့ ပြန်လည် ထားပေးရန်ဖြစ်သည်။ ဤသို့ဖြင့် ကစားသူသည် အနီတစ်လုံး၊ ထို့နောက် ကာလာတစ်လုံး အစီအစဉ်ဖြင့် ထိုးသွင်းရပေမည်။ ဤအစီအစဉ်ဖြင့် ဘောလုံးများကျင်းဝင်နေသမျှ ကစားနိုင်၍ ကျင်းအတွင်းသို့ ဝင်ရောက်မှု မရှိသောအခါ အစီအစဉ် ရပ်တန့်သွားမည်ဖြစ်သည်။ ထိုအခါ ပြိင်ဘက်အလှည့်သို့ ရောက်ရှိကာ ပြိုင်ဘက်က ဖော်ပြပါ အစီအစဉ်တိုင်း ကစားမည် ဖြစ်သည်။[၃၆] ဤသို့ အစီစဉ်တကျ အမှတ်များ ရရှိခြင်းကို 'အမှတ်ဆက်တိုက်ယူခြင်း' (break) ဟု ခေါ်ဝေါ်သည်။(see scoring below).[၃၆]

စနူကာ စဦးဖျက်သည့်ပုံစံကို ကွန်ပြူတာဖြင့် သရုပ်ဖော်ထားခြင်း

ကစားခြင်းကို အထက်ပါပုံစံအတိုင်း အနီရောင်အားလုံးနှင့် ကာလာခြောက်လုံးကို ဝင်စေသည်အထိ ကစားရသည်။[၃၆] ဤ၌ ကာလာဘောလုံးများကို အမှတ်အနည်းဆုံးရသော အလုံးမှ တန်ဖိုးအမြင့်ဆုံးအလုံးထိဟူသောအမှတ်စဉ်ပုံစံဖြင့် ဝင်စေရမည်။ အဝါရောင် (၂ မှတ်)၊ အစိမ်းရောင် (၃ မှတ်)၊ အညိုရောင် (၄ မှတ်)၊ အပြာရောင် (၅ မှတ်)၊ ပန်းရောင် (၆ မှတ်)၊ အနက်ရောင် (၇ မှတ်) ဆိုသည့် ဘောလုံးတန်ဖိုးများဖြစ်သည်။ နောက်ဆုံးကျန်သော ကာလာဘောလုံးများကို ကျင်းဝင်လျှင် ပြန်လည် နေရာချခြင်းမပြုဘဲ ကစားရမည်။[၃၆] နောက်ဆုံးကျန်သော ဘောလုံကို ထိုးသွင်းပြီးလျှင် အမှတ်ပိုများသော ကစားသူသည် အနိုင်ရရှိသည်။[၃၆] အကယ်၍ အမှတ်တူညီနေပါက အနက်ရောဘောလုံးကို ၎င်း၏ နေရာသို့ 'အရှုံးအနိုင်ခွဲဘောလုံး' (tiebreaker) အဖြစ် ပြန်လည်ထားရှိသည်။ ဤအခြေအနေကို 'အနက်ပြန်လည် ထိုးခြင်း' (re-spotted black) ဟု ခေါ်တွင်၍ သတ်မှတ်နေရာတွင် တည်ထားသော အနက်ရောင်ကို ဒိုးလုံးအား လက်ဖြင့် ( စက်ဝိုင်းအခြင်းဝက် စည်းအတွင်း) စိတ်ကြိုက်ထား၍ ထိုးနိုင်သည်။ ဒိုင်ဖြစ်သူက အကြွေစေ့လှန်၍ အနိုင်ရသူက မည်သူအရင် ထိုးရမည်ကို ဆုံးဖြတ်ပေးနိုင်သည်။ ဤပွဲငယ်သည် အနက်ရောင်ဘောလုံး မဝင်မချင်း (သို့) တစ်ဦးဦးမှ ပြစ်ဒဏ် အနေအထားမရောက်မချင်း ဆက်လက်ကစားရသည်။[၃၆] ကစားသူတစ်ဦးသည် ပြိုင်ဘက်ကို ယှဉ်ပြိုင် အနိုင်ရရန် ခုံပေါ်၌ လုံလောက်သော အမှတ်မကျန်ရှိတော့ပါက ပြိုင်ပွဲကို အရှုံးပေးနိုင်သည်။ အဆင့်မြင့်ပြိုင်ပွဲများ၌ ဤသို့ အရှုံးပေးခြင်းသည် လုပ်လေ့ရှိသော ပုံစံတစ်ခုလည်းဖြစ်သည်။[၃၆][၃၇] အဆင့်မြင့်ကျွမ်းကျင်အဆင့် နှင့် အပျော်တန်းယှဉ်ပြိုင်ရသော ပွဲစဉ်များကို ဒိုင်တစ်ဦးက ကြီးကြပ်သည်။ ဒိုင်ဖြစ်သူက လိုအပ်သောအခါ ကာလာဘောလုံးများကို နေရာပြန်လည်ချပေးရ၍ 'ဆက်တိုက်အမှတ်ရရန် ကစားစဉ်တွင်လည်း ကစားသူ၏ရလာသော အမှတ်များကို ပြောကြားပေးရ၏။[၃၈] အဆင့်မြင့်ကစားသမားများသည် ပြိုင်ပွဲကို အားကစားဟန်ဖြင့် ယှဉ်ပြိုင်ကြ၍ ဒိုင်မမြင်လိုက်သော်လည်း ၎င်းတို့သည် ပြစ်ဒဏ်ထိုးချက်အမှားအယွင်း ကစားမိပါက ပြစ်ဒဏ်ဟု ခံယူ ကြေညာကြသည်။[၃၉] ပြိုင်ဘက်ကစားသူ၏ အလွန်ကောင်းသော ထိုးချင်များကိုလည်း အသိအမှတ်ပြုကြသကဲ့သို့ ကြက်ကန်းဆံအိုးတိုးဝင်သွားမိပါကလည်း လက်ထောင်၍ တောင်းပန်သမှု ပြုကြသည်။ ထိုသို့ ကံကောင်းစွာ ဝင်ခြင်းမျိုးကို (flukes) ဟု ခေါ်ဝေါ်သုံးစွဲသည်။[၃၉]

