တွင်းယုန်

ယုန်ကို သာမန်အားဖြင့်သာ သိသူ များသည်။ တစ်မျိုးနှင့် တစ်မျိုးကို ခွဲခြား၍ သိသူကား နည်းသည်။ အမှန်မှာ ယုန် (၂)မျိုးရှိရာ တစ်မျိုးမှာ ကွင်းယုန် (အင်္ဂလိပ်: Hare) ဖြစ်၍ ကျန်တစ်မျိုးမှာ တွင်းယုန် (အင်္ဂလိပ်: Rabbit) ဖြစ်သည်။ ပါဏဗေဒအလိုအရ ကွင်းယုန် နှင့် တွင်းယုန် နှစ်မျိုးစလုံးသည် လက်ပိုရီဒီး (Leporidae) မျိုးရင်းဝင်များဖြစ်ကြပြီး လက်ဂိုမော်ဖား (Lagomorpha) မျိုးစဉ်အောက်၌ ပါဝင်ကြလေသည်။[၁]

တွင်းယုန် (အင်္ဂလိပ်: Rabbit)
Temporal range: Late Eocene–Holocene, 53–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
A small brown rabbit sat on the dirt in a forest. Its ears are small and alert and the tip of its nose, part of its chest and one of its feet are white.
European rabbit (Oryctolagus cuniculus)
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်းဤအမျိုးအစားခွဲခြားခြင်းကို ပြင်ဆင်ရန်
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Mammalia
မျိုးစဉ်:Lagomorpha
မျိုးရင်း:Leporidae
ပါဝင်သည့် မျိုးစုများ
  • Pentalagus
  • Bunolagus
  • Nesolagus
  • Romerolagus
  • Brachylagus
  • Sylvilagus
  • Oryctolagus
  • Poelagus

တွင်းယုန်များတွင် သားမွှေးများ ရှိသည့်ပြင် နားရွက်ရှည်များလည်း ရှိသည်။ ကွင်းယုန်လောက် မလျင်မြန်သော်လည်း လျင်မြန်စွာကား ပြေးနိုင်လေသည်။ လူ့အတွက် ကွင်းယုန်နှင့် တွင်းယုန်များက အဝတ်နှင့် အစာကို ဖြည့်တင်းပေးကြသည်။ အိမ်၌ မွေးထားလေ့ရှိသော တွင်းယုန်များသည် လူ၏ ချစ်စနိုး တိရစ္ဆာန်များ ဖြစ်ကြလေသည်။ မြောက်အမေရိကတိုက်တွင် ကွင်းယုန်နှင့် တွင်းယုန်အတော်များများ နေထိုင်ကြလေသည်။ ဘီစီ ၅၅၁ မှ ၄၇၈ ခုနှစ်အတွင်း တရုတ်နိုင်ငံ၌ ထင်ရှားခဲ့သော ကွန်ဖြူးရှပ်ခေတ်တွင် တွင်းယုန်များကို အယူဝါဒဆိုင်ရာ ပွဲလမ်းများတွင် အသုံးပြုခဲ့ကြသည်။ ရှေးခေတ် သဘာဝပညာရှင်များက တွင်းယုန် အကြောင်းကို ရေးကြရာ၌ ကွင်းယုန်နှင့် တွင်းယုန်ကိုပါ ရောနှော၍ ရေးသားခဲ့ကြသဖြင့် ယခုအခါတွင် အချို့တွင်းယုန်များကို ကွင်းယုန်များဟု ခေါ်နေကြလေသည်။[၁]

ကွင်းယုန်နှင့် ကွဲပြားမှု

တွင်းယုန်သည် ကွင်းယုန်ထက် ကိုယ်ထည်သေးသည့်အပြင် ခြေထောက်များနှင့် နားရွက်များသည်လည်း ကွင်းယုန်လောက်မရှည်ကြချေ။ ကွင်းယုန်သည် မြေပြင်ပေါ်၌ နေထိုင်သော်လည်း တွင်းယုန်ကမူ မြေတွင် တွင်းများတူး၍ နေထိုင်လေသည်။ တွင်းယုန်သည် ကွင်းယုန်ကဲ့သို့ ပြေးရာတွင် မမြန်ချေ။ ထိုသို့ ဖြစ်ရသည်မှာ ရန်သူများဘေးမှ လွတ်ကင်းစေရန် ဝေးဝေးမပြေးရဘဲ၊ ယင်းတို့နေထိုင်ရာ တွင်းများအထိသာ ပြေးရန်လိုခြင်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ထို့ပြင် တွင်းယုန်သည် မွေးဖွားရာ၌ ကွင်းယုန်ကဲ့သို့ မဟုတ်ဘဲ မျက်စိမမြင်ဘဲနှင့် အမွှေး လုံးဝနီးပါးမရှိဘဲ မွေးဖွားသည်။[၁]

