တောမတ်စ် အကွိုင်းနပ်စ်
တောမတ်စ် အကွိုင်းနပ်စ် (သို့) သောမတ်စ် အကွိုင်းနပ်စ်[မှတ်စု ၁](အင်္ဂလိပ်: Thomas Aquinas, /əˈkwaɪnəs/; အီတလီ: Tommaso d'Aquino, lit. 'Thomas of Aquino', တိုမတ်ဇို ဒဲကွီနို; ၁၂၂၅ – ၁၂၇၄ မတ် ၇) သည် အီတလီ[၁၀][၁၁] ဒိုမီနီကန်ဂိုဏ်းဝင် ရဟန်း၊ ဒဿနဆရာ၊ ကတ်သလစ် ဘုန်းတော်ကြီး၊ သူတော်စင်တစ်ပါးဖြစ်သည်။ အလွန်ဩဇာညောင်းသော ဒဿနဆရာ၊ ခရစ်ယာန်ဝါဒအခြေပြုဒဿန အယူအဆများ၌ တရားရေး၊ ဘာသာရေးဆိုင်ရာ အဆုံးအဖြတ်ပေးသူ အကွိုင်းနပ်စ်ကို နှောင်းပိုင်းတွင် Doctor Angelicus ၊the Doctor Communis ၊ the Doctor Universalis စသည့်အမည်များဖြင့်လည်း သိရှိကြသည်။ အကွိုင်းနပ်စ် ဆိုသည့်အမည်သည် ယနေ့ခေတ် လာဇီယို (လာ့တ်စ်ယို) ၊ အကွီနိုကောင်တီ၏ ဇစ်မြစ်ဖြစ်ကြောင်း ပြသလျက် ရှိသည်။ သဘာဝကျကျ ဘာသာတရားဆိုင်ရာ ယုံကြည်မှု (natural theology) ကို ထောက်ခံအားပေးသူ၊ တိုမစ်ဇင် (Thomism) ဟုအမည်ရသော ဘာသာရေးဒဿနဂိုဏ်းကို တည်ထောင်သူဖြစ်သည်။ ဘုရားသခင်သည် သဘာဝကျသော ဆင်ခြင်တုံတရားနှင့် ယုံကြည်မှုဆိုင်ရာ အသိဉာဏ်အလင်းတို့၏ ရင်းမြစ်ဖြစ်သည်ဟု ခိုင်မာစွာ ဆိုခဲ့သည်။[၁၂] အနောက်ကမ္ဘာ၏ တွေးခေါ်ယူဆပုံအပေါ်တွင် အတော်လွှမ်းမိုးနိုင်စွမ်းရှိ၏ ။ ခေတ်သစ် ဒဿနများစွာတို့သည် ၎င်း၏ စိတ်ကူးအယူအဆအပေါ် တိုးတက်ချဲ့ထွင်မှုရှိသကဲ့သို့ ဆန့်ကျင်ချေဖျက်မှုများလည်းရှိကြရာ အထူးသဖြင့် ကိုယ်ကျင့်တရာပိုင်း၊ သဘာဝ ဥပဒေသ၊ ရုပ်လွန်ပညာ၊ နိုင်ငံရေးသီအိုရီ စသည့် ကဏ္ဍများ၌ ဖြစ်သည်။
ထိုခေတ်ထိုအခါက ကတ်သလစ်သာသနာ၏ ယုံကြည်လက်ခံမှုများစွာနှင့်မတူဘဲ[၁၃] တောမတ်သည် အရစ္စတိုတယ် အဆိုပြုခဲ့သော စိတ်ကူးအချို့ကို လက်ခံဆုပ်ကိုင်ခဲ့ကာ ခရစ်ယာန် အခြေခံသဘောတရားများနှင့် အရစ္စတိုတယ် ဒဿနကို ပေါင်းစပ်ရန် အားထုတ်ခဲ့သေးသည်။[၁၄]
