ကိုယ်ဝန်ဖျက်ချခြင်း

ကိုယ်ဝန်ဖျက်ခြင်းဆိုသည်မှာ သားလောင်း သို့မဟုတ် သန္ဓေသားအား သားအိမ်ပြင်ပ၌ မရှင်သန်မီ ဖယ်ရှားပစ်ခြင်း ဖြစ်သည်။ ပရောဂမပါသော ကိုယ်ဝန်ပျက်ကြခြင်းကို သားပျက်သားလျောခြင်းဟု အသိများသည်။ တမင်ရည်ရွယ် ဖျက်ချခြင်းကို ဆေးပေးဖျက်ချခြင်း သို့တည်းမဟုတ် တမင်ပျက်ကျစေခြင်း ဟု သုံးစွဲသည်။ ကိုယ်ဝန်ဖျက်ချခြင်း စကားလုံးသက်သက်ကို ကိုယ်ဝန်ပျက်စေခြင်းအတွက် ရည်ညွှန်းသုံးစွဲသည်။[၁][၂] သန္ဓေသားက သားအိမ်ပြင်ပ၌ ရှင်သန်နိုင်သည့် အလားအလာရှိပြီးမှ ဖျက်ချသည့် အလားတူလုပ်ရပ်ကို ကိုယ်ဝန်နောက်ဆုံးပတ်မှ ဖျက်ချခြင်း သို့မဟုတ် "ကိုယ်ဝန်ရင့်မှ ဖျက်ချခြင်း" ဟု ခေါ်ဆိုသည်။[၃]

သင့်လျော်မှန်ကန်စွာဆောင်ရွက်ပါက ကိုယ်ဝန်ဖျက်ချခြင်းသည် ဆေးပညာ၏ အန္တရာယ်အကင်းဆုံး လုပ်ငန်းစဉ်များ အနက် တစ်ခုဖြစ်သော်လည်း[၄][၅] အန္တရာယ်မကင်းသော ကိုယ်ဝန်ဖျက်ချခြင်းသည် အထူးသဖြင့် ဖွံ့ဖြိုးဆဲ ကမ္ဘာရှိ မိခင်သေဆုံးမှု၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်စေသည်။[၆] အန္တရာယ်ကင်းသည့် ကိုယ်ဝန်ဖျက်ချခြင်းကို တရားဥပဒေနှင့် ညီစေပြီး လက်လှမ်းမီစေပါက မိခင်သေဆုံးမှုကို လျော့ကျစေမည်။[၇][၈] အမေရိကန်ပြည်ထောင်စု၌ အသက်အန္တရာယ် အလားအလာ ၁၄ ဆ ပိုမြင့်သော မီးဖွားခြင်းထက် အန္တရာယ်ကင်းသည်။[၉] ခေတ်ပေါ်နည်းလမ်းများက ဆေးပေးခြင်း သို့မဟုတ် ခွဲစိတ်ခြင်းဖြင့် ကိုယ်ဝန်ဖျက်ပေးသည်။[၁၀] ကိုယ်ဝန် ပထမ နှင့် ဒုတိယပတ်အတွက် မစ်ဖ်ပရစ်စတုန်း နှင့် ပရိုစတက်ဂလန်ဒင်း ဆေးအတွဲသည် ခွဲစိတ်မှုကဲ့သို့ ထိရောက်ပြီး အန္တရာယ်ကင်းသည်။[၁၀][၁၁] အသုံးများသော ခွဲစိတ်မှုနည်းပညာတွင် သားအိမ်အဝချဲ့ပြီး စုပ်ထုတ်စက်ကို အသုံးပြုသည်။[၁၂] တားဆေး သို့မဟုတ် သားအိမ်တွင်းထည့် ပစ္စည်းကဲ့သို့ ကိုယ်ဝန်တားနည်းများကို ဖျက်ချပြီးသည်နှင့် ချက်ချင်းအသုံးပြုနိုင်သည်။[၁၁] ဆန္ဒရှိသော အမျိုးသမီးများ အတွက် တရားဝင် အန္တရာယ်ကင်းသော ဆေးပေးဖျက်ချပါက ကာလကြာရှည် စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ဘေးဖြစ်စေမှု မတိုးစေပါ။[၁၃] ဆန့်ကျင်ဘက်အားဖြင့် အန္တရာယ်မကင်းသော ကိုယ်ဝန်ဖျက်ချခြင်း (မတတ်ကျွမ်းသူများ ၊ ဘေးဖြစ်စေမည့် အသုံးအဆောင်များ သို့မဟုတ် မသန့်ရှင်းသော နေရာများ) ကြောင့် နှစ်စဉ်သေဆုံးမှု ၄၇၀၀၀ နှင့် ဆေးရုံတက် ကုသရမှုပေါင်း ၅ သန်း ခန့်ရှိသည်။[၁၃][၁၄] အန္တရာယ်ကင်းပြီး တရားဥပဒေနှင့်ညီသည့် ကိုယ်ဝန်ဖျက်ချခြင်းကို အမျိုးသမီးတိုင်း လက်လှမ်းမီစေရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားသည်။[၁၅]