အမှတ်

စနူကာ၌ အမှတ်များကို အစီအစဉ်မှန်အတိုင်း ထိုးသွင်းခြင်းဖြင့် ရရှိနိုင်သည်။ ကစားသူတစ်ဦး ခုံပေါ်၌ တစ်ကြိမ်တည်း စုပေါင်းရရှိသော အမှတ်စုစုပေါင်းကို 'အမှတ်ဆက်တိုက်ယူခြင်း' (break) ဟုသုံးစွဲသည်။ ဥပမာအားဖြင့် ဆက်တိုက် အမှတ် (၁၅) မှတ်ရသော ကစားသမားသည် ပထမ အနီလုံး ထို့နောက် အနက်၊ ထိုမှတစ်ဆင့် အနီ၊ ပန်းရောင်ဘောလုံးများကို ထိုး၍ ရရှိနိုင်သည်။ 'တစ်ကြိမ်တည်းဖြင့် ရနိုင်သော အများဆုံးအမှတ်' (maximum break) ကို အနီ၊ အနက် အားလုံးနှင့် ထို့နောက် ကျန်ရှိသော ကာလာဘောလုံးများကို ထိုးခြင်းဖြင့် ရရှိနိုင်သည်။ အမှတ်စုစုပေါင်းမှာ '၁၄၇' အမှတ်ဖြစ်၍ အင်္ဂလိပ်လို 147 သို့ maximum အဖြစ် သိရှိကြသည်။[၄၀]

အရောင်တန်ဖိုး
အနီ၁ မှတ်
အဝါ၂ မှတ်
အစိမ်း၃ မှတ်
အညို၄ မှတ်
အပြာ၅ မှတ်
ပန်း၆ မှတ်
အနက်၇ မှတ်

ပြိုင်ဘက်ကစားသမား ပြစ်ဒဏ်ဖြစ်သောအခါ အမှတ်များရရှိနိုင်သည်။ ပြစ်ဒဏ်သည် အမျိုးမျိုးသော အကြောင်းတရားများမှ ဖြစ်ပေါ်နိုင်သည်။ အဓိက အများစုမှာ မှန်ကန်စွာ ထိုးရမည့် ဘောလုံးကို မထိတွေ့ခြင်းကြောင့်သော်လည်းကောင်း (ဥပမာ - အနီရောင်ဘောလုံးကို ထိုးရစဉ်တွင် ကာလာတစ်လုံးလုံးကို ထိတွေသွားခြင်း)၊ ဒိုးလုံးကျင်း အတွင်းဝင်ရောက်သွားခြင်းကြောင့် လည်းကောင်း ဖြစ်၏။ ပထမကိစ္စမှာ ဤသို့ဖြစ်နိုင်၏။ ကစားသမားသည် 'စနူကာ' ဖြစ်နေသော အခြေအနေမှ လွှတ်မြောက်အောင် မစွမ်းဆောင်နိုင်သော အခြေအနေမျိုးဖြစ်သည်။ စနူကာအားကစားတွင် 'စနူကာ' အခြေအနေဆိုသည်မှာ ကိုယ်ထက်အရင်ကစားသော ပြိုင်ဖက်ကစားသမားသည် ဒိုးလုံးကို အနေအထားတစ်ခု၌ ထားသွားခဲ့၏။ ထိုထားသွားသော အနေအထားမှ ဒိုးလုံးသည် မိမိထိုးရမည့် ဘောလုံးကို တိုက်ရိုက်တည့်တည့်မတ်မတ် မထိုးနိုင်ခြင်း ဖြစ်၏။ ထိုသို့ တည့်မတ်စွာ ထိုးလျှင် မမှန်ကန်သော ဘောလုံးများနှင့် ထိနိုင်၊ ညိနိုင်သည်။ ပြစ်ဒဏ်အနေအထားမှ ရရှိနိုင်သော အမှတ်မှာ အနည်းဆုံး လေးမှတ်မှ အနက်ရောင်ပါဝင်ပတ်သက်လျှင် ခုနှစ်မှတ်အထိ ရနိုင်သည်။[၃၆]

ပြိုင်ဘက်ကစားသမားအတွက် မှန်ကန်စွာထိုးရမည့် ထိုးချက်အနေအထား မချန်ခဲ့သော ပြစ်ဒဏ်ထိုးချက်သည် 'အလွတ်ဘော' ကို ဖြစ်စေသည်။ အလွတ်ဘော ဆိုသည်မှာ ၎င်းတို့ မူလအားဖြင့် ထိုးသွင်းရမည့် ထိုးချက်အစား ကစားသူကို ကာလာဘောလုံးတစ်လုံးလုံးကို ထိုးနိုင်သည့် အခွင့်ဖြစ်သည်။ ဤသို့ဖြင့် အနီရောင် (၁၅)လုံးနှင့် ကစားခြင်းသည် သတ်မှတ်အမြင့်ဆုံးအမှတ် ထက်ပိုမိုကျော်လွန်နိုင်သည်။ စုစုပေါင်း ၁၅၅ မှတ်ရနိုင်သည်။ (၁၅၅) မှတ်ဟုဆိုရာ၌ ပြိုင်ဘက်က 'အလွတ်ဘော' ချန်ထားခြင်း၊ အလွတ်ဘောအတွက် အနက်ရောင်ကို ထိုးခြင်း၊ ထို့နောက် အနီ၊ အနက် တစ်လှည့်စီ ထိုးသွင်းခြင်း၊ နောက်ဆုံးရကာလာဘောများ ထိုးခြင်းတို့ပါဝင်ရမည်။[၃၆] ဂျေမီ ခို့ပ် (Jamie Cope) သည် သက်သေပြနိုင်သော ၁၅၅ ဆက်တိုက်အမှတ်ကို ၂၀၀၅ လေ့ကျင့်သည့် ပွဲမှ ပထမဆုံးရရှိသူဖြစ်သည်။ ဤသို့ အမှတ်ရရှိသော အခြားကစားသမားများ၌ အဲလက်ခ်စ် ဟစ်ဂင် (Alex Higgins) လည်းပါဝင်လေသည်။[၄၁][၄၂]

ပထမဆုံး ဘောလုံးများမှသည် နောက်ဆုံးထိုးသောရဘောလုံးအထိ ကစားရသော ပွဲကို (frame - ပွဲငယ်) ဟုသတ်မှတ်သည်။ ကြိုတင်သတ်မှတ်သော ပွဲငယ်အရေအတွက်ပါဝင်သော ပွဲကို (match - ပွဲစဉ်) ဟုခေါ်ဆိုရာ ပွဲငယ်အရေအတွက် အများဆုံးနိုင်သော သူသည် ပွဲစဉ်တစ်ပွဲကို အနိုင်ရသူဖြစ်မည်။ ဥပမာ 'best of nine' ပွဲစဉ်တွင် ပွဲငယ်ပေါင်း ကိုးပွဲပါဝင်၍ ပွဲငယ်ငါးပွဲအနိုင်ရသူသည် ပွဲစဉ် (match) ကို နိုင်သူဖြစ်သည်။ ပြိုင်ပွဲရှည်ကြီးများ၌ 'best of 17' သို့ 'best of 19' ကို နောက်ဆုံးဗိုလ်လုပွဲများတွင် သတ်မှတ်ကြ၍ ကမ္ဘာ့ချန်ပီယံ ပြိင်ပွဲသည် အချိန်ကာလ ပိုမိုကြရှည်ပြီး အရည်ချင်းစစ်အဆင့်များနှင့် ပထမအဆင့်များ၌ပင် '၁၉' ပွဲထားရှိကာ ဗိုလ်လုပွဲ၌ '၃၅' ပွဲထားရှိ ကစားစေသည်။ ဗိုလ်လုပွဲမှာ အချိန်ကြာမြင့်သဖြင့် ကစားရက် နှစ်ရက်၊ ကစားရသည့် အချိန်ပိုင်း လေးချိန်ထားရှိကစားရပေသည်။[၄၃]

