ဓာတ်ဆီ

ဓာတ်ဆီသည် အတွင်းလောင် အင်ဂျင်အချို့၌ လောင်စာအဖြစ် ထည့်သုံးလေ့ ရှိသော ရေနံစိမ်းမှ သန့်စင်ထားသည့် ဝါကျင့်ကျင့်နှင့် အကြည်ရောင် ရှိတတ်သော လောင်လွယ်တောက်လွယ် ဒြပ်ပေါင်းအရည် ဖြစ်သည်။ ဓာတ်ဆီဒြပ်သား၏ အများစုသော အပိုင်းမှာ ရေနံမှ ထုတ်လုပ်ရရှိသော သက်ရှိနွယ် ဒြပ်ပေါင်းများ ဖြစ်လေသည်။

ဓာတ်ဆီ
နော်ဝေးနိုင်ငံမှ ဓာတ်ဆီပန့်

ဓာတ်ဆီကို ကျောက်မီးသွေးမှ၊ ရှေးလ်း(Shale)ကျောက်မှ၊ သဲကတ္တရာတို့မှ စရိတ်စကကြီးကြီးနှင့် ထုတ်လုပ်နိုင်တယ်လို့ သိရှိရပေမဲ့ ရေနံစိမ်းကို ချက်လုပ်ပြီး ရရှိတဲ့ ဓာတ်ဆီကသာ စီးပွားရေးနဲ့ ဘက်စုံတွက်ခြေကိုက်တယ်လို့ ဆိုသည်။ ရေနံစိမ်းဆိုတာဟာလဲ မြေအောက်တွင်းအောင်းပစ္စည်း ဖြစ်သည်။ နေရာဒေသထွက်ရှိရာ ရေနံမြေ ကွဲပြားတာနဲ့အမျှ အမျိုးအစား အရည်အသွေးတွေ ကွဲပြားခြားနားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရေနံချောင်း၊ ချောက်မြို့နယ်၊ စတဲ့ ရေနံမြေတွေက ထွက်ရှိတဲ့ ရေနံစိမ်းဟာဆိုရင် အစိမ်းရင့်ရောင်၊ အညိုရောင်သန်းနေတဲ့ မပျစ်မကျဲရေနံဖြစ်ပြီး ကန့်ဓာတ်ပါဝင်မှု အလွန်နည်းပါးတယ်လို့သိရပါတယ်။ ဓာတ်ဆီပါဝင်နှုန်းလည်း မြင့်မားတယ်လို့ ပြောကြပါတယ်။ ဒီနေ့အချိန်မှာတော့ ဓာတ်ဆီလောင်စာသုံး ခေတ်မီအင်ဂျင်စက်တွေနဲ့ ဒီဇိုင်းသစ် မော်တော်ယာဉ်များအတွက် ကြီးမားတဲ့ဓာတ်ဆီဈေးကွက်ကို ပြည့်မီအောင်နဲ့ အဆင့်မြင့်လာတဲ့ ဓာတ်ဆီ စံချိန်စံညွှန်းနဲ့ ကိုက်ညီအောင်ထုတ်လုပ်ဖို့ ကမ္ဘာ့ ရေနံချက် စက်ရုံကြီးတွေမှာ ဓာတ်ဆီချက်လုပ်မှု နည်းစဉ်သစ်တွေနဲ့ ထုတ်လုပ်နေကြပါတယ်။ ဒါကြောင့်လည်း ပုံစံသစ် ပုံစံဟောင်း မော်တော်ယာဉ်အားလုံးအတွက် လိုက်ဖက်သင့်တော်မယ့် ဓာတ်ဆီအမျိုးအစားကို ရွေးချယ် ဝယ်ယူ အသုံးပြုနိုင်နေပါပြီ။ အခြေခံအားဖြင့် ဓာတ်ဆီဆိုတာ ဓာတုပစ္စည်း တစ်မျိုးတည်း မဟုတ်ဘဲ ဗြူတိန်း၊ ပန်တိန်းကစပြီး ဟိုက်ဒရို ကာဗွန်ဓာတ်ပေါင်းများစွာ ပါဝင်နေပါတယ်။ အသေးစိတ် ဓာတ်ခွဲကြည့်ရင်တော့ အ မျိုး ပေါင်း ၂ဝဝ လောက်တောင် ရှိတယ်လို့ သိရပါတယ်။ ရေနံစိမ်းကို ချက်လုပ်ရရှိတဲ့ ဓာတ်ဆီဟာ ချက်ချင်း မော်တော်ကားထဲ ထည့်ပြီး မောင်းနှင်နိုင်ပေမဲ့ ကနဦးအားဖြင့် မိမိနိုင်ငံက သတ်မှတ် လက်ခံထားတဲ့အရည်အသွေး ဂုဏ်သတ္တိရှိရမှာဖြစ်ပါတယ်။ နိုင်ငံတကာက အများဆုံး စံပြုသတ်မှတ်ထားတဲ့ အရည်အသွေးစံတွေနဲ့ ပြည့်မီရင်တော့ အကောင်းဆုံးပါပဲ။ စက်နှိုးရ လွယ်တာ၊ အင်ဂျင်ဝိုင်ကို ကျဲမသွားစေတာ၊ စက်အတွင်းက ခေါက်သံမမြည်တာ၊ ကာဘရိုက်တာနဲ့ အင်ဂျင်အတွင်း ချေးမဝင်တာ၊ ဓာတ်ဆီတစ်ဂါလန်သုံးပြီးဝေးဝေးမောင်းနှင်နိုင်တာ စတဲ့အချက်တွေ ရှိအပ်ပါတယ်။ ဆိုလိုချင်တာကတော့ ဓာတ်ဆီဟာ မောင်းနှင်မယ့် အင်ဂျင်စက်တွေကို ချောချောမောမော လည်ပတ်စေနိုင်ပြီး အင်ဂျင်အိတ်ဇောက ထွက်လာတဲ့ မီးခိုးထဲမှာ ပါလေ့ရှိတဲ့ ကာဗွန်မိုနော့ဆိုက်ဓာတ်ငွေ့၊ နိုက်ထရိုဂျင် အောက်ဆိုက်ဓာတ်ငွေ့၊ ဘင်ဇင် (Benzene) ဓာတ်ငွေ့နဲ့ ခဲဓာတ်ငွေ့များကတဆင့် ဘေးပတ်ဝန်းကျင်ကို ညစ်ညမ်းခြင်း မဖြစ်စေဖို့ပါပဲ။ဒီနေရာမှာ ဆက်နွယ်လျက်ရှိတဲ့ ဓာတ်ဆီအန္တရာယ်များကိုလည်း ရေးသားရန် လိုပါတယ်။ ဓာတ်ဆီဟာ အလွန်မီးလောင်လွယ်တဲ့ပစ္စည်းဖြစ်တယ်ဆိုတာ လူအများ သိကြပါတယ်။ ဓာတ်ဆီဟာ အရည်ဖြစ်ပေမဲ့ အင်မတန် အငွေ့ပျံ လွယ်ပါတယ်။ ဓာတ်ဆီကို သိုလှောင်ထားရင် ဓာတ်ဆီအရည်ရဲ့ အထက်ဝန်းကျင်မှာ အငွေ့ရှိပါတယ်။ ဒါကြောင့် ဓာတ်ဆီလှောင်အိုး၊ လှောင်ခွက်တွေနားမှာ မီးစ၊ မီးန အပူရှိန်မရှိတာ အကောင်းဆုံးပါပဲ။ ဓာတ်ဆီတွဲထဲကို ဓာတ်ဆီဖြည့်ပေးနေတုန်း အနီးအနားက ဆေးလိပ်သောက်သူတစ်ဦးရဲ့ ဆေးလိပ်မီးပွားလွင့်ပြီး ဓာတ်ဆီတွဲကြီး မီးလောင်ပေါက်ကွဲတာတွေ့ကြုံဖူးပါတယ်။ ဓာတ်ဆီထဲ မှာပါဝင်တဲ့ ဘင်ဇင်းဓာတ်ဆိုတာ အလွန် ဘေးအန္တရာယ်ရှိတဲ့အတွက် ပါးစပ်နဲ့စုပ်တာ မလုပ်အပ်ပါဘူး။ ဓာတ်ဆီအောက်တိန်း နံပါတ်တက်အောင် ဩဂဲနစ်ခဲရည် ရောစပ်ထားတဲ့ ဓာတ်ဆီမျိုးဆိုရင် ခဲဆိပ် ပါရှိနေတာကြောင့် ပိုဆိုးပါတယ်။အောက်တိန်းနံပါတ်ဆိုလို့မော်တော်ယာဉ်မောင်းတွေက