အထင်ရှားဆုံးလက်ရာများမှာ Disputed Questions on Truth (၁၂၅၆-၁၂၅၉) ၊ Summa contra Gentiles (၁၂၅၉-၁၂၆၅) ၊ အဆုံးမသတ်ခဲ့သော Summa Theologica (သို့) Summa Theologiae (၁၂၆၅-၁၂၇၄) တို့ဖြစ်ကြသည်။ သမ္မာကျမ်းစာများ၊ အရစ္စတိုတယ်(ဝါဒ)အပေါ် ရှင်းလင်းချက်မှတ်စုများသည် ၎င်း၏ အထင်ကရ လက်ရာများထဲက အစိတ်အပိုင်းများဖြစ်သည်။ ထို့အပြင် တောမတ်စ်သည် ခရစ်တော်၏ နောက်ဆုံးညစာနှင့်ပတ်သက်သော ဓမ္မတေးများကြောင့်လည်း အထူးထင်ရှားခဲ့ပြန်သည်။ ထိုဓမ္မတေးများသည်ကား ခရစ်ယာန် ဝတ်ပြုဆုတောင်းမှု၏ တစ်စိတ်တစ်ဒေသဖြစ်လာခဲ့လေသည်။[၁၅] ကတ်သလစ်ဂိုဏ်းက တောမတ်စ်ကို သူတော်စင် (saint) အဖြစ် ဂုဏ်ပြုခဲ့၍ ခရစ်ယာန်ဘာသာ ရဟန်းစာများကို လေ့လာသင်အံသူများအတွက် စံပြဆရာတစ်ပါး၊ သဘာဝကျသည့် ဆင်ခြင်တုံတရားနှင့် ယုတ္တိကျသော ယုံကြည်မှုနယ်ပယ်တို့၏ အမြင့်မားဆုံးဖော်ပြခြင်းခံရသူအဖြစ်လည်း သတ်မှတ်ကြသည်။ ခေတ်ပေါ်ကာလများတွင် ပုပ်ရဟန်းမင်း၏ အမိန့်အာဏာ လမ်းညွှန်မှုများအောက်၌ ၎င်း၏ စာပေများသည် ရဟန်း (priests) ၊ ရဟန်းငယ် (deacons) အဖြစ် သာသနာ့ဘောင်သွတ်သွင်း ခံယူလိုသူများအတွက် မဖြစ်မနေလေ့လာရသော အစီအစဉ်တစ်ရပ်ဖြစ်ကာ ဘာသာရေးဆိုင်ရာ ဖွဲ့စည်းပုံစံအတွင်းမှသူများသာမက (ဝိနည်း၊ ဝတ်ပြုမှုပုံစံ၊ ကတ်သလစ်ဂိုဏ်း၏ သမိုင်း၊ ကတ်သလစ်ယုံကြည်မှု၊ ဒဿန) စသော ဘာသာရပ်များကို လေ့လာလိုသူများအဖို့လည်း လေ့လာရန်လိုအပ်သော စာပေများဖြစ်လေသည်။[၁၆]
တောမတ်စ် အကွိုင်းနပ်စ်ကို ကက်သလစ်သာသနာ၏ အကြီးကျယ်ဆုံး ဘာသာရေးပညာရှင်၊ ဒဿနပညာရှင်များထဲက တစ်ဦးအဖြစ်ယူဆကြသည်။ ပုပ်ရဟန်းမင်း ဘဲနစ်ဒစ်ခ် (၁၅) က "ကတ်သလစ်ဂိုဏ်းက တောမတ်စ်၏ အဆုံးအမများကို ဒိုမီနီကန်ဂိုဏ်း၏ မူပိုင်အဖြစ် ကြေညာလိုက်တဲ့အခါ ဒီဂိုဏ်း ... ဂုဏ်သစ်သွေးသစ်တို့ကို ရယူနိုင်ခဲ့ပေတယ်။ ပုပ်ရဟန်းမင်းအဆက်ဆက် အထူးချီးကျူးဂုဏ်ပြုခံရတာ ဒီသူတော်စင်ပါ၊ ကတ်သလစ်ဂိုဏ်များစွာတို့ရဲ့ ဆရာသခင်၊ သူတော်စင်ပါပဲ။" ဟု ပြောဆိုခဲ့သည်။[၁၇] အင်္ဂလိပ် ဒဿနပညာရှင် အန်ထနီ ကန်နီကလည်း တောမတ်စ်သည် အနောက်ကမ္ဘာဖက်က အကြီးကျယ်ဆုံး ဒဿနဆရာတစ်ဒါဇင်ထဲက တစ်ဦးဟု ယူဆသည်။[၁၈]