ဂို (ကစားပွဲ)

ဂိုကစားနည်းသည် ကစားသူနှစ်ဦးရှိပြီး တစ်ဦးက ပြိုင်ဘက်၏နယ်မြေကို ဝန်းရံသိမ်းပိုက်နိုင်အောင် ကြိုးစားရသော ကစားခုံပေါ် ကစားရသည့် မဟာဗျူဟာ ကစားနည်းတစ်မျိုးဖြစ်သည်။ ဂိုကစားနည်းကို ရှေးဟောင်းတရုတ်နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် ကတည်းက တီထွင်ကစားခဲ့ကြပြီး ယနေ့အထိ ဆက်လက်ကစား နေသည့် ရှေးအကျဆုံး ခုံပေါ်ကစားနည်းတစ်ခုအဖြစ် လက်ခံထားကြသည်။[၁][၂]

ကစားနေဆဲ ဂိုခုံနှင့် အရုပ်များ ဓာတ်ပုံ
ဂိုကစားနည်းသည် မျဉ်းအနက်များ ဆွဲထားသည့်ခုံပေါ် ကစားရပြီး ကျောက်တုံးဟုခေါ်သည့် ကစားရုပ်များကို မျဉ်းစုံများတွင်ချရသည်။

ကစားနည်း စည်းမျဉ်းများမှာ အတော်ရိုးရှင်းသော်လည်း ဂိုကစားနည်းသည် စစ်တုရင်ကစားနည်းထက်ပင် များစွာပိုမိုရှုပ်ထွေးပြီး မြင်တွေ့နိုင်သည့် စကြဝဠာအတွင်းမှ စုစုပေါင်း အက်တမ်အရေအတွက်ထက်ပင် ရွေ့နိုင်သည့် အကွက်ပိုများသည်။ ကစားရုပ်များကို ကျောက်တုံးဟုခေါ်ပြီး ကစားသမားတစ်ဦးက အဖြူရောင်ကျောက်တုံးကို သုံးရပြီး ကျန်တစ်ဦးက အနက်ရောင်ကို သုံးရသည်။ မျဉ်း ၁၉ x မျဉ်း ၁၉ ဆွဲထားသော ကစားခုံပေါ်တွင် ကစားရပြီး ကစားသူ ၂ ဦးက ခုံပေါ်ရှိ နေရာလွတ်နေသော မျဉ်းစုံနေရာများတွင် ကျောက်တုံးများကို တလှည့်စီ ချရသည်။ စတင်ကစားသည့် လူသစ်များမှာ ပိုမိုသေးငယ်သော ၉ x ၉ နှင့် ၁၃ x ၁၃ ခုံများဖြင့် ကစားကြသည်။ သို့သော် ရှေးဟောင်းသုတေသနတွေ့ရှိချက်များအရ ၁၉ x ၁၉ ခုံကို စံအဖြစ် ကိုရီးယားတွင် ၅ရာစု၊ ဂျပန်နိုင်ငံတွင် ၇ ရာစုများတည်းက အသုံးပြုနေကြပြီဖြစ်သည်။


ခုံပေါ် ချပြီးသည်နှင့် ကျောက်တုံးများကို မရွေ့ရတော့ချေ။ သို့သော် အဖမ်း(အစား)ခံရပါက ခုံပေါ်မှ ဖယ်ရှားခံရသည်။ ကျောက်တုံးတစ်ခု(သို့မဟုတ်) ကျောက်တုံးတစ်စုသည် အနီးဆုံးထောင့်မှန်နေရာများရှိ ပြိုင်ဘက်ကျောက်တုံးများက ဝိုင်းရံခံရပါက အဖမ်းခံရခြင်းမှာ ဖြစ်ပေါ်သည်။ ပွဲပြီးသည့် အနေအထားကို သတ်မှတ်ထားခြင်း မရှိဘဲ ကစားပွဲတွင် မည်သည့်ကစားသမားကမှ နောက်ထပ်တစ်ကွက် ဆက်မရွေ့ချင်သည့်အထိ ဆက်ကစားရသည်။ ထိုသို့ ဆက်မကစားဘဲ ပွဲရပ်နားချိန်တွင် အဖမ်းခံရသည့်ကျောက်တုံးများနှင့် နယ်မြေပမာဏကို ရေတွက်သည်။ ကစားပွဲတွင် အနက်ရောင်ကျောက်တုံးကိုင်သည့် ကစားသမားက အရင်စရပြီး အဖြူရောင်ကျောက်တုံးဖြင့် ကစားသမားကို နောက်မှကစားရသဖြင့် လျော်ကြေးအနေဖြင့် ကိုမီ အမှတ်ကို ထပ်ပေါင်းပေးပြီး အမှတ်များသူက အနိုင်ဖြစ်သည်။ အရှုံးပေးခြင်းဖြင့်လည်း ကစားပွဲအဆုံးသတ်နိုင်သည်။

၂၀၀၈ နှစ်လယ်ပိုင်းတွင် ကမ္ဘာပေါ်တွင် ဂိုကစားသမား သန်း ၄၀ကျော်ရှိပြီး အဓိကအများစုမှာ အရှေ့အာရှဒေသမှ ဖြစ်သည်။[၃] ဒီဇင်ဘာ ၂၀၁၅ ၌ နိုင်ငံတကာဂိုအဖွဲ့တွင် အဖွဲ့ဝင် ၇၅ နိုင်ငံရှိသည်။[၄] သတိပြုရန်မှာ ကလေးငယ်များသည် ကစားသည့်ကျောက်တုံးများကို မျိုချမိသည့် အန္တရာယ်ရှိနိုင်သဖြင့် အသက် ၆ နှစ်အောက် ကလေးများ မကစားသင့်ပေ။

ကိုးကား

ကစားစရာများ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