ခေါ်ဝေါ်ပြောဆိုနေတဲ့ အောက်တိန်းဆီဆိုတာ သတိပြုမိပါလိမ့်မယ်။ အမှန်က အောက်တိန်းဆီဆိုတာ ဓာတ်ဆီရဲ့ အောက်တိန်းနံပါတ်ကို ဆိုလိုရင်းဖြစ်ပါတယ်။ ကား အင်ဂျင်ဆလင်ဒါအတွင်းက လေ နဲ့ ဓာတ် ဆီ ဟာ ကနဦးမှာကောင်းကောင်း မီးမလောင်လို့နောက်ပိုင်းမှာလောင်အားကောင်းပြီး ဗြုန်းစားကြီး ဖိအားမြင့်တက်လာတဲ့အခါ စက်ခေါက်သံ ဖြစ်ပေါ်လာပါတယ်။ အဲဒီလို စက်ခေါက်သံကို ဆန့်ကျင်စေတဲ့ စွမ်းရည်အဖြစ်ဖြင့် အောက်တိန်းနံပါတ်က ဖော်ညွှန်းပါတယ်။ အောက်တိန်းနံပါတ်နိမ့်ရင် စက်ခေါက်သံဖြစ်ပေါ်ဖို့ အလားအလာများလေဖြစ်ပါတယ်။ ဓာတ်ဆီ တစ်ခုရဲ့ အောက်တိန်းနံပါတ် ဘယ်လောက်ရှိတယ်ဆိုတာ သိလိုရင် တိုင်းထွာစမ်းသပ်လိုတဲ့ဓာတ်ဆီနမူနာကိုယူပြီး အောက်တိန်းနံပါတ် ၁ဝဝ ရှိတဲ့ အိုင်ဆိုအောက်တိန်းဆီနဲ့ အောက်တိန်းနံပါတ် သုညရှိတဲ့ ဟက်ပတိန်းဆီနှစ်မျိုးကို အချိုးပြုရောစပ်ထားတဲ့ဆီနဲ့ သုတေသနအင်ဂျင်စက်အတွင်း ထည့်သွင်းမောင်းနှင်ပြီးစက်ခေါက်သံအရ နှိုင်းယှဉ်ကြည့်တာ ဖြစ်ပါတယ်။ အဲဒီလို စမ်းသပ် မောင်းနှင်လို့ရတဲ့ သုတေသန အင်ဂျင်စက်မျိုးကို CFR(Co-operative Fuels ResearchEngine) ခေါ်ပါတယ်။အဲဒီအင်ဂျင်မှာ ဆလင်ဒါတစ်လုံးတည်းပါရှိပြီး ကွန်ပရက်ရှင်း အချိုးကိုလဲ အတင်အချ လုပ်လို့ ရတယ်လို့ ဆိုပါတယ်။ ဒီစက်နဲ့ တိုင်းထွာရရှိတဲ့ ဓာတ်ဆီအောက်တိန်း နံပါတ်ကို RON (ResearchOctane Number) သုတေသန အောက်တိန်းနံပါတ်လို့ ခေါ်ပါတယ်။ များသောအားဖြင့် ဓာတ်ဆီ အရောင်းဆိုင်တွေမှာ အလိုရှိရာဓာတ်ဆီကို ဝယ်ယူဖြည့်သုံးနိုင်အောင် ပုံမှန်ဓာတ်ဆီ (RegularGrade Gasoline) နဲ့ အဆင့်မြင့်ဓာတ်ဆီ (Premium GradeGasoline) ဆိုင်းဘုတ်အောက်မှာအောက်တိန်းနံပါတ်ဘယ်လောက်ရှိတယ်ဆိုတာရယ်၊ အောက်တိန်းနံပါတ် မြင့်တက်အောင် ရောစပ်ထည့်ပေးထားတဲ့ ဩဂဲနစ်ခဲဆေး ပါရှိခြင်း ရှိ မရှိဆိုတာရယ်၊ဆီဈေးနှုန်းရယ် ဖော်ပြထားတာတွေ့ရမှာဖြစ်ပါတယ်။ပုံမှန်ဓာတ်ဆီနဲ့ အဆင့်မြင့်ဓာတ်ဆီ ခွဲခြားရာမှာတော့ ယေဘုယျအားဖြင့် ဓာတ်ဆီရဲ့ အောက်တိန်းနံပါတ် ၉ဝ အောက်ကို ပုံမှန်ဓာတ်ဆီလို့ အသိအမှတ်ပြုလေ့ရှိပြီး အောက်တိန်းနံပါတ် ၉ဝကျော်တာနဲ့ အဆင့်မြင့်ဓာတ်ဆီအဖြစ် ခေါ်ဝေါ်ကြပါတယ်။ ဟိုအရင်တုန်းကတော့ အဆင့်မြင့်ဓာတ်ဆီဆိုရင် ခဲဆေးရည်နဲ့ ရောစပ်ထားလေ့ရှိပြီး ခဲဆေးရည်မပါတဲ့ ဓာတ်ဆီကို ပုံမှန်ဓာတ်ဆီလို့ အသိအမှတ်ပြုခဲ့ကြပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်က ဓာတ်ဆီ ရဲ့ အောက်တိန်းနံပါတ်ဟာ ဩဂဲနစ်ခဲဆေးရည်ဖြစ်တဲ့ Tetra-Ethyl Lead (TEL) သို့မဟုတ် Tetra-MethylLead (TML) ကို ဓာတ်ဆီထဲ နည်းနည်းလေး (ဓာတ်ဆီ တစ်ဂါလန်တွင် ခဲဆေးရည်လေးဂရမ်ထက်မများ) ရောစပ်ထည့်ပေးလိုက်ရင် မူလဓာတ်ဆီ ရဲ့ အောက်တိန်းနံပါတ်ထက် ၁၂၊ ၁၃ နံပါတ်လောက် ပိုတက်လာနိုင်တာ တွေ့ရှိရမှာဖြစ်ပါတယ်။ဒါပေမဲ့ ခဲဓာတ်ငွေ့ဟာ အဆိပ်အတောက် ဖြစ်စေတဲ့အတွက်ရယ်၊ ခဲဓာတ်ပါဝင်နှုန်းကို နိုင်ငံအလိုက် ကန့်သတ်ချက်တွေရှိတာရယ်၊ ခဲဆေးရည် ဘယ်လောက်တိုးမြှင့်ထည့်ပေမဲ့လဲ အောက်တိန်းနံပါတ် ထပ်မတက်လာတော့တာကြောင့် ခုချိန်မှာ ခဲဓာတ်မပါတဲ့ဓာတ်ဆီကို အသုံးပြုများလာတာတွေ့ရပါမယ်။ ဒါပေမဲ့ ဓာတ်ဆီနဲ့မောင်းနှင်တဲ့ အင်ဂျင်စက် အကြီးစား ကားကြီးတွေမှာတော့ ခဲဆေးရည် ရောစပ်ထားတဲ့ ဓာတ်ဆီနဲ့ ပိုသင့်လျော်တယ်လို့သိရပါတယ်။တချို့ နိုင်ငံတွေမှာတော့ ဩဂဲနစ် ခဲဓာတ်ဆေးရည်လိုပဲ အာနိသင်ရှိတဲ့(MMT) လို့ အတိုကောက် ခေါ်ကြတဲ့ ဩဂဲနိုမန်ဂနိစ် ဓာတုဆေးရည်ကို ဓာတ်ဆီ အောက်တိန်းနံပါတ် မြှင့်တင်ရာမှာ အသုံးပြုနေတယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်ဆီရဲ့ အောက်တိန်းနံပါတ်ဟာ အဖျင်းဆုံးတော့ ရွန် (RON) ၇၆ လောက်ရှိဖို့ လိုအပ်ပါတယ်။ဒီကနေ့လို စက်ပုံစံသစ်တွေ နဲ့ မောင်းနှင်ပြေးလွှားနေကြတဲ့ မော်တော်ကားများအတွက်ဆိုရင် အောက်တိန်းနံပါတ် ၉ဝ ကျော်တဲ့ဓာတ်ဆီဖြစ်လေ ကောင်းလေ၊တစ်ဂါလန် ရောင်းဈေးနှုန်းလည်းများလေ ဖြစ်နိုင်ပါတယ်။ မြန်မာရေနံချက်စက်ရုံတွေမှာ လက်ရှိချက်လုပ်ဖြန့်ဖြူး ရောင်းချပေးနေတဲ့ ဓာတ်ဆီ နှစ်မျိုးရှိတယ်လို့သိရပါတယ်။ အနိမ့်ကားများအတွက် ရွန် အောက်တိန်းနံပါတ်၇၈ ရှိ ပြီး အမြင့်ကားများအတွက်ရွန် အောက်တိန်းနံပါတ် ၉၂ ရှိတယ်လို့ သိရပါတယ်။ ပတ်ဝန်းကျင်ကို ဘေးဖြစ်စေနိုင်တဲ့ ဩဂဲနစ် ခဲဆေး ရောစပ်ထည့်သွင်း မထားဘူးလို့လဲ သိရပါတယ်။နည်းပညာတွေ တိုးတက်လာတဲ့ခုချိန်မှာ ဓာတ်ဆီကို နည်းစဉ်သစ်တွေနဲ့ အောက်တိန်းနံပါတ်မြင့်တဲ့ ဓာတ်ဆီရအောင် ချက်လုပ် ရောစပ် ပြုပြင်ပေးနေတဲ့အပြင် လေထု မညစ်ညမ်းဖို့ လုပ်ဆောင်ရာမှာ အရက်အုပ်စုမှာ ပါဝင်တဲ့ မက်သနော၊ အီသနောလ်၊တာရှာရီ ဗြူတိုင်းလ် အယ်လ်ကိုဟော (Tertiary Butyl Alcohol)တို့နဲ့ MTBE လို့ သိကြတဲ့မီသိုင်းလ်တာရှာရီဗြူ တိုင်းလ်အီသာ (Methyl Tertiary ButylEther) စတဲ့ ဓာတုပစ္စည်းတွေနဲ့ရောစပ်ပေးပြီး ခဲဆေးရည်မပါတဲ့ပြန်လည် ပုံစံပြု ဓာတ်ဆီ (ReformulatedGasoline) ကို အချို့နိုင်ငံတွေမှာ ထုတ်လုပ် သုံးစွဲနေကြပါပြီ။ အီသနောလ်(Ethanol) အရက် ၁ဝ ရာခိုင်နှုန်းနဲ့ ရောစပ်ထားတဲ့ ဓာတ်ဆီကို ဂက်ဆိုဟော (Gasohol) လို့ခေါ်ကြပြီး အိမ်နီးချင်းနိုင်ငံများမှာတောင် သုံးစွဲနေကြသည်။


မော်တော်ယာဉ် မောင်းနှင်တဲ့ လောင်စာဓာတ်ဆီကို အင်ဂျင်စက် လည်ပတ်မှု ကောင်းအောင်ရယ်၊ အင်ဂျင်က စွန့်ပစ်လိုက်တဲ့ အိတ်ဇောပိုက်မီးခိုးငွေ့များကနေ ပတ်ဝန်းကျင်ကို မညစ်ညမ်းအောင်ရယ်ဆိုပြီး ယာဉ်သစ်၊ စက်သစ်တွေနဲ့ လျော်ညီတဲ့ ဓာတ်ဆီမျိုး ထုတ်လုပ်ရာမှာ အင်ဂျင်စက် အတွင်းပိုင်းနဲ့ကာဘရိုက်တာနဲ့ဘားတွေ၊ ပလပ်တွေ ချေးတက်၊ အမှုန်အမွှားဖြစ်ပေါ်၊ အနယ်ထိုင်၊ ချေးတင်စတာတွေမဖြစ်စေဘဲ အင်ဂျင်အတွင်းပိုင်း သန့်စင်နေဖို့အတွက်ဓာတု ဓာတ်ပေါင်းဆေးများ(Chemical Additives) ကိုလဲထည့်ပေးတာ သိရှိ မှတ်သားရပါတယ်။ ဒါ့အပြင် မော်တော်ကားရဲ့ အိတ်ဇောပိုက်မှာ ဓာတုဓာတ်ကူဆေး ထည့်ထားတဲ့ ကိရိယာ (Cartalytic Converter)တပ်ဆင်ပြီး ကားအိတ်ဇောကထုတ်လိုက်တဲ့၊ မီးခိုးထဲမှာပါတဲ့အန္တရာယ် ဓာတ်ငွေ့တွေကို ဘေးကင်းစေတဲ့အဆင့် အခြေအနေရောက်အောင် ပြောင်းလဲပစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီ ကိရိယာမျိုး တပ်ထားတဲ့ ကားတွေအတွက် ဓာတ်ဆီကို ခဲဆေးလွတ် ဓာတ်ဆီပဲ သုံးရမှာဖြစ်ပါတယ်။ခဲဆေးနဲ့ ရောစပ်ထားတဲ့ ဓာတ်ဆီဆိုရင် ဓာတ်ကူဆေးရဲ့ အာနိသင် ပျက်စီးသွားပါလိမ့်မယ်။ဓာတ်ဆီအကြောင်း နားလည်ဖို့ ဓာတ်ဆီရဲ့အရည်အသွေး၊ ဂုဏ်သတ္တိများနဲ့ ဘေးအန္တရာယ်ဖြစ်စေနိုင်တာတွေကို အကြမ်းဖျင်းလောက် သိထားသင့်ပါတယ်။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းက ထုတ်လုပ်ထားတဲ့ ဓာတ်ဆီ စံချိန်စံညွှန်းမှာ အဖျင်းဆုံး ၁၂ မျိုးလောက်ရှိတယ်လို့ သိရှိရပါတယ်။ ဓာတ်ဆီအရောင်၊ သိပ်သည်းဆ၊ ဓာတ်ဆီအငွေ့ပျံအပူချိန် အစ၊ အလယ်နှင့် အဆုံး၊ ဓာတ်ဆီငွေ့ရဲ့ တွန်းကန်အား၊ ကန့်ဓာတ်ပါဝင်မှုနှုန်း၊ ကော်ဂျီး ဖြစ်မှုနှုန်း၊ အောက်တိန်းနံပါတ်၊ ခဲဓာတ်ပါဝင်နှုန်း၊ ဆီအပျစ်အကျဲစတာတွေ ပါဝင်လေ့ရှိပြီး အဲဒီစမ်းသပ်တွေ့ရှိချက်တွေကတဆင့် ဓာတ်ဆီဟာ စံပြုချက်များကို ပြည့်မီခြင်းရှိမရှိ သိနိုင်ပါတယ်။ ဓာတ်ဆီအရောင်ကို ဓာတ်ဆီချက်လုပ် ရောင်းချတဲ့ ကုမ္ပဏီတွေက လိမ္မော်ရောင်၊ အနီရောင်၊အစိမ်းရောင် စတဲ့ ကြိုက်ရာအရောင်ကို ဆေးဆိုးပေးပြီး တခြားက ဓာတ်ဆီနဲ့ ခွဲခြားသိသာအောင် ပြုလုပ်ပါတယ်။အရပ်သုံး၊ တပ်မတော်သုံးကိုလဲသိသာနိုင်အောင် အရောင်ဆိုးပေးခြင်း ဖြစ်ပါတယ်။ ဓာတ်ဆီကိုအရောင်ဆိုးထားခြင်းဖြင့် ဓာတ်ဆီထဲမှာ ဥပါဒ်အန္တရာယ်ဖြစ်နိုင်တဲ့ ခဲဆေးများပါတာကို သတိပြုကြစေဖို့အတွက်လဲ ဖြစ်ပါတယ်။သိပ်သည်းဆကတော့ ဓာတ်ဆီပမာဏ များများရောင်းဝယ်ကြတဲ့အခါ ဓာတ်ဆီတန်ချိန်ကို တွက်ချက်နိုင်အောင်နဲ့ ဓာတ်ဆီဟုတ်မဟုတ် အကြမ်းဖျင်း ခန့်မှန်းနိုင်အောင် ဖြစ်ပါတယ်။ အငွေ့ပျံနှုန်းနဲ့ အပူချိန်ကို သိရှိခြင်းအားဖြင့် ဆီစားများမများ၊ အင်ဂျင်စက် နှိုးရလွယ်မလွယ် သိရှိနိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့ စမ်းသပ်ချက်တွေဟာလဲ စောစောက ဖော်ပြထားတဲ့ ဂုဏ်သတ္တိတွေနဲ့ညီညွတ်ခြင်းရှိမရှိ သိနိုင်မှာ ဖြစ်ပါတယ်။


