ဝဏ္ဏ
ဝဏ္ဏ (အင်္ဂလိပ်: syllable) သည် စကားသံအစီအစဉ်တစ်ခုတွင် အသံစုတစ်စုဖြစ်သည်။ ဝဏ္ဏကို အဓိကအားဖြင့် အမြုတေအသံ (nucleus )(အများအားဖြင့် သရသံ) ဖြင့် ဖန်တီးထား၍ ရှေ့နှင့် နောက်က စိတ်ကြိုက်သံများ (အများအားဖြင့် ဗျည်းသံ) ဖြင့်လည်း တွဲဖက်နိုင်သည်။ အဆောက်အဦကို အုတ်ခဲ၊ ကျောက်တုံးများဖြင့် တည်ဆောက်သကဲ့သို့ ဝဏ္ဏများကို ပုံမှန်အားဖြင့် စကားလုံးများ၏ အသံပိုင်းဆိုင်ရာ တည်ဆောက်သည့် အတုံး/အခဲ ဟူ၍ သတ်မှတ်ကြသည်။.[၁] နားလည်လွယ်အောင်ဆိုရလျှင် သရသံသက်သက်ဖြစ်စေ၊ သရသံနှင့် ဗျည်းပေါင်းစပ်၍ဖြစ်စေ ဖြစ်ပေါ်လာသော အသံအစိတ်အပိုင်းကို ဝဏ္ဏဟူ၍ ခေါ်ဆိုနိုင်သည်။ ဝဏ္ဏတစ်ခု၏ အသံဖြစ်ပေါ်မှုသည် ယေဘုယျအားဖြင့် တစ်မတြာ (တစ်နည်းအားဖြင့် လက်ဖျစ်တစ်ချက်တီး) ကြာသည်ဟု မှတ်ယူနိုင်ပေသည်။ ဥပမာ“ အိမ်” ဟုအသံထွက်လျှင် သရသံတစ်ခုတည်းနှင့် ဝဏ္ဏတစ်ခုဖြစ်သည်။ "စာ" ဟုဆိုလျှင် ဗျည်းသံ (စ) နှင့် (အာ) တွဲဆက်ထားသည့်ဝဏ္ဏတစ်ခုဖြစ်သည်ဟုဆိုနိုင်ပြီး "အိမ်စာ" ဟုဆိုလျှင် ဝဏ္ဏ (၂) ခုရှိသည်ဟု ယေဘုယျအားဖြင့်မှတ်ယူနိုင်သည်။[၂]
ဝဏ္ဏများသည် ဘာသာစကားတစ်ခု၏ ကာရံ၊၊ လေယူလေသိမ်း/အသံ တက်ကျ ၊ ကဗျာမတြာနှင့် အဖိ/အဖော့ ပုံစံများကို သက်ရောက်လွှမ်းမိုးမှုရှိနိုင်သည်။ စကားသံကို အမြဲလိုလို ဝဏ္ဏများစွာအဖြစ် ခွဲခြားနိုင်ရာ "ရေကူး" ဆိုသည့် စကားလုံးသည် ဝဏ္ဏနှစ်သံဖြင့် ဖွဲ့စည်းထား၍ "ကလေးများ" စကားလုံးသည် ဝဏ္ဏသံ သုံးသံပါဝင်နေသည်။
ဝဏ္ဏအရေးအသားစနစ် (Syllabic writing) သည် ပထမဆုံးစာ/အက္ခရာများမတိုင်မီ နှစ်ရာအနည်းငယ်က စတင်ဖြစ်ပေါ်လာခဲ့ကြသည်။ ကျောက်ချပ်ကျောက်ပြားများပေါ်၌ ပထမဆုံးမှတ်တမ်းတင်ထားသော ဝဏ္ဏများကို ဘီစီ ၂၈၀၀ ဝန်းကျင် ဆူမားနယ် ယူအာ (Ur) မြို့တွင် တွေ့ရှိခဲ့ရသည်။ ဤသို့ ရုပ်ပုံစာမှ ဝဏ္ဏများသို့ ပြောင်းလဲလာခြင်းသည် အရေးအသားသမိုင်း၌ အရေးအပါဆုံးတိုးတက်မှုအဖြစ် ဆိုကြသည်။[၃]
ဝဏ္ဏသံတစ်လုံးတည်းဖြင့် တည်ဆောက်ထားသော စကားလုံးကို ဧကဝဏ္ဏ (monosyllable) ဟူဆိုကြပြီး ဥပမာအားဖြင့် "ဖြူ၊ နီ၊ ပြာ၊ လူ၊ ခွေး၊ ကြောင်" စသည့် စကားလုံးများဖြစ်ကြသည်။ ဝဏ္ဏသံနှစ်သံဖြင့်တည်ဆောက်လျှင် ဒွိဝဏ္ဏ (disyllabic or bisyllable) ဖြစ်၍ သုံးသံပါဝင်သောအခါ တြိဝဏ္ဏ (trisyllable) ဟု ခေါ်ဆိုသည်။ သုံးသံထက်ပိုသော စကားလုံးကိုသော်လည်းကောင်း၊ တစ်သံထက်ပိုသော စကားလုံးကိုလည်းကောင်း ရည်ညွှန်းရာတွင် ဗဟုဝဏ္ဏ (polysyllable) ဟုခေါ်ဆိုနိုင်ပေသည်။