အုပ်ချုပ်မှုနှင့် ပြိုင်ပွဲများ

ကမ္ဘာ့အဆင့်မြင့် ဘိလိယက်နှင့် စနူကာအသင်း (WPBSA) ကို ၁၉၆၈တွင် 'အဆင့်မြင့် ဘိလိယက်ကစားသူများအသင်း' အဖြစ်' တည်ထောင်ခဲ့ကာ[၄၄] အဆင့်မြင့်ပြိုင်ပွဲများအတွက် ကြီးကြပ်အုပ်ချုပ်သည့် အဖွဲ့အစည်းဖြစ်၏။[၄၅][၄၆][၄၇] အပျော်တမ်းပြိုင်ပွဲများ (လူငယ်ပြိုင်ပွဲများ အပါအဝင်) ကို 'နိုင်ငံတကာ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ် (IBSF) က စီမံအုပ်ချုပ်သည်။[၄၈] အမျိုးသမီးများအတွက်ပွဲများနှင့် သက်ကြီးပွဲစဉ်များကို 'ကမ္ဘာ့အမျိုးသမီးများ စနူကာ အဖွဲ့' (World Women's Snooker) နှင့် 'ကမ္ဘာ့သက်ကြီးပွဲစဉ်အဖွဲ့' (World Seniors Tour) တို့က အသီးသီး ကိုင်တွယ်ကြသည်။[၄၉][၅၀][၅၁] ဤအားကစား၏ အမြင့်ဆုံးအဆင့်များသည် 'IBSF ကမ္ဘာ့စနူကာချန်ပီယံပြိုင်ပွဲ' ၊ 'ကမ္ဘာ့သက်ကြီး ချန်ပီယံပြိုင်ပွဲ' နှင့် ' အမျိုးသမီး ကမ္ဘာါစနူကာ ချန်ပီယံပြိုင်ပွဲ' တို့ဖြစ်ကြသည်။[၅၁]

ပြိုင်ပွဲများ

အဆင့်မြင့်တန်း

အဆင့်မြင့် စနူကာကစားသူများသည် 'ကမ္ဘာ့စနူကာ ခရီးစဉ် ပြိုင်ပွဲ' များ၌ ကစားကြသည်။ ထိုခရီးစဉ်ပြိုင်ပွဲမှ ပွဲများသည် ထိုခရီးစဉ်တွင် ပါဝင်သော ကသားသမားများနှင့် ရွေးချယ်ခံရသော အပျော်တမ်း ကစားသမားများ အတွက်သာဖြစ်၏။ ပြိုင်ပွဲအများစုမှာ အရည်အချင်းသတ်မှတ်ချက် လိုအပ်သည်။ ကစားသမားများသည် ထိုခရီးစဉ်ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မှီရန်မှာ ယခင်နှစ်ရာသီများမှ တိုက်ကြီးများ ချန်ပီယံပြိုင်ပွဲများ၊ စိန်ခေါ်ခရီးစဉ်ပြိုင်ပွဲများကို အနိုင်ရ၍ ကမ္ဘာ့အဆင့်တွင် လုံလောက်သော အဆင့်ရရှိခဲ့ခြင်း (သို့) အပျော်တမ်း ပြိုင်ပွဲများ (Q School) တွင် အနိုင်ရခြင်းတို့ ပါဝင်သည်။[၅၂] 'ခရီးစဉ်ပြိုင်ပွဲ'တွင် ကစားသူများသည် ပြိုင်ပွဲများအတွက် နှစ်နှစ်ပါဝင်ခွင့် ရရှိပေသည်။[၅၂]

ကစားနည်း၏ အထက်တန်းလွှာဆန်သော ဇာစ်မြစ်ကို ရောင်ပြန်ဟပ်သည့်အနေဖြင့် အဆင့်မြင့်ပိုင်း အဓိကပြိုင်ပွဲကြီးများတွင် ကစားသူများသည် 'waistcoat' ဝတ်စုံနှင့် ဖဲပြားလည်စည်းဝတ်ရန် လိုအပ်သည်။ မကြာသေးမီနှစ်များအတွင်း ဤကိစ္စနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြပြီး စတီးဗန် မက်ဂွိုင်းယား (Stephen Maguire) ကဲ့သို့သော ကစားသမားများကို ကျန်းမာရေးအရ ဖဲပြားလည်စည်း ဝတ်ဆင်ခွင့်မှ လွတ်ငြိမ်းခွင့်ပေးခဲ့သည်။[၅၃]