ဓာတ်ဆီ အသုံးပြုသူများအနေနဲ့ ဓာတ်ဆီရဲ့အရည်အသွေး စံပြုချက်တွေကို စမ်းသပ်ပေးတဲ့ဓာတ်ခွဲလုပ်ငန်း အသေးစိတ်ကိုသိရှိဖို့ဟာ အဓိကမဟုတ်ပါဘူး။ဓာတ်ဆီရဲ့ အရည်အသွေး၊ ဂုဏ်သတ္တိများကိုတော့ မိမိနိုင်ငံအတွင်းနဲ့ နိုင်ငံတကာက လက်ခံအသိအမှတ်ပြုထားတဲ့ ဓာတ်ဆီစံညွှန်းနဲ့ ညီမညီဆိုတာ စံချိန်ဝင်တိုင်းထွာရေးကိရိယာတွေ အသုံးပြုပြီး သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စစ်ဆေးမှု နည်းစဉ်တွေနဲ့ စစ်ဆေးပါတယ်။ စမ်းသပ်တွေ့ရှိချက်များကိုတော့ ရေနံချက်စက်ရုံအရည်အသွေးထိန်းချုပ်ဌာနနဲ့သုတေသနဌာနတွေက တရားဝင် ထုတ်ပြန်ပေးကြပါတယ်။ကမ္ဘာ့ရေနံနဲ့ ပတ်သက်ပြီး နိုင်ငံအများရဲ့ အသိအမှတ်ပြု စံချိန်စံညွှန်း အဖွဲ့ကြီးတွေကတော့ ASTM (American Societyfor Testing and Materials)၊API (American PetroleumInstitute)၊ ISO (InternationalStandard Organization)၊IP (Institute of Petroleum)တို့ ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံချင်းအလိုက်မှာလဲ ရေနံနဲ့ ရေနံထွက်ပစ္စည်းများအတွက်လစံသတ်မှတ်ထားတာ ရှိကြပေမဲ့လအားလုံးလိုလိုဟာ အဲဒီအဖွဲ့ကြီးတွေရဲ့ စံသတ်မှတ်ချက်ဘောင်အတွင်း အကျုံးဝင်နိုင်အောင် စံပြုကြတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရေနံချက်စက်ရုံများက ချက်လုပ်ပေးနေတဲ့ ဓာတ်ဆီနဲ့တကွ အခြားသော ရေနံထွက်ပစ္စည်းတွေဟာလဲ နိုင်ငံတော်အစိုးရရဲ့ စံသတ်မှတ်ချက်မူဘောင်နဲ့အညီ ရှိနေပြီး ကမ္ဘာ့စံချိန်စံညွှန်းတွေနဲ့လဲ နီးစပ်စွာ ကိုက်ညီမှုရှိတာ သိရှိရသည်။[၁]

ဆက်စပ် ကြည့်ရှုဖွယ်

ကိုးကား

  • မှီငြမ်း -၁၉၉၄-၁၉၉၆ ထိုင်းရေနံ ဓာတုဗေဒ စက်ရုံတည်ဆောက်စဉ် တီပီအိုင်နှင့် ရှယ်ဗာရွန် ကုမ္ပဏီ ဆွေးနွေးချက်များ ဖွဲ့စည်းပုံမှာ ဖြစ်သည်။
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