စရိုက်လက္ခဏာနှင့် နေထိုင်ပြုမူပုံများ

တွင်းယုန်စစ်စစ်များသည် တစ်ခါတစ်ရံတွင် မိမိကိုယ်တိုင်တူးထားသည့်တွင်းများအတွင်း၌ သားများကို မွေးဖွားလေ့ရှိသည်။ တစ်ခါတစ်ရံတွင်မူ ခွေးတူဝက်တူ၊ သို့မဟုတ် အခြားမြေတွင်းနေတိရစ္ဆာန်တို့၏ တွင်းများတွင် မွေးဖွားလေ့ရှိသည်။ မွေးစတွင် တွင်းယုန်ကလေးများသည် မျက်စိမှိတ်ထားကြပြီးလျှင် ယင်းတို့၌ အမွှေးများ မရှိကြချေ။ ဤအချက်တွင် ကွင်းယုန်နှင့် ခြားနားသည်။ ကွင်းယုန်သည် သားကို တွင်းထဲ၌ မမွေးချေ။ ထို့ပြင် မွေးစကွင်းယုန်ကလေးများ၏ မျက်စိများသည် ပွင့်လျက်ရှိကြသည့်ပြင် အမွှေးများလည်း ပါကြသည်။ တွင်းယုန်များသည် နေ့အချိန်တွင် အစာရှာထွက်လေ့မရှိသော်လည်း ယင်းတို့ကို မကြာခဏ နေ့အချိန်၌ တွေ့ရတတ်သည်။ ယင်းတို့သည် ညဉ့်အချိန်တွင်သာ ထွက်၍ အစာကို ရှာစားလေ့ရှိကြသည်။ တွင်းယုန်များသည် တစ်ကြိမ်လျှင် နှစ်ကောင်မှ ခြောက်ကောင်အထိ မွေးဖွားတတ်၍ တစ်နှစ်အတွင်း ကြိမ်ဖန်များစွာ မွေးဖွားတတ်သည်။[၁]

စားလေ့ရှိသော အစားအစာ

ကွင်းယုန်နှင့် တွင်းယုန်တို့သည် ဟင်းသီးဟင်းရွက်စား တိရစ္ဆာန်များ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းတို့ကို သိပ္ပံပညာရှင်များက ရွက်စားသတ္တဝါများဟု ခေါ်ကြသည်။ အထူးသဖြင့် ဂေါ်ဘီထုပ် (မုန်လာထုပ်)၊ ပြောင်းဂျုံစပါး စသည့် အသီးအနှံများနှင့် သစ်ခေါက်များကို စားကြသည်။ ယုန်တို့သည် များသောအားဖြင့် ညဉ့်ဘက်တွင် လှည့်လည်၍ အစာကို ရှာဖွေစားသောက်ကြသည်။ နံနက်အရုဏ်တက်ချိန်တွင် နေထိုင်ရာ မြက်ခင်းအတွင်းရှိ တွင်းများ၊ သို့မဟုတ် ကျောက်တုံးကြီးများ အနီးရှိ တွင်းများသို့ ပြန်လာကြသည်။ ညဉ့်အချိန် တွင်းယုန်များ အစာရှာထွက်ကြသောအခါတွင် ဟင်းသီးဟင်းရွက် ဥယျာဉ်များနှင့် လယ်ခင်းများသည် မကြာခဏ ပျက်စီးတတ်ကြသည်။[၁]

လူသားများနှင့် ပတ်သက်မှုဆိုင်ရာ

ရောဂါကူးစက်မှု

တွင်းယုန်များတွင် ရောဂါကျရောက်တတ်ပြီးလျှင် ယင်းတို့ မှတစ်ဆင့် လူများကို ကူးစက်စေတတ်သည်။ ထိုသို့ကူးစက်ရာတွင် ရက်သတ္တပတ်ပေါင်းများစွာ၊ သို့မဟုတ် လပေါင်းအတော်ကြာသည်အထိ ခံရတတ်သည်။ ထိုရောဂါ ရောက်လာလျှင် လူတစ်ရာလျှင် သုံးယောက်မှ ငါးယောက်အထိ သေတတ်သည်။[၁]