ခရီးစဉ်ပြိုင်ပွဲတွင် ထိုပွဲများမှ အဆင့်တစ်ခုရသော ကစားသမားများနှင့်အတူ ကမ္ဘာ့အဆင့်သတ်မှတ်သော အစီအစဉ်များပါဝင်သည်။ အဆင့်သတ်မှတ်ပေးသည့် အမှတ်များကို ယခင် နှစ်ရာသီမှ ကစားမှုများဖြင့် ရရှိနိုင်၍ ထိုအဆင့်များသည် လက်ရှိကမ္ဘာ့အဆင့်ကို ဆုံးဖြတ်ပေးသည်။[၅၄] ကစားသူတစ်ဦး၏ အဆင့်သည် ၎င်းအတွက် မည်သည့် အဆင့်ရှိသော ပြိုင်ပွဲအမျိုးအသားတွင် ပါဝင်ယှဉ်ပြိုင်ရမည်လဲဆိုသည်ကို ဆုံးဖြတ်ပေး၏။ အဆင့်မြင့်စနူကာလောကမှ အထင်တန်းကျသူများကို 'ထိပ်တန်း-၁၆' (top-16) အဆင့်ရှိ ကစားသမားများအဖြစ် ယေဘူယျ သတ်မှတ်ကြသည်။[၅၅] 'ရှန်ဟိုင်းမာစတာ၊ မာစတာ၊ ကမ္ဘာ့ချန်ပီယံ ပြိင်ပွဲများကဲ့သို့သော ပွဲများ၌ ပါဝင်ရန် အရည်အချင်းစစ်စရာ မလိုအပ်ပါ။[၅၆] အချို့သော ပြိုင်ပွဲများ (ဥပမာ ကော်ရယ် ဖလားပြိင်ပွဲစဉ်တွဲများ (Coral Cup series)) သည် ပါဝင်ရန် တစ်နှစ်တာ အဆင့်သတ်မှတ်ချက်ကိုသာ ကြည့်သည်။ ဆိုလိုသည်မှာ ပါဝင်မည့်သူကို ရွေးချယ်ရန် လက်ရှိရာသီ၏ ရလဒ်ကိုသာ အသုံးပြု၏။[၅၇] လက်ရှိ၌ ခရီးစဉ်ပြိုင်ပွဲတွင် (၁၂၅)ဦး ပါဝင်ကာ တရားဝင်အဆင့်သတ်မှတ်ချက်မှ ထိပ်တန်း (၆၄))ဦး (သို့) ပြီးခဲ့သောရာသီမှ ထိပ်တန်းဆုကြေးငွေရရှိသူ ရှစ်ဦးထဲမှ တစ်ဦးပါဝင်နိုင်သူများသည် ခရီးစဉ်ပြိုင်ပွဲတွင် ပါဝင်ရန် သေချာမှုရှိ၍ ဤသည်ကို ကမ္ဘာ့ချန်ပီယံပြိုင်ပွဲပြီးနောက် အကဲဖြတ်ဆုံးဖြတ်ကြသည်။[၅၈]

ကမ္ဘာ့ချန်ပီယံ ဆုဖလား

သက်တမ်းအရင့်ဆုံး အဆင့်မြင့်ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲဖြစ်၍[၅၉] ၁၉၂၇ မှစ၍ နှစ်စဉ် ကျင်းပလာခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းနှင့် ၁၉၅၈-၁၉၆၃ ကြားနှစ်များ၌ မကျင်းပဖြစ်ခဲ့ပေ။[၆၀][၆၁] ဤပြိုင်ပွဲကြီးကို အင်္ဂလန်နိုင်ငံ ရှက်ဖီးလ်ဒ်မြို့၊ ခရူးစစ်ဘဲလ်ရုံ၌ ၁၉၂၇မှစ၍ ကျင်းပလာခဲ့ကြကာ Embassy ဆေးရွက်ကြီးကုမ္ပဏီက စရိတ်ကျခံ ကမကထပြုသည်မှာ ၁၉၇၆ မှ ၂၀၀၅ အထိဖြစ်သည်။[၂၃] ယင်းအချိန်မှစပြီး ဆေးရွက်ကြီးထုတ်ကုန်များ ကြော်ငြာခြင်းကို ပိတ်ပင်ခဲ့သဖြင့် ချန်ပီယံပြိုင်ပွဲများကို အလောင်းအစားလုပ်ငန်း ကုမ္ပဏီများက ကမကထပြုခဲ့ကြသည်။[၆၂][၆၃][၆၄]

ကမ္ဘာ့ချန်ပီယံပြိုင်ပွဲသည် စနူကာအားကစား၌ ငွေကြေး၊ အဆင့်သတ်မှတ်ချက်အမှတ်နှင့် ဂုဏ်သိက္ခာအရ တန်ဖိုးအမြင့်ဆုံးဆုတစ်ခုဖြစ်သည်။[၆၅][၆၆][၆၇] ယူကေ၌ ကျယ်ကျယ်ပြန့်ပြန့်အနေဖြင့် ဘီဘီစီမှ ရုပ်သံလွှင့်ကာ[၆၈] ဥရောပတွင် ယူရိုစပေါ့တ် ရုပ်သံ[၆၉]၊ အာရှတွင် စီစီတီဗီ-၅ ရုပ်သံမှ လွှင့်ထုတ်သည်။[၇၀] ကမ္ဘာ့ချန်ပီယံပြိုင်ပွဲသည် ယူကေချန်ပီယံပြိုင်ပွဲ၊ အဆင့်သတ်မှတ်ချက်မရှိသော 'မာစတာပြိုင်ပွဲ' (Masters) များနှင့်အတူ 'သုံးထပ်ကွမ်းသရဖူ' ၏ အစိတ်အပိုင်းတွင် ပါဝင်သည်။[၇၁] ဤပြိုင်ပွဲ သုံးပွဲကို စနူကာကစားသမားအချို့က ဂုဏ်သိက္ခာအရှိဆုံးပြိုင်ပွဲ၊ သက်တမ်းအရင့်ဆုံးပြိုင်ပွဲများထဲမှ ပြိုင်ပွဲများအဖြစ်လည်း တန်ဖိုးထားကြသည်။ ပြိုင်ပွဲသုံးပွဲလုံးကို အနိုင်ရရန် အလွန်ခက်ခဲ၍ ယခုထိ (၂၀၂၀) ကစားသမား (၁၁) ဦးသာလျှင် စွမ်းဆောင်ထားသည်။[၇၂][၅၅][၇၁]

အချို့သောပြိုင်ပွဲများမှာ ပြိုင်ပွဲကျင်းပရာတွင် လွန်စွာ အချိန်ကြာမြင့်သောကြောင့် ဝေဖန်ခံရရာ[၇၃] Matchroom Sport ကုမ္ပဏီ ဥက္ကဋ္ဌ ဘယ်ရီ ဟားန် (Berry Hearn) က အချိန်ကန့်သန့် ပြိုင်ပွဲစဉ်တွဲများကို စီစဉ်ခဲ့သည်။ အချိန်တို 'ပရီးမီးယားလိဂ် စနူကာ' ကို ဖန်တီးထား၍ ဖိတ်ကြားထားသော ကစားသမား (၇)ဦးဖြင့် ယူကေကစားရုံများ၌ ပုံမှန်ကစားကြရပြီး စကိုင်းစပေါ့တ် မှ ရုပ်သံလွှင့်သည်။[၆၇] စနူကာ ထိုးချက်တစ်ခုအတွက် ကစားသူများ၌ နှစ်ဆယ့်ငါး စက္ကန့်သာ အချိန်ရ၍ တစ်ပွဲ၌ အချိန်လွန်ကစားခွင့် တစ်ဦးလျှင် ငါးကြိမ်သာ ရရှိနိုင်သည်။ ဤပုံစံဖြင့် အောင်မြင်မှုအချို့ရရှိသော်လည်း ပုံမှန်အဆင့်သတ်မှတ်ပြိုင်ပွဲများကဲ့သို့ စာနယ်ဇင်းတို့၏ စိတ်ဝင်စားမှုကား မရရှိပေ။[၇၃] ချန်ပီယံတို့၏ ချန်ပီယံပြိုင်ပွဲ ကိုစတင်သည့်နှစ် ၂၀၁၃မှစ၍ ထိုပြိုင်ပွဲကို ခရီစဉ်ပြိုင်ပွဲမှ ထုတ်နှုတ်ခဲ့သည်။[၇၄] ချန်ပီယံတို့၏ ချန်ပီယံပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရသည်မှာ ရာသီအတွင်း အခြားသော ပွဲစဉ်များအနိုင်ရရှိသူ (၁၆) ဦးကစားရသည်။ [၇၅][မှတ်စု ၅]

