ပူရဏ်ကျမ်း
ပူရဏ်ကျမ်း သို့မဟုတ် ပူရဏ (သင်္သကရိုက်: पुराण ) သည် ရှေးစာဟောင်းတို့ကို ဆိုခြင်းတည်း။ [၁] အထူးအားဖြင့် ဒဏ္ဍာရီများ၊ ထုံးဟောင်းပုံဟောင်းများကို ဖော်ပြထားသော စာမျိုးကို ခေါ်သည်။ [၂] အိန္ဒိယ၌ ပူရဏ်ကျမ်းတို့ကို သင်္သကရိုက်၊ တမီးဘာသာစကားများဖြင့် ရေးထားလေ့ရှိပြီး မြန်မာတွင်မူ သင်္သကရိုက်ဖြင့်သာ အတွေ့များ၏။ [၃][၄][၅]
အိန္ဒိယ၌ ထိုစာများတွင် ဟိန္ဒူဘုရားများဖြစ်သည့် ဗိဿနိုး၊ သီဝ၊ ဗြဟ္မဏ၊ သူရဿတီတို့အကြောင်းကို ယင်းစာများ၌ အများဆုံးတွေ့ရသည်။ [၆][၇] ပူရဏ်စာပေကို ဟိန္ဒူဘာသာအတွက်ရော ဂျိန်းဘာသာအတွက်ပါ တွေ့ရ၏။
ပူရဏ်စာပေသည် အကြောင်းစုံပေါင်းခြုံသည့်စာမျိုး ဖြစ်သည်။ စာတစောင်တွင်ပင် စကြဝဠာဖြစ်ပုံပျက်ပုံ၊ နေလနက္ခတ်တို့ တည်လာပုံ၊ နတ်များ နဂါးများမှသည် ဘုရင်တို့အကြောင်း၊ စာပေအကြောင်း၊ ဆေးပညာ၊ ဟာသ၊ အချစ်ဇာတ်လမ်းတို့ပင် ရောနေတတ်၏။ စာအုပ်လာအကြောင်းအရာသည်လည်း မငြိမ်။ ကျမ်းတစောင်ကို ကူးပြီးပါက ဖြည့်စွက်ပယ်နှုတ်သည်များ ရှိ၏။ ဟိန္ဒူ မဟာပူရဏကို ခရစ်သျှနဝိရာဇရေးသည် ဆိုသော်လည်း ကြားရာစုနှစ်များအတွင်း အခြားသူတို့ ဖြည့်ခြင်းနှုတ်ခြင်းလုပ်ခဲ့ကြောင်း ပညာရှင်အများက ယုံကြည်ကြသည်။ ထူးသည်မှာ (ဂျိန်း) ဇိနပူရဏအများစုတွင် စာရေးသူရော ရေးသည့်နှစ်ပါ ထည့်သွင်းဖော်ပြထားတတ်သည်။
မဟာပူရဏ ၁ စောင်၊ မုက္ခယပူရဏ (မဟာပူရဏ) ၁၈ စောင်၊ ဥပပူရာဏ (စူဠပူရဏ) ၁၈ စောင်ရှိပြီး စာစောင်တိုင်းသည် ပိုဒ်ရေ ၄ သိန်းကျော်ရှိသော စာများဖြစ်၏။ [၈] အစောဆုံးတွေ့ရသော ပူရဏ်ကျမ်းတို့ကို ခရစ်တော်မပေါ်မီ ၁၀ ရာစုမှ ၃ ရာစုအကြား ရေးထားသည်။ [၉] ကျမ်းကြီးကျမ်းခိုင်အဖြစ် မယူသော်လည်း မှတ်စာအဖြစ် မျိုးဆက်တိုင်း ပူရဏ်ကျမ်းလာ စာပေကို လက်ဆင့်ကမ်းတတ်၏။ [၁၀]