အမဲလိုက်ခြင်း

မုဆိုးများ တောလိုက်ရာတွင် တွင်းယုန်ရိုင်းများကိုလည်း လိုက်လံဖမ်းဆီးလေ့ရှိကြသည်။ ထိုအခါတွင် ခွေးများကိုအသုံးပြုကြသည်။ အမေရိကန် တိုင်းရင်းသားများသည်လည်း ရှေးအခါကပင် တွင်းယုန်များကို ဖမ်းဆီးလေ့ရှိကြသည်။ ထိုသို့ တိုင်းရင်းသားများက ဖမ်းဆီးကြရာတွင် တွင်းယုန် အမြောက်အမြားရှိသော နေရာတစ်ဝိုက်တွင် လူအမြောက်အမြားက အင်္ဂလိပ်အက္ခရာ ဗွီပုံသဏ္ဌာန်ဖြင့် ဝိုင်းထားပြီးလျှင် လူများသည် တဖြည်းဖြည်း မျက်နှာချင်းဆိုင်ဘက်သို့ ရွေ့လာကြကာ တွင်းယုန်များ၏ နေရာကိုကျဉ်းမြောင်းသွားစေပြီးလျှင် နောက်ဆုံးတွင် တုတ်ကြီးများဖြင့် ရိုက်သတ်ကြလေသည်။

အစားအစာ၊ အဝတ်အထည်နှင့် အသုံးအဆောင်အနေဖြင့် အသုံးချမှု

အမေရိကန်ပြည်ထောင်စုအတွင်း ရှိရင်းစွဲ တွင်းယုန်များ၏ အမွှေးများသည် နူးညံ့၍ သေးပြီးလျှင် အညိုရောင်လိုလိုသာ ရှိသည်။ အချို့တွင်းယုန်များ၏ အမွှေးများသည် ဆောင်းအခါ၌ ပတ်ဝန်းကျင်အရောင်နှင့် လိုက်လျောစေရန် အဖြူရောင်အဖြစ်သို့ ပြောင်းသွားတတ်သည်။ ထိုအခါတွင် ယင်းတို့ကို ပတ်ဝန်းကျင်တွင် မြင်နိုင်ခဲသည်။ တွင်းယုန်၏ အမွှေးများကို အထည်များ၏ အနားကွပ်ရာတွင်ဖြစ်စေ၊ ဦးထုပ်ပြုလုပ်ရန် သက္ကလပ်ကြမ်းအဖြစ် ပြုလုပ်ရာတွင်ဖြစ်စေ အသုံးပြုကြသည်။ အမွှေးချွတ်ပြီးသောတွင်းယုန်များကို ကော်များ ပြုလုပ်ရာတွင် အသုံးပြုကြလေသည်။[၁]

ပထမကမ္ဘာစစ် အတွင်းတွင် ယုန်သားသည် အတော်ပင် နာမည်ကျော်ကြားခဲ့လေသည်။ ထိုသို့ နာမည်ကျော်ကြားမှုကြောင့် အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်နယ်အတော်များများသို့ တွင်းယုန်မွေးမြူခြင်းသည် ပျံ့နှံ့သွားခဲ့လေသည်။ ဒုတိယကမ္ဘာစစ်အတွင်းကလည်း တွင်းယုန်သားကို အတော်ပင်လူကြိုက်များခဲ့လေသည်။ အချို့နေရာများတွင် ထိုအသားကို လိုသလောက်မပေးနိုင်အောင်ပင် ဖြစ်ခဲ့လေသည်။ တွင်းယုန်ကို လူကြိုက်များရာတွင် အကြောင်းနှစ်မျိုးရှိ၏။ ပထမအကြောင်းမှာ တွင်းယုန်အမွှေးများကို သက္ကလပ်ကြမ်း ပြုလုပ်နိုင်ခြင်းကြောင့် ဖြစ်၍၊ ဒုတိယအကြောင်းမှာ ယင်းတို့ကို အဖိုးတန်သည့် အမွှေးများနှင့်တူအောင် ဆေးဆိုးယူနိုင်ခြင်းကြောင့် ဖြစ်သည်။[၁]

မွေးမြူရေးဆိုင်ရာ

တွင်းယုန်များကို မွေးမြူရာတွင် အစာကို ဂရုစိုက်၍ ကျွေးမွေးရန် လိုအပ်ပေသည်။ ရေကောင်းရေသန့် များများနှင့် ဆားအနည်းငယ်ကိုပါ နေ့စဉ် ကျွေးသင့်သည်။ ယင်းတို့ကိုထားရာ အိမ်များကို မွေးမြူသည့် တိုင်းပြည်၏ ရာသီဥတုနှင့် ကိုက်ညီစွာ ဆောက်လုပ်ရန် လိုပေသည်။ သန့်သန့်ရှင်းရှင်းလည်း ထားရမည်။ နေ့စဉ် ယုန်များ၏ နေရာများကို ရှင်းလင်းပေးပြီးလျှင် ကောက်ရိုး၊ သို့မဟုတ် သစ်ရွက်များကို အသစ်လဲပေးသင့်သည်။ ထို့ပြင် လေကောင်းလေသန့်နှင့် နေရောင်ကိုလည်း ရရှိစေရန် ဖန်တီးပေးရမည်။ သို့မဟုတ်လျှင် တွင်းယုန်များတွင် ရောဂါကျရောက်တတ်လေသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