၂၀၁၅ တွင် ကမ္ဘာ့ အဆင့်မြင့် ဘိလိယက်နှင့် စနူကာအသင်းသည် တိုကျို ၂၀၂၀ နွေရာသီအိုလံပစ်၌ ကျင်းပသော အားကစားပြိုင်ပွဲတွင် ထည့်သွင်းကစားရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။[၇၆][၇၇] ၂၀၂၄ နွေရာသီအိုလံပစ်၌ ထည့်သွင်းရန် ကြိုးပမ်းမှုတစ်ခုကို ၂၀၁၇တွင် ဖွဲ့စည်းခဲ့သော ကမ္ဘာ့စနူကာအဖွဲ့ချုပ်က တင်သွင်းထားသည်။[၇၈][၇၉] တုတ်တံဖြင့် (ကျူတံ) ကစားနည်းအတွက် 2019 World Team Trophy ကလည်း ၂၀၂၄ အားကစားပြိုင်ပွဲများတွင် ထည့်သွင်းကစားရန် အဆိုပြုထား၍ နိုင်းဘော၊ ကဲရမ်ဘိလိယက်အမျိုးအစားတို့ပါဝင်သည်။[၈၀] ၂၀၀၁မှစ၍ စနူကာကို ကမ္ဘာ့အားကစား ပြိုင်ပွဲများတွင် ပါဝင်ထည့်သွင်းခဲ့ကာ ၂၀၁၉ အာဖရိက အားကစားပြိုင်ပွဲများ တွင်လည်း ကစားခဲ့သည်။[၈၁][၈၂][၈၃]

ဝေဖန်မှုများ

ရော်နီ အို ဆူလစ်ဗန်၊ မာ့ခ် အဲလန်နှင့် စတိဗ် ဒေးဗစ် ကဲ့သို့သော ကစားသမားအချို့က ရာသီတစ်ခုအတွင်း ပွဲစဉ်များ အလွန်အကျွံများခြင်း၊ ကစားသမားများ ပင်ပန်းနွမ်းနယ်ခြင်း တို့ကို သတိပေးပြောကြားဖူးသည်။[၈၄] ၂၀၁၂တွင် အို ဆူလစ်ဗန်သည် မိသားစုနှင့် အချိန်ပိုရရန် ပြိုင်ပွဲများ လျှော့၍ကာစားခဲ့ပြီး ၂၀၁၂-၁၃ ရာသီအကုန်၌ ကမ္ဘာ့အဆင့် (၁၉)ဖြင့် အဆုံးသတ်အဆင့်ရခဲ့သည်။[၈၄] ထို့အပြင် ၂၀၁၃၌ မည်သည့်ပြိုင်ပွဲမှမကစားဘဲ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကိုသာ ဝင်ရောက်ကစားပြီး ထိုပွဲ၏ ချန်ပီယံဖြစ်ခဲ့သည်။[၈၄] အို ဆူလစ်ဗန်သည် ပြိုင်ပွဲအနည်းငယ်သာရှိသော မူကွဲခရီးစဉ်ပြိုင်ပွဲရှည်သည် အားကစားအတွက် ပို၍ အကျိုးရှိမည်ဟု အဆိုပြုခဲ့သော်လည်း ၂၀၁၉ အထိ ထိုသို့သော ပြိုင်ပွဲမျိုး ဖြစ်မြောက်မလာခဲ့ပေ။[၈၅]

အချို့သော လိဂ်များက ကလပ်အသင်းများအား အမျိုးသမီးကစားသူများကို ပြိုင်ပွဲများ၌ လက်ခံရန် ငြင်းပိုင်ခွင့်ကို ခွင့်ပြုပေးထားသည်။[၈၆][၈၇] လိဂ်ကော်မတီအုပ်ချုပ်မှုအဖွဲ့က ဤအလေ့အထကို ခုခံကာကွယ်ပြောဆိုကြသည်။ ကမ္ဘာ့အမျိုးသမီးစနူကာမှ ပြောရေးဆိုခွင့်ရှိသူက " ၂၀၁၉ မှာဆိုရင် ရက်ဘက်ကာ ကန်နာ (Rebecca Kenna) တို့လို ကစားသမားတွေဟာ ခေတ်နောက်ပြန်စွဲတဲ့ ခွဲခြားတတ်တဲ့ဓလေ့တွေရဲ့ သားကောင်ဖြစ်ခဲ့ရတာဟာ စိတ်ပျက်စရာကောင်းသလို လက်မခံနိုင်တဲ့အရာလည်းဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။[၈၈]

အားကစားသုံးပစ္စည်းများ

ကျူတံထိပ်သုတ်သည့် ချော့ခ်၊ ကျူတံ၊ သင်ပုန်းပေါ်ရေးသည့် မြေဖြူ၊ ဆွဲ၍ရွှေ့နိုင်သော အမှတ်တွက်စက်