ကမ္ဘာတဝှမ်း၌ တစ်နှစ်လျှင် ကိုယ်ဝန်ဖျက်ချမှု ၅၆ သန်းခန့်ရှိပြီး[၁၆] ၄၅ ရာခိုင်နှုန်းမှာ အန္တရာယ်မကင်းပေ။[၁၇] ၂၀၀၃  နှင့် ၂၀၀၈ ခုနှစ်အကြား ကိုယ်ဝန်ဖျက်ချမှုနှုန်း အပြောင်းအလဲ မဖြစ်စလောက်သာရှိသော်လည်း[၁၈] ယင်းမတိုင်ခင် ဆယ်စုနှစ် ၂ ခုအတွင်းက မိသားစုစီမံကိန်း နှင့် သားဆက်ခြားနည်း လက်လှမ်းမီမှု မြင့်တက်ခြင်းကြောင့် လျော့ကျခဲ့သည်။[၁၉] ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့အမျိုးသမီးဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် အကြောင်းပြချက်ပေးရခြင်းကဲ့သို့ ကန့်သတ်ချက်များမရှိဘဲ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရသည်။[၂၀] ကိုယ်ဝန်ဖျက်ချခွင့်ပြုသော နိုင်ငံများတွင် ကိုယ်ဝန်သက်မည်မျှထိ ဖျက်ချခွင့်မှာ ကွဲပြားသည်။[၂၀]

သမိုင်းတလျောက် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယဆေးပင်များ၊ ချွန်ထက်သောကိရိယာများ၊ အားသုံးနှိပ်နယ်ခြင်း နှင့် အခြားရိုးရာနည်းများဖြင့် ဆောင်ရွက်ခဲ့ကြသည်။[၂၁] ကိုယ်ဝန်ဖျက်ခွင့်ဥပဒေများ နှင့် ကိုယ်ဝန်ဖျက်ခြင်းအပေါ် ရိုးရာ သို့မဟုတ် ဘာသာရေးအမြင်များမှာ ကမ္ဘာ့နေရာအနှံ့အပြားတွင် ကွဲပြားသည်။ အချို့နေရာများတွင် အဓမ္မပြုကျင့် ခံရခြင်း၊ သန္ဓေသားပြဿနာ၊ ဆင်းရဲမွဲတေမှု၊ အမျိုးသမီးကျန်းမာရေးအန္တရာယ် သို့မဟုတ်  သွေးသားရင်း လိင်ဆက်ဆံခြင်း ကဲ့သို့သော ကိစ္စရပ်များတွင်သာ ကိုယ်ဝန်ဖျက်ချခြင်းမှာ ဥပဒေနှင့် လွတ်ကင်းသည်။[၂၂] ကိုယ်ဝန်ဖျက်ချခြင်းနှင့်စပ်လျဉ်း၍ စိတ်ဓာတ်၊ ကိုယ်ကျင့်တရား နှင့် ဥပဒေဆိုင်ရာ ပြဿနာများအပေါ် ဆွေးနွေးငြင်းခုံမှုများ ရှိသည်။[၂၃][၂၄] ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်သူများက သန္ဓေသားလောင်းသည် အသက်ရှင်သန်ပိုင်ခွင့် ရှိသော လူသားဖြစ်သည်ဟု ငြင်းခုံပြီး ကိုယ်ဝန်ဖျက်ချခြင်းကို လူသတ်ခြင်းနှင့် နှိုင်းယှဉ်ပြောဆိုသည်။[၂၅][၂၆] ထောက်ခံသူများ က ကိုယ်ပိုင်ခန္ဓာနှင့်ပတ်သက်၍ အမျိုးသမီးများ၏ ဆုံးဖြတ်ပိုင်ခွင့် တစိတ်တပိုင်းအဖြစ် ရှုမြင်သည်။[၂၇] တရားဥပဒေနှင့် ညီပြီး လက်လှမ်းမီနိုင်သော ကိုယ်ဝန်ဖျက်ချခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖြစ် အခြားသူများက လိုလားသည်။[၂၈]


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