အက်စထရာကန်မြို့

အက်စထရာကန်မြို့

အက်စထရာကန်မြို့သည် ဥရောပ တိုက် ဗောလဂါမြစ်အတွင်းရှိ ကျွန်းကလေးတစ်ကျွန်းပေါ်တွင် တည်ရှိလျက် ထိုမြစ်စီးဝင်ရာ ကက်စပျန်ပင်လယ်နှင့် မိုင် ၅ဝ ကွာဝေး၏။ ထိုမြို့သည် အက်စထရာကန်နယ်၏ မြို့တော်ဖြစ်၍ အက်စထရာကန်နယ်သည် ရှေးရုရှအင်ပိုင်ယာကြီး၏ စတုတ္ထ အကြီးဆုံးနယ်တစ်ခု ဖြစ်ခဲ့သည်။ ထိုစဉ်က စတုရန်းမိုင်ပေါင်း ၉၁ဝ၄၂ မျှရှိခဲ့သော်လည်း ၁၉၂၂ ၌ ရုရှဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စုသမ္မတနိုင်ငံ၏ လက်အောက်ခံနယ်ပယ် ဖြစ်သွား သောအခါ ဗောလဂါမြစ်၏ ဝဲယာကမ်းနှစ်ဖက်တစ်လျှောက် စတုရန်းမိုင်ပေါင်း ၁၁ဝဝဝ မျှသာကျယ်တော့လေသည်။ မြစ်ဝှမ်း ဒေသတစ်လျှောက်မှလွဲ၍ ကျန်အပိုင်းတို့သည် ခြောက်သွေ့သော မြေပြန့်လွင်ပြင်ကျယ်ကြီးမျှဖြစ်၏။ ငါးဖမ်းခြင်း၊ နွား၊ သိုး၊ ဆိတ် မွေးမြူခြင်းနှင့် ဆားချက်ခြင်းလုပ်ငန်းများကား ရုရှ၊ တာတာ စသည်အားဖြင့် လူဦးရေ ၅ဝဝဝဝဝ မျှရှိသော ထိုနယ် ၏ အဓိကလုပ်ငန်းများဖြစ်လေသည်။

အက်စထရာကန်မြို့သည် အရေးပါအရာရောက်သော ကုန်ကူးသန်းရောင်းဝယ်ရာ ဗဟိုဌာနဖြစ်၍ ရှေးအခါကပင် ထိုမြို့သည် ဥရောပတိုက်နှင့်အာရှတိုက်မှ ကုန်များကို ဖြန့်ဖြူး ရာဒေသတစ်ခုအဖြစ် ထင်ပေါ်ကျော်စောခဲ့လေသည်။ ထိုမြို့မှပင် အာရှတိုက်အလယ်ပိုင်းသား လူမျိုးများသည် ရွှေ၊ ပိုးထည်နှင့် ဇာများ၊ ဟင်းခတ်အမွှေးအကြိုင်၊ ဆေးဝါးနှင့်ကောက်နှံတို့ကို ဝါဂွမ်း၊ သားရေ၊ ဆား၊ သကြားနှင့် အခြား ပစ္စည်းမျိုးစုံတို့ဖြင့် လဲလှယ်ကြလေသည်။

အက်စထရာကန်မြို့၏ ထင်ရှားသော ထွက်ကုန်တစ်ခု မှာ ရေနံဖြစ်၏။ ရေနံကို ထိုမြို့ရှိ ဗားကူး ရေနံတွင်းများ မှရရှိလျက် ဗောလဂါမြစ်မှ ငါးများကိုလည်း အကြီးအကျယ် တင်ပို့ရောင်းချကြသည်။ လူကြိုက်များသော ပါးရှင်းသိုးကလေး များမှရရှိသည့် အက်စထရာကန်သိုးမွေးကိုလည်း တင်ပို့ရောင်း ချကြသည်။ အက်စထရာကန်မြို့သည် မြို့အနေအထားလှပသည်ဟု ဆိုရသော်လည်း အရှေ့တိုင်းမှမြို့များဆန်သဖြင့် သန့်သန့် ရှင်းရှင်းမရှိလှချေ။ထိုမြို့တွင် ၁၉၁၉ ခုနှစ်က စတင်တည်ထောင်ခဲ့သော တက္ကသိုလ်ကျောင်း တစ်ကျောင်းရှိ၏။ ထိုမြို့၏ လူဦးရေမှာ ၁၉၇ဝ ပြည့်နှစ်တွင် ၄၄ဝဝဝ ရှိခဲ့လေသည်။ [၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