စနူကာအတွက် အသုံးပြုရသောပစ္စည်းများမှာ ကျူတံထိပ်မျက်နှာပြင်အတွက် 'ချော့ခ်' (chalk) ခေါ် မြေဖြူတစ်မျိုး၊ လက်ဖြင့်ကစားရန် အဆင်မပြေသည့်အခါ သုံးစွဲရသော 'rest' တုတ်တံများ၊ အနီရောင်ဘောလုံးများကို စီရန်သုံးရသော တြိဂံပုံဘောလုံးစီအကွက် (triangle)၊ အမှတ်ရေးခြစ်သည့် သင်ပုန်း တို့ဖြစ်ကြသည်။ အရွယ်အစားအပြည့်ခုံ (၁၂ ft × ၆ ft [၃၆၆ cm × ၁၈၃ cm]) အတွက် အဘက်ဘက်မှ အဆင်ပြေပြေ ထိုးနိုင်ရန် အနည်းဆုံး အခန်းအရွယ်အစားသည် (၂၂ by ၁၆ ပေ [၆.၇ by ၄.၉ မီတာ]) ရှိသောကြောင့် စနူကာ၏ အားနည်းချက်တစ်ရပ်ဖြစ်သည်။[၈၉] ဤအားကစားကို အလွယ်တကူ ကစားနိုင်ရန် ဖော်ပြပါအချက်က နေရာအရေအတွက်အပေါ် အကန့်အသတ်ဖြစ်စေသည်။ 'ပူးလ်' ကစားနည်းခုံများမှာ အချို့သော အနောက်တိုင်း ယာမကာဆိုင် (pubs) များ၌ ကစားနိုင်သော်လည်း စနူကာမှာ ကိုယ်ပိုင်နေရာ (သို့) အများဆိုင် ခန်းမကျယ်များ၌သာ ကစားနိုင်သည့် အနေအထားရှိလေသည်။ အနီဘောလုံးအနည်းငယ်ဖြင့် ပို၍သေးသော ခုံများတွင်ခည်း ကစားနိုင်သည်။ ခုံအရွယ်အသားအမျိုးမျိုးမှာ ၁၀ ft × ၅ ft (၃၀၅ cm × ၁၅၂ cm) ၊ ၉ ft × ၄.၅ ft (၂၇၄ cm × ၁၃၇ cm) ၊ ၈ ft × ၄ ft (၂၄၄ cm × ၁၂၂ cm) ၊ ၆ ft × ၃ ft (၁၈၃ cm × ၉၁ cm) (လက်တွေ့ကျကျ ကစားနိုင်ရန် အသေးဆုံး) နှင့် ၄ ft × ၂ ft (၁၂၂ cm × ၆၁ cm) တို့ဖြစ်ကြသည်။ သေးငယ်သော ခုံများသည် ပုံစံအမျိုးမျိုးဖြင့်လာ၍ ခေါက်ခုံ (သို့) ထမင်းစားစားပွဲအဖြစ် ပြောင်းလဲနိုင်သောခုံများလည်း ရှိကြသည်။[၉၀]

ပုံမှန်အစဉ်အဆက်သုံးသော စနူကာအမှတ်ရေးမှတ်သည့် သင်ပုန်းသည် တရုတ်ပေသီးစက်နှင့် ဆင်တူ၍ ပွဲငယ်တစ်ပွဲ၏ အမှတ်များ မှတ်သားနိုင်ကာ စနူကာခုံဘေးရှိ နံရံ၌ ချိတ်ဆွဲထားကြသည်။ အမှတ်ရေတွက်ကြိုး (scoring string or wire) အဖြစ်ခေါ်သော ရိုးရှင်းသည့် အမှတ်ရေတွက်သော ပုတီးစေ့များ ပါရှိသည်။[၃၈] ပုတီးစေ့တစ်ခုသည် တစ်မှတ်ဖြစ်၏။ စနူကာကစားသူများသည် များသောအားဖြင့် ထိုပုတီးစေ့တစ်စေ့ (သို့) အနည်းငယ်လောက်ကို ကျူတံဖြင့် လှမ်း၍ ရွှေ့နိုင်သည်။[၃၈]

A shot using the rest, used to help reach farther down the table

အရွယ်အပြည့် စနူကာခုံတွင် ကျင်းခြောက်ကျင်းပါရှိကာ အရွယ်အစားမှာ ၃၅၆.၉ စင်တီမီတာ (၁၁ပေ ၈.၅လက်မ) နှင့် ၁၇၇ စင်တီမီတာ (၅ပေ ၁၀လက်မ) ရှိ၏။[၉၁]

အောက်အခင်းမှာ အစိမ်းရောင် သိုးမွှေးသက္ကလတ်အစ (baize) ဖြစ်ပြီး လားရာပြ ကတ္တီပါအမွှေးတိုလေးများပါရှိသည်။ ခုံ၏ စက်ဝိုင်းခြမ်းနားနှစ်ဖက်ကို ဆက်သွယ်ထားသည့်မျဉ်း (စတင်ထိုးသည့်အခါ တားထားသည့် စည်း) အစွန်းမှ အနက်ရောင်ဘောလုံး ဖက်ဆီသို့ ထိုအမွှေးတိုများက လားရာပြ ပြေးနေရသကဲ့သို့ ရှိရမည်။ ဤအမွှေးတိုများမှာ ဒိုးလုံး (အဖြူ) ကို ထိုးသည့်အပေါ်မူတည်၍ ထိုအဖြူလုံး၏ ဦးတည်ရာကို အကျိုးသက်ရောက်သည်။ ထို့အပြင် ဒိုးလုံးကို မည်သည့်ဖက်ကို ဦးစားပေးထိုး (spin) သလဲဆိုသည်အပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိသည်။ ဒိုးလုံးကို တစ်ပုံစံတည်း ထိုးသော်လည်း ထိုသို့ ထိုးရသည့် အခါ အောက်ဘက်ကိုထိုးခြင်း (အနက်ဆီသို့) ၊ အပေါ်ဘက်ကိုထိုးခြင်း (စက်ဝိုင်းခြမ်းစည်းဆီသို့) ပေါ်တွင်မူတည်၍ ကွဲပြားသော အကျိုးသက်ရောက်မှု ရှိသည်။ စနူကာခုံတွင် ခင်းထားသော အဝတ်စကို လေစုပ်ခြင်းမပြုကြပေ။ အကြောင်းမှာ အမွှေးတိုများ ပျက်စီးမည် ဖြစ်သောကြောင့်ပင်။ ထိုအဝတ်စကို စက်ဝိုင်းခြမ်းဖက်မှ အခြားတစ်ဖက်ဆီသို့ ဝက်မှင်ဘီး (brush) ဖြင့် သန့်ရှင်းကြသည် (ကန့်လန့် မပြုရ)။ ထို့နောက် အချို့သော ခုံသန့်ရှင်းသူများသည် နှစ်လေးသစ်သားချောင်း (နှစ်တစ်ကဲ့သို့ သစ်သားချောင်း) တွင် ပတ်ထားသော အဝတ်ခပ်ဖန့်ဖန့်ဖြင့် ပွတ်ဆွဲသည် (သို့) ဝက်မှင်ဘီး၏ ဖင်ပိုင်း (အပြား) ဖြင့် ပွတ်ဆွဲကြသည်။ ဖုန်မှုန့်များကို ရှင်းသန့်ရန်နှင့် အမွှေးတိုများ လဲကျစေရန်ဖြစ်သည်။ ထို့နောက် ခုံကို မီးပူတိုက်သည်။ တရားဝင် စနူကာပြိုင်ပွဲများတွင် Strachan မှထုတ်လုပ်သော အဝတ်စကို သုံးစွဲကြ၍ ၁၀၀% ပိုးထည်ဖြစ်သည်။ အချို့သော အဝတ်စများ၌ နိုင်လွန်ချည် ရာနှုန်းအနည်းငယ်ပါသော အစများ ပါဝင်ကြသည်။[၉၂][၉၃]

အရေးပါသော ကစားသမားများ

ကမ္ဘာ့စနူကာပြိုင်ပွဲ တည်ထောင်သူ ဂျိုး ဒေးဗစ်၊ ၁၉၃၀ -၁၉၄၀ နှစ်များတွင် (၁၅) ကြိမ်တိုင် အနိုင်ရရှိခဲ့သည်။
အင်္ဂလိပ်ကစားသမား ရော်နီ အို ဆူလစ်ဗန် သည် (၂၁)ရာစု၌ ကမ္ဘာ့ချန်ပီယံကို အများဆုံးရရှိခဲ့သည်။ (၂၀၀၁၊ ၂၀၀၂၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၃)

၁၉၃၀နှစ်များဆီမှ ဂျိုးဒေးဗစ် (Joe Davis) ကစတင်ခဲ့သော အသက်မွေးဝမ်းကျောင်းခေတ်သည် ယနေ့အထိပင်ဖြစ်ရာ နှိုင်းယှဉ်ပါက ကစားသမားအနည်းငယ်သာ ထိပ်တန်းအဆင့်တွင် အောင်မြင်မှု ရရှိခဲ့ကြသည်။ [၉၄][၉၅] ဂျိုးဒေးဗစ်သည် နှစ်နှစ်ဆယ်ကျော်ကြ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ပြန်လည်ကျင်းပသော ၁၉၆၄တွင် (၁၅)ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံကို ရရှိပြီးသည့်နောက် မည်သူမျှအနိုင်မယူနိုင်သော အနေအထားဖြင့် အနားယူခဲ့သည်။[၉၆] ဂျိုးဒေးဗစ်သည် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲများတွင် ရှုံးပွဲမရှိဖြစ်ခဲ့၍ ဘဝတစ်လျှောက်လုံးတွင်လည်း လေးပွဲသာရှုံးခဲ့ရာ ထိုလေးပွဲကို နိုင်သူမှာ ညီအကိုတော်သူ ဖရက် ဒေးဗစ် (Fred Davis) ဖြစ်၏။[၉၆] ၎င်းသည် ဘိလိယက်ချန်ပီယံလည်းဖြစ်၏။[၉၆][၉၇] ဤအားကစားကို ဤအနေအထားဖြင့် နောက်ထပ်လွှမ်းမိုးချုပ်ကိုင်နိုင်သူမရှိလောက်သည်အထိ ယူဆကြသည်။[၉၈]

ဂျိုးအနားယူပြီးနောက် နောက်ထပ်လွှမ်းမိုးနိုင်သူမှာ ၎င်း၏ ညီ ဖရက်ဖြစ်ကာ ၁၉၄၀ ကမ္ဘာ့ဗိုလ်လုပွဲတွင် ဂျိုးကို ရှုံးနိမ့်ခဲ့သည်။[၉၆] ၁၉၄၇ တွင် ဂျိုးနေရာကို ဆက်ခံရန် အဆင့်သင့်ဟု ထင်ခဲ့ကြသော်လည်း စကော့လူမျိုး ဝေါလ်တာ ဒေါ်နယ်လ်ဆန်ကို ရှုံးနိမ့်ခဲ့သည်။[၉၉] ဒေးဗစ်နှင့် ဒေါ်နယ်လ်ဆန်တို့ နောက်ထပ် ဗိုလ်လုပွဲလေးပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသေးသည်။ ၁၉၅၂ ဗိုလ်လုပွဲကို ဗြိတိသျှ ပညာသည်များက သပိတ်မှောက်သောကြောင့် ၁၉၅၃ တွင် ကမ္ဘာ့ချန်ပီယံပွဲကို မကျင်းပခဲ့ပေ။ ယင်းအစား 'World Professional Match-play Championship' သည် တရားမဝင်သော ကမ္ဘာ့ချန်ပီယံပွဲစဉ်ဖြစ်လာခဲ့သည်။[၁၀၀] ဖရက်သည် နောက်ဆုံးအနေဖြင့် ကျင်းပခဲ့သောနှစ် ၁၉၅၇ မတိုင်မီနှစ် (၁၉၅၆) အထိ အနိုင်ရကာ ၁၉၅၇ တွင် ယှဉ်ပြိုင်ခဲ့ခြင်းမရှိခဲ့ပေ။[၁၀၁]

ဂျွန် ပါးလ်မန်း ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်သည့် ပုံစံဖြစ်ကျင်းပသော ၁၉၆၀နှစ်များ၌ အအောင်မြင်ဆုံး ကစားသမားဖြစ်သည်။[၁၀၂] သို့သော်လည်း ၁၉၆၉တွင် ရှုံးထွက်ပုံစံ ပြန်ပြောင်း ကျင်းပသောအခါ အနိုင်ရခဲ့ခြင်း မရှိတော့ပေ။ ရေး ရီယာဒန်သည် ၁၉၇၀ နှစ်များတွင် ဩဇာညောင်းသော သူဖြစ်လာကာ ချန်ပီယံ ခြောက်ကြိမ် (၁၉၇၀၊ ၁၉၇၃-၁၉၇၆နှင့် ၁၉၇၈ ) ဖြစ်ခဲ့၍ ထိုနှစ်များအတွင်း ဂျွန် စပန်ဆာက သုံးကြိမ်ရရှိခဲ့သည်။[၁၀၃][၁၀၄]

စတိဗ် ဒေးဗစ်၏ ပထမဆုံး ကမ္ဘာ့ချန်ပီယံဆု (၁၉၈၁) သည် ၁၉၂၇မှ စတင်ကျင်းပလာသော (သပိတ်မှောက်ခံရသောနှစ် ၁၉၅၂ မှ ချန်ပီယံ 'ဟော့ရစ် လင်ဒရမ်' အပါအဝင်) စနူကာချန်ပီယံစာရင်းတွင် (၁၁) ကြိမ်မြောက်သော ပုဂ္ဂိုလ်ဖြစ်စေခဲ့သည်။[၁၀၅][၁၀၆] စတိဗ်သည် ချန်ပီယံကို (၁၉၈၁၊ ၁၉၈၃၊ ၁၉၈၄ နှင့် ၁၉၈၇-၈၉) ရရှိခဲ့ပြီး ပွဲကြည့်ပရိသတ်အများဆုံးပွဲ ၁၉၈၅ ဒန်းနစ် တေလာနှင့် ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်သည်။[၁၀၇]စတီးဗန် ဟန်ဒရီသည် ၁၉၉၀ တွင် အနိုင်ရသဖြင့် (၁၄) ယောက်မြောက် ချန်ပီယံ ဆွတ်ခူးနိုင်သော ကစားသမားဖြစ်လာကာ ၁၉၉၀ နှစ်များမှ စ၍ လွှမ်းမိုးချုပ်ကိုင်နိုင်သူ တစ်ဦးဖြစ်လာသည်။ စုစုပေါင်း ချန်ပီယံ ခုနှစ်ကြိမ်ဖြစ်ခဲ့သည်။ ၁၉၉၀၊ ၁၉၉၂-၁၉၉၆၊ ၁၉၉၉ တို့တွင် ဖြစ်၏။[၁၀၁][၁၀၈] ရော်နီ အို ဆူလစ်ဗန်သည် ယခုခေတ်သစ်ပိုင်းတွင် အနီးကပ်ဆုံး လွှမ်းမိုးနိုင်သူဖြစ်သည်။ ၂၁ ရာစု၌ ကမ္ဘာ့ချန်ပီယံဆု ခြောက်ကြိမ် (၂၀၀၁၊ ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၃ နှင့် ၂၀၂၀) ရရှိခဲ့သည်။[၁၀၁] မာ့ခ် ဝီလျံစ် သုံးကြိမ် (၂၀၀၀၊ ၂၀၀၃၊ ၂၀၁၈) ၊ ဂျွန် ဟစ်ဂင်စ် လေးကြိမ် (၁၉၉၈၊ ၂၀၀၇၊ ၂၀၀၉ နှင့် ၂၀၁၃) ရရှိထားသည်။ သို့သော် ဤရာစုနှစ် အစပိုင်းမှစတင်၍ လွန်ခဲ့သော ဆယ်စုနှစ်များကကဲ့သို့ လွှမ်းမိုးနိုင်သူ မရှိပေ။ ခေတ်သစ်ကာလများ၌ ကစားသမားများသည် အဆင့်အတန်း ခပ်ဆင်ဆင်တူကြသည်။ ကစားသမားတစ်ဦးမှ လွဲ၍ဖြစ်၏။ ဥပမာ စတိဗ် ဒေးဗစ်သည် ၁၉၈၅၌ ထိပ်တန်းကစားသမား (၆၄)ယောက် (၎င်းမပါ) ထက် ပို၍ ဆုဖလားများ ပို၍ ရယူနိုင်ခဲ့သည်။ ချန်ပီယံဆုကို ၂၀၁၃တွင် ထိန်းထားနိုင်ခဲ့ခြင်းဖြင့် ရော်နီသည် ၁၉၉၆ စတီးဗန် ဟင်ဒရီပြီးနောက် ချန်ပီယံဆုကို အောင်အောင်မြင်မြင်ကာကွယ် နိုင်သည့် ပထမဆုံးသောသူ ဖြစ်လာခဲ့ပေသည်။ (ဤသို့ ကာကွယ်မှုကို ၂၀၁၇ တွင် မာ့ခ် ဆဲလ်ဘီကလည်း လုပ်ဆောင်နိုင်ခဲ့၏။)[၁၀၉]

မူကွဲ ကစားနည်းများ

  • အမေရိကန် စနူကာ : ၁၉၂၅ မှစတင်ခဲ့သည့် မူကွဲပုံစံဖြစ်၍ ၁၀ ft × ၅ ft (၃.၀ m × ၁.၅ m) ခုံနှင့်   in (၅၄ mm) အရွယ်ရှိ ဘောလုံးများနှင့် ကစားသည်။ စည်းမျဉ်းများမှာ အတော်ရိုးရှင်း၍ ပူးလ်ကစားနည်း၏ လွှမ်းမိုးမှုများရှိသည်။ အမေရိကန်ပြည်ထောင်စု စနူကာအဖွဲ့က အသိအမှတ်မပြု၊ အုပ်ချုပ်မှုမရှိသော်လည်း အမေရိက ဘိလိယက်ကွန်ဂရက်စ်က ထိန်းချုပ်ကြီးကြပ်သည်။[၁၁၀]
  • ပါဝါ စနူကာ : အနီဘောလုံး ကိုးလုံးကို စိန်ပွင့်သဏ္ဌာန်စီ၍ ကစားချိန်မှာ တစ်ပွဲလျှင် မိနစ်သုံးဆယ်ဖြစ်၏။[၁၁၁]
  • ဘရာဇီးပုံစံ စနူကာ (Sinuca brasileira) : အနီဘောလုံးတစ်လုံး၊ ကွဲပြားသော စည်းမျဉ်းများဖြင့် ကစားရသော ဘရာဇီးပုံစံဖြစ်သည်။[၁၁၂]
  • အနီခြောက်လုံး စနူကာ : တြိဂံပုံစီထားသော အနီခြောက်လုံးသာပါဝင်သည့် ကစားနည်းဖြစ်သည်။
  • စနူကာပူးလ် : အမေရိကန်စတိုင် ပူးလ်ခုံတွင် ကစားရပြီး တြိဂံပုံစီထားသော အနီဆယ်လုံးပါဝင်သည်။
  • စနူကာပူးလ် ရာ့ပိုက် : စနူကာပူးလ်၏ မူကွဲဖြစ်ကာ တစ်ခါထိုးရန် ၁၅ စက္ကန့်သာ အချိန်ရသည်။
  • စနူကာ ပလပ်စ် : မူလစနူကာကာလာဘောလုံးတွင် နှစ်လုံးအပိုပါဝင်ကာ လိမ္မော် ၈မှတ်၊ ခရမ်း ၁၀ မှတ် ဖြစ်သောကြောင့် စုစုပေါင်းအမှတ် ၂၁၀ ရရှိနိုင်သည်။[၁၁၃][၁၁၄]
  • ဆယ်လုံးကစားနည်း (Tenball) : ဤအမည်ဖြင့် ရုပ်သံအစီအစဉ်အတွက် စနူကာ မူကွဲကစားနည်းဖြစ်၍ 'အဝါနက်'ဘောလုံးကို အပြနှင့် ပန်းရောင်ကြားတွင် နေရာထား၍ ဆယ်မှတ် ပေးထားသည်။ စည်းမျဉ်းများကို အနည်းငယ်ပြုပြင်ယူထား၍ ဖိလစ် စကိုးဖီးလ်ဒ် တင်ဆက်သော ပွဲစဉ်တွဲတစ်ခုစာသာ သက်တမ်းရှိခဲ့သည်။

မှတ်စု

